BLOGGER TEMPLATES AND TWITTER BACKGROUNDS

Monday, January 17, 2011

သူနဲ့ ဝေးခဲ့တုန်းက

ကျွန်မမေ့ထားနိုင်ပြီဟုထင်သော အချိန်အပိုင်းအခြားတခုပြည့်သွားပြီ။ကျွန်မရင်ထဲက ခံစားချက်တွေလည်း အနည်ထိုင်ကုန်ပြီဟု ယူဆထားမိသည်။တကယ်တမ်းတော့ ထိုသို့မဟုတ်ပေ။ကျွန်မ သူ့ကို ပြန်တွေ့လိုက်ရတဲ့ အချိန်တစ်က္ကန့်လောက်နဲ့တင်ကို ကျွန်မရင်ထဲတွင် ကြည်နူးသွားရသည်။၃နှစ်ဆိုသည့် အတိုင်းအတာဆိုတာက တကယ်တော့ ဘာမှမဟုတ်သော အကန့်အသတ်တစ်ခုပင်။အဆက်ဟောင်းဆိုသည့် စကားကို အသည်းနာနာနှင့်ပင် လက်ခံလိုက်ရသည်။

ပုံရိပ်ဆိုတာမျိုးက မှန်ရှေ့ရပ်နေချိန်တွင်သာ မြင်ရသော အရိပ်တစ်ခုပင်။ကျွန်မနှင့်သူ၏ ပတ်သတ်ဆက်နွယ်မှုသည်လည်း သက်တန့်လိုပင်။ခဏလေးနှင့် ပျောက်ပျက်သွားကြရသည်။ဘာကြောင့်လဲဆိုတာကို ကျွန်မကိုယ်တိုင်တောင် နားမလည်ခဲ့ပေ။အမှတ်တမဲ့ဆို တကယ်အမှတ်တမဲ့လေး။ကျွန်မနှင့်သူ့ကြားက နံရံလေးက ပါးလွန်းသည်ထင်သည်။ခဏလေးနဲ့ကို ပေါက်ပြဲသွားသည်။အချစ်လား.........။အစအနတောင် ရှာမတွေ့ခဲ့သော စကားဆန်းတစ်ခုလိုပင်။

'နင့်ကို ချစ်တယ်'
ကျွန်မကြားနိုင်ရုံ အသံလေး။သို့သော် တိုးပေမဲ့ ကြည်နူးခဲ့ရသော အချိန်လေးတစ်ခုပင်။(တခါတရံ ထိုအချိန်လေးကို ပြန်စိတ်ကူးကြည့်မိသေးသည်)ကျွန်မ သူ့ကို ဘယ်လောက်ချစ်လဲဆိုတာကို ကျွန်မကိုယ်တိုင်တောင် မသိနိုင်လောက်အောင်ကို ချစ်ခဲ့ဖူးပေမဲ့ အချစ်နှင့် လမ်းခွဲခြင်းက ဘာမှမသက်ဆိုင်ခဲ့ပေ။ ကျွန်မလို အတ္တကြီးသော မိန်းမတစ်ယောက်၏ အချစ်ခံရခြင်းသည် ထောင်တစ်ခုနှင့် ပိုတူပေလိမ့်မည်။ကျွန်မပေးသလောက် ကျွန်မပြန်ရချင်တတ်သောစိတ်..........။အရာအားလုံးလွန်ကုန်ပြီ။ဘ၀ဆိုတာ ခွေတွေလို နောက်ပြန်ရစ်လို့မရသလို ရှေ့ကြိုကြည့်လို့ မရနိုင်ခဲ့ပေ။နောက်ဆုံးတော့လည်း။

အချစ်ဆိုတာ ကျွန်မဘ၀အတွက် နောက်ဆုံးတွင် ရှိသည်ဟု ထင်ထားခဲ့သည်မှာ အလွန်လွဲမှားခြင်းတစ်ခုပင်။တကယ်တော့ အချစ်ဆိုတာ ချစ်တတ်သော နှလုံးသားတစ်ခုရှိသူတိုင်းရဲ့ ရင်ထဲမှာ(ထိပ်ဆုံးမှာ)ကိန်းအောင်းနေတတ်သော အရာတစ်ခုပင်ဖြစ်သည်။သူ့ကို မေ့နိုင်ဖို့ တကယ်တမ်း မာနနှင့်ကြိုးစားကြည့်သော်လည်း မအောင်မြင်ခဲ့ပေ။သူမရှိသောဘ၀တွင် အသားကျအောင်ကျွန်မ မနည်းကြိုးစားခဲ့ဖူးသည်။သူ့အကြောင်းစဉ်းစားမိလိုက်တိုင်း ကျွန်မခေါင်းထဲက ဆေးစာတွေ ထွက်ပြေးကုန်သည်။ကျွန်မ ကမ္ဘာကိုလည်း မေ့လျော့ကုန်သည်။ကျွန်မ ငိုခဲ့လား။အဲတာလည်း မသေချာပြန်ပါ။

ခံနိုင်ရည်ဆိုသည်ကို ဘယ်အရာနှင့်တိုင်းလဲကို ကျွန်မ မသိချင်ပါ။ကျွန်မဘာသာ ကျွန်မ ခံနိုင်ရည်ရှိသည်ဟု ခံယူထားသည်။သူ့ကို နောင်တချိန်ပြန်တွေ့လျှင် ဘယ်အခြေအနေနှင့်ပဲ တွေ့ရတွေ့ရ ကျွန်မ တုန်လှုပ်ခြင်းမရှိ တမ်းတခြင်းမရှိ နှုတ်ဆက်ပြုံးပြနိုင်ပေလိမ့်မည်။ သူ့ကို ကျွန်မမချစ်တော့ဘူးဟု ခံယူချင်မိသည်။တကယ်ကော ဖြစ်လာ မလာကို ကျွန်မ ကိုယ်တွေ့ကြုံမှ သိရပေမည်။

သူဝင်လာတည်းက ကျွန်မ မြင်ပါသည်။သူနှင့် ကျွန်မတို့ မမကြီး(ဆေးရုံအုပ်ကြီး)မွေးနေ့ပွဲနှင့် မည်သို့သက်ဆိုင်သည်ကိုတော့မသိပေ။သူ့ကို မြင်လိုက်ရရုံနှင့် ဟိုအရင်တုန်းကလို ရင်ထဲနွေးထွေးဆဲ။ဘုရားရေ ကျွန်မရင်ခုန်သံတွေ အဆုံးမသတ်သေးပါလား။သူ ကျွန်မကို မမြင်သေးပေမဲ့ အချိန်အနည်းငယ်အတွင်း ကျွန်မ ရောက်နေမှန်း သိပေလိမ့်မည်။ကျွန်မ တွေးနေသည့် အချိန်ပိုင်းအတွင်း သူ ကျွန်မရောက်နေမှန်းသိသွားလေပြီ။ကျွန်မဆီကို သူ လှမ်းလာနေပြီ။ဟိုအရင်တုန်းက ချစ်သူဘ၀မျိုးဆိုရင်တော့ ကျွန်မ ပျော်ရွှင်ကောင်း ပျော်ရွှင်လိမ့်မည်။အခုတော့ သူစိမ်းမဟုတ်သော သူစိမ်းတစ်ယောက်။

' အဆင်ပြေတယ် မလား '
သူ့အသံတွင် ဟိုအရင်တုန်းကလိုတော့ ကြည်နူးမှု မပါတော့ပေ။ကြာလည်း ကြာခဲ့ပြီလေ။ကျွန်မ မျက်နှာတွင် အလွန်ပီပြင်သော အပြုံးတစ်ခု တပ်ဆင်ကာ
' ပြေပါတယ်။'
ဟုတ်ပါသည်။ကျွန်မ ဘယ်လောက်ပဲ လွမ်းလွမ်း သူ့ရှေ့တွင် ကောင်းကောင်းဟန်ဆောင်နိုင်ရမည်။ကျွန်မအတွက် သူလား........မရှိမဖြစ်မဟုတ်တော့အောင်တော့ ကျွန်မ ၃ နှစ်အတွင်း ကြိုးစားနိုင်ခဲ့ပြီ။ဒီ အပြုံးတုတွေ ကျွန်မ တသက်လုံး ပြုံးပြနိုင်အောင် ကျွန်မထပ်ကြိုးစားရပေဦးမည်။

ပန်းရင့်ရောင်

စာ ပြန်စရေးပေမဲ့ ဘယ်လို ရေးရမယ် မသိသေးလို့ ကမောက်ကမ အရေးအသားနဲ့ပဲ စနှုတ်ဆက်လိုက်ပါတယ်။ဖတ်ကောင်းမှာ မဟုတ်တဲ့ အတွက် တောင်းပန်ပါတယ်။ကျေးဇူးလည်း တင်ပါတယ်ရှင်။

လေးစားလျက်
ပန်းရင့်ရောင်

စိတ်ဝင်စားသေးရင်...

Thursday, December 23, 2010

စာပြန်ရေးတော့မည်

နေမကောင်းတာရော ပျင်းတာရော အလုပ်များတာရော.........အကြောင်းပြချက်ပေါင်းများစွာနဲ့ ကျွန်မ ဘလော့လောကကို ခေတ္တစွန့်ခွာဖူးပါတယ်။ဘလော့ဂါကို ၀င်မရတော့တဲ့နောက်ပိုင်း ကျွန်မ ဘလော့မရေးတော့ဘူးလို့တော့ စဉ်းစားမိပါသေးတယ်။ အခုတော့ ကျွန်မ အနားယူလို့လည်း ၀ပြီဆိုတော့ ပြန်ရေးဖို့ ဆုံးဖြတ်ထားပါတယ်။ဘလော့ဂါကို ၀င်လို့ရမဲ့ နည်းလမ်းကောင်းများ software များရှိရင်လည်း ပြောပြ အကြံပေးစေလိုပါတယ်။setting နည်းနည်းပြောင်းလိုက်လို့ လင့်ချိတ်ထားတာတွေ ပျောက်ကုန်လို့ လင့်များကို ကျွန်မရဲ့ မေးလ် blog.pinkgirl@gmail.com ကို ပို့ပေးကြဖို့ တောင်းဆိုချင်ပါတယ်ရှင်။နောက်လလောက်ကျရင် လင့်တွေပြန်ချိတ်ပြီး စာပြန်ရေးတော့မှာ ဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။

အားလုံးကို လေးစားလျက်
ပန်းရင့်ရောင်

စိတ်ဝင်စားသေးရင်...

Sunday, September 26, 2010

ရင်ထဲက ပုံရိပ်

အစ

သူ့မြင်ကွင်းထဲကို  country style နှင့် ပုံရိပ်လေး ၀င်လာသည်။ လပြည့်နေ့မို့ ဘုရားတွင် လူရှုပ်နေသောကြောင့် ဘယ်သူဆိုတာ သေချာမမှတ်မိပေ။ သို့သော် ထိုပုံရိပ်လေးကိုတော့ မှတ်မှတ်ထင်ထင် သတိရနေတာကိုတော့ သူ မငြင်းနိုင်ပေ။ တိုက်တိုက်ဆိုင်ဆိုင် သူ့အကောင့်ထဲကို countrystylegirl ဆိုသော အကောင့်တစ်ခုက ရောက်လာသည်။ ဘုရားပေါ်မှာ ဖြတ်ခနဲမြင်ခဲ့ရသော ပုံရိပ်လေးကို သတိရကာ လက်ခံလိုက်သည်။ ဘာပဲပြောပြော သူရင်ခုန်နေတာကတော့ အမှန်ပင်။

ကျွန်မကို သူငယ်ချင်းကအကောင့်တစ်ခုပေးတာကို အက်လိုက်ပေမဲ့ အမှုမဲ့ အမှတ်မဲ့ထားလိုက်သည်။တစ်နေ့ ကျွန်မ အွန်လိုင်းတက်ကာ သီချင်းလိုက်ရှာနေတုန်း ကျွန်မ အလုပ်များနေသည်ဟု ရေးထားသည့်ကြားမှ လာဟိုင်းသော အကောင့်တစ်ခုကြောင့် နည်းနည်းတော့ စိတ်တိုသွားသည်။ သို့သော် ကျွန်မအက်ထားသောအကောင့်မို့လို့ သည်းခံလိုက်သည်။ စကားနည်းနည်းပြောကြည့်ရင်းနဲ့ တဖြည်းဖြည်းသိလာရတာက တဆိုင်တည်း ထိုင်မိနေပြီဆိုတာကိုပင်။ ကျွန်မနည်းနည်းလည်းလန့်သွားသည်။ သူက ကျွန်မကို ၀င်လာထဲက သိတယ် ဟု ပြောသေးသည်။ ကျွန်မကလည်း ၀တ်နေကျ country shirt ပဲဝတ်ထားသည်။ လိုင်းပေါ်ကနေတဆင့် သူနဲ့ အပြင်မှာခင်မင်ခဲ့ရသည်။

သူမက သူ့ကို ရိုးရိုးသားသားခင်သော်လည်း သူကတော့ သူမအကြောင်း အပြင်မှာစုံစမ်းရတာလည်း အမောပင်။ သူမတွင် ချစ်သူမရှိဘူးဟုသိရမှ သက်ပြင်းချနိုင်တော့သည်။ သူမနှင့် တစ်ခါဆုံတွေ့ရတိုင်း သူပျော်နေတတ်သည်ကို သူမက သိမြင်မဟုတ်ပေ ။စကားနည်းသော သူမကို ရယ်မောအောင် စရတာကိုလည်း သူနှစ်သက်ပါသည်။ သူမ၀တ်နေကျ country style ကိုလည်း သူ သဘောကျပါသည်။ဘုရားပေါ်တွင် တွေ့ခဲ့ရသော ပုံရိပ်လေးကို သူမဟုပဲ တထစ်ချယုံကြည်မိသည်။ သူမနဲ့ပတ်သတ်ပြီး သူ့အတွက် ဘယ်အရာမဆို အမှတ်တရလိုဖြစ်နေခဲ့သည်။ သို့သော် သူမကို ဖွင့်ပြောဖို့က သူငယ်ချင်း ဆိုတာကို မြတ်နိုးတဲ့သူမကို သူ မပြောရဲပေ။

ကျွန်မ သူ့ကို ခင်ပါသည်။ သူငယ်ချင်းဆိုတာကို ကျွန်မတန်ဖိုးထားသလို သူလည်း တန်ဖိုးထား သည့်အတွက် ကျွန်မ ပျော်ခဲ့ပါသည်။ ကျွန်မအကြောင်းကို သူ့ကို သိပ်မပြောပြဖြစ်ပေမဲ့ သူ့တွင် နားလည်မှုရှိသည်ဟု ယူဆမိပါသည်။ ဘယ်အရာမဆို ကိုယ်ဖြစ်တဲ့အတိုင်း ဖြစ်ခွင့်မရှိတာကိုတော့ သူရောကျွန်မရော တပြိုင်နက်တည်း သိခွင့်ရလိုက်သလို နှစ်ယောက်လုံးနာကျင်ခဲ့ရပါသည်။ ထိုနေ့က ကျွန်မနှင့် ကျွန်မချစ်သူမောင် လမ်းခွဲခဲ့သောနေ့တွင် သူက ကျွန်မကို ရည်းစားစကားပြောသောအခါ အရာအားလုံးက ပြောင်းလဲကုန်သည်။

မောင်နဲ့ ကျွန်မနဲ့ ချစ်သူတွေဆိုတာကို တော်တော်များများမသိကြပါ။ သူလည်း မသိပါ။ ပြောရမယ်ဆိုလျှင် မောင့်ကို ကျွန်မက အရင်စကြိုက်ခဲ့ပြီး ခဏလေးဖြစ်ဖြစ် ပိုင်ဆိုင်ရရင်တောင် ကျေနပ်သည်အထိ ကျွန်မ ချစ်ခဲ့သည်။ ကျွန်မနားက မောင်ထွက်ခွါသွားမည်ကို သိလျက်နှင့် ကျွန်မမောင့်ကို နားလည်ပေးနိုင်ခဲ့သည်။ကျွန်မ နားလည်မပေးနိုင်တာက သူငယ်ချင်းသံယောဇဉ်ကိုဖြစ်သည်။ သူ့ကို ငြင်းရုံမှလွဲလို့ ကျွန်မဘာမှ မတတ်နိုင်ပေ။

သူက ကျွန်မကို ချစ်သည်။ ကျွန်မက မောင့်ကို ချစ်သည်။ မောင်က တခြားတစ်ယောက်ကို မြတ်နိုးသည်။ထိုပုစ္ဆာကို ဘယ်သူမှ မရှင်းနိုင်ပေ။ ကျွန်မ သူ့ကို ကိုယ်ချင်းစာပေမဲ့ ကျွန်မလည်း ဘာမှ မတတ်နိုင်ပေ။ကျွန်မလည်း သူ့ကို ပြန်မချစ်နိုင်ပေ။ ကျွန်မနာကျင်နေရသလို သူလည်း နာကျင်နေမည်ကို နားလည်သည်။ နောက်ဆုံးတော့လည်း သူငယ်ချင်းကိုရော ချစ်တဲ့သူကိုပါ သူရောကျွန်မပါ တချိန်တည်းဆုံးရှုံးခဲ့ရသည်။ မတူညီသော ခံစားချက် ဖြစ်ကောင်းဖြစ်မည်။ ဆင်ဆင်လေးတော့ တူနေပြီ။ ဘယ်အရာမဆို ကိုယ်ဖြစ်ချင်တဲ့အတိုင်း မဖြစ်နိုင်တာက သဘာဝပင်။

နာရီတွေက ထွက်ပြေးကုန်တာနဲ့ အမျှ ကျွန်မ မောင့်ကို သတိရနေဆဲပါ။ မောင့်ကို သတိရသလို သူ့ကိုလည်း သတိရပါသည်။ သူသည် ကျွန်မကို အလွန်ကောင်းသော သူငယ်ချင်းတစ်ယောက် ဖြစ်ပါသည်။ကျွန်မရင်ထဲတွင် ပုံရိပ်လေးနှစ်ခု အမြဲရှိနေပါသည်။ တစ်ခုက မောင်ဖြစ်ပြီး တစ်ခုက သူငယ်ချင်းဖြစ်သော သူ ဖြစ်ပါသည်။
အဆုံး

သူ့ဘ၀တွင် သူမကို မသေချာသော ခံစားချက်ဖြင့် ဖွင့်ပြောဖူးသည်။ ထိုအရာက အမှားကြီး မှားစေခဲ့သည်။အဘယ်ကြောင့်ဆိုသော် သူမသည် ခရစ်ယာန်ဘာသာဝင်တစ်ယောက်မှန်း သူနောက်ကျစွာ သိခွင့်ရလိုက်သည်။ သူမနှင့် နောက်တစ်ကြိမ်ပြန်ဆုံလျှင် သူမကို တောင်းပန်ချင်သေးပါသည်။ သူ ဘုရားပေါ်တွင် ဖြတ်ခနဲ တွေ့ရသော ပုံရိပ်လေးကို သူအမှန်တကယ်ရှာတွေ့ခဲ့ပါသည်။ ထိုပုံရိပ်လေးက သူ့အနားမှာ ရှိနေပြီကို သူမ သိလျှင်လည်း ၀မ်းသာပါလိမ့်မည်။



ပန်းရင့်ရောင်

(နေမကောင်းတာနဲ့ စာကောင်းကောင်းမရေးဖြစ်တာကိုလည်း တောင်းပန်ပါတယ်။အခုစာကလည်း ဖတ်မကောင်းရင်လည်း တောင်းပန်ပါတယ်။ ရေးစရာမရှိတာနဲ့ အခုတလော ၀တ်ဖြစ်နေတဲ့ country style လေးကိုပဲ ဇာတ်အိမ်ဖွဲ့ကြည့်လိုက်တာပါ။ ကျေးဇူးတင်ပါတယ်ရှင်။)

စိတ်ဝင်စားသေးရင်...

Tuesday, August 31, 2010

လက်တွဲဖော်

ကျွန်မ အချိန်တော်တော်ကြာအောင် မဆွေးနွေးမိတဲ့အကြောင်းက “အချစ်နဲ့အိမ်ထောင်ရေး” ဖြစ်မယ်ထင်တယ်။ ကျွန်မဘ၀တွင် အချစ်ကိုဆုံးရှုံးပြီးချိန်နဲ့ သစ္စာတရား ဖောက်ဖျက်မှုသည် ရှေ့ဆင့်နောက်ဆင့် ဖြစ်ပေါ်လာတယ်။ ဘ၀မှာ မရေရာတာတွေ အများကြီးပါပဲလေ။ ကျွန်မချစ်တဲ့လူတစ်ယောက်ကို “ချစ်တယ်”ဆိုတာလေးတောင် ပြောခွင့်မရပဲနဲ့ ဆုံးရှုံးခဲ့ဖူးတယ်။ သစ္စာတရား...။ ဟိုးအရင်က ကတိပြုခဲ့တဲ့အရာတွေကိုလည်း မိဘတွေသဘောတူထားတဲ့သူက ဖောက်ဖျက်ပစ်လိုက်တယ်။ ကျွန်မသိလိုက်ရတဲ့အချိန်က စေ့စပ်ကြောင်းလမ်းခြင်းကို ဖျက်သိမ်းခြင်းဆိုတဲ့ သတင်းစာထဲက စာပိုဒ်သေးသေးလေး။ နောက်ဆုံးတော့ ကျွန်မဘ၀မှာ ဘာများထပ်ဆုံးရှုံးစရာများ ကျန်ခဲ့သေးလဲ။

အတိတ်
ကျွန်မတို့ သိတဲ့သူငယ်ချင်းဆိုတဲ့ဝေါဟာရကနေ လက်တွဲဖော်ဆိုတဲ့ အလွန်ဝေးကွာတဲ့ ဝေါဟာရကို ပြောင်းသွားလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးလေ။နိုင်ဇော်ရော ကျွန်မရော တွေးမိမှာလည်း မဟုတ်ခဲ့ဘူး။ ကျွန်မတို့သိခဲ့ကြတာ ကျွန်မတို့သံယောဇဉ်က ဖြူစင်တယ်ဆိုတာပဲလေ။ နိုင်ဇော်အတွက် ကျွန်မဟာ တိုင်ပင်ဖော် တိုင်ပင်ဖက်ဖြစ်သလို ကျွန်မအတွက်လည်း အဲလိုပါပဲ။ ဒါပေမဲ့ ကျွန်မ Final part two (နောက်ဆုံးနှစ် အပိုင်း ခ ) ရောက်တော့မှ ကျွန်မနဲ့ နိုင်ဇော်ကို နှစ်ဘက်က မိဘတွေက လက်တွဲဖော်အဖြစ် ရွေးချယ်လိုက်တယ်။ နှစ်ယောက်စလုံး မိဘဆန္ဒကို မလွန်ဆဲပဲ ခေါင်းညိမ့်ခဲ့တယ်။ သတင်းစာထဲမှာ စေ့စပ်ကြောင်းလမ်းခြင်း ဆိုတဲ့စာပိုဒ်ကို ဖြတ်ပြီးတောင် ကျွန်မတို့ နှစ်ယောက်ရယ်မောခဲ့တယ်။ ကျွန်မတို့ဟာ ဖြူစင်ကြတယ်ဆိုပေမဲ့ လက်တွဲဖော်နဲ့ သူငယ်ချင်းက သိပ်မကွာဘူးလို့ပဲ တွေးမိကြတယ်။ တကယ်တမ်းတော့ ကိုယ်ချစ်တဲ့သူနဲ့ သူငယ်ချင်းဆိုတာဟာ မတူညီမှုနှစ်ခုပါပဲ။ အဲ့အချိန်တုန်းကတော့ တစ်ယောက်ကိုတစ်ယောက် သစ္စာမဖောက်ကြေးဆိုပြီး ကလေးဆန်ဆန် ကတိတွေပြုတုန်း..........။


တစ်ခါတရံ အချစ်ဆိုတာဟာ ပဉ္စလက်ဆန်စွာ ၀င်ရောက်တတ်တယ်လေ။ ကျွန်မ သူ့နဲ့စတွေ့တဲ့အချိန်က ကျွန်မ ဘွဲ့ရပြီးလို့ မန်းလေးကို အလည်သွားတဲ့အချိန်။ သူက မန်းလေးဆင်း၊ကျွန်မက မကွေးဆင်း။ same batch ဆိုပေမဲ့ ကျောင်းမတူတော့ မသိကြဘူး။ မန်းလေးကို ကျွန်မ ကျောင်းတုန်းက သူငယ်ချင်းတွေနဲ့ အလည်သွားတဲ့အချိန်မှာ သူနဲ့ စတွေ့ခဲ့တယ်။ ကိုယ့်အသိုင်းအ၀ိုင်းထဲကပဲဆိုတော့ ကျွန်မတို့နဲ့ သူနဲ့က ရင်းနှီးတာ မြန်ပါတယ်။ စကားပြောကောင်းတဲ့ သူ့ကို ကျွန်မသဘောကျပါတယ်။ ကျွန်မရင်ထဲမှာ သူနဲ့ ပတ်သတ်ပြီး တစ်မျိုးလေးခံစားရတိုင်း ကျွန်မ နိုင်ဇော်ကို အားနာနေမိတယ်။ ကျွန်မတို့ရဲ့ ဟိုအရင်က ဘာမှ မဟုတ်သလို ရယ်မောခဲ့ဖူးတဲ့ ကတိလေးတစ်ခုက ကျွန်မကို လေးလံစေခဲ့တယ်။ သူနဲ့ပတ်သတ်တဲ့ ခံစားမှုတွေကို ကျွန်မ တိတ်တဆိတ် ထိန်းသိမ်းထားချိန်မှာ သူနဲ့ ဆက်ပြီး ပတ်သတ်နိုင်စေတဲ့ အကြောင်းအရာတစ်ခုက ထပ်ပေါ်လာပြန်တယ်။ ကျွန်မရဲ့ ပထမဦးဆုံး တာဝန်ထမ်းဆောင်ရမဲ့ မြို့က မကွေးမြို့။ သူက မန်းလေး။ဒီတော့ ကျွန်မတို့နှစ်ယောက်က ပိုနီးလာပြီး နိုင်ဇော်နဲ့က ဝေးသွားသလိုပဲ။


ကျွန်မကိုယ်ကျွန်မ အမြဲတမ်း မလုံမလဲဖြစ်နေရတဲ့ ခံစားမှုကို ကျွန်မမုန်းပါတယ်။ သူနဲ့ ကျွန်မကြားမှာ စည်းတစ်ခုခြားနေမှန်း သိနေတော့ သူရော ကျွန်မပါ ရှေ့ဆက်မတိုးမိကြဘူး။ ကျွန်မဟာ ကျွန်မရဲ့အချစ်ထက် ကတိသစ္စာတရားကို ပိုပြီး အလေးထားမိတယ်။ နိုင်ဇော်ရော ကျွန်မအပေါ်ဘယ်လိုရှိမလဲ ကျွန်မ မတွေးမိဘူး။ နိုင်ဇော်လည်း ကျွန်မလိုပဲ တန်ဖိုးထားမယ်လို့ပဲ တွေးခဲ့ဖူးတယ်။ ကျွန်မ တာဝန်ကျတဲ့ နှစ်မှာ နိုင်ဇော်နဲ့ ဖုန်းအဆက်အသွယ်ပဲ ရှိခဲ့တယ်။ နိုင်ဇော်မှာ သူသိပ်ချစ်ရတဲ့ ချစ်သူတစ်ယောက်ရနေမှန်းလည်း ကျွန်မမသိခဲ့ဘူး။ သူကတော့ ကျွန်မဆီ သူငယ်ချင်းတစ်ယောက်လို ဖုန်းဆက်သွယ်တာ မကွေးရောက်ဖြစ်ရင် လာတွေ့တာကလွဲလို့ ဘာမှမထူးခြားခဲ့ဘူး။ သူရဲ့မထူးခြားမှုကို ကျွန်မဘက်ကပဲ ကျေးဇူးတင်နေမိတယ်။ သူနဲ့ ကျွန်မတို့ဟာ သူငယ်ချင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရှိနေပေမဲ့ စိတ်ထဲမှာက သူငယ်ချင်းမမဟုတ်မှန်းသိနေပေမဲ့လည်း ပိုင်ရှင်ရှိတော့မဲ့သူတစ်ယောက်အတွက် ဘာမှမထူးခြားတော့ဘူးလေ။


သစ္စာတရားဆိုတာက တစ်ယောက်တည်းထိန်းတိုင်း မပြတ်နိုင်တာမှ မဟုတ်တာ။ နှစ်ဦးနှစ်ဘက် ချိန်ခွင်လို ထိန်းနေနိုင်မှလေ။ နိုင်ဇော်ဘက်က ပျက်ကွက်မှုကို ကျွန်မသိလိုက်ရတဲ့အချိန်မှာ ကျွန်မရဲ့ အချစ်ကော ကျွန်မရဲ့ ဂုဏ်သိက္ခာတွေရော အကုန် မရှိတော့ဘူး။ သူက ကျွန်မကို ချစ်တယ်လို့ ဖွင့်ပြောတဲ့အချိန် ကျွန်မငြင်းခဲ့မိတဲ့နောက်ပိုင်းမှာ ကျွန်မအတွက် ကံဆိုးမှုတွေ ဆက်တိုက် ရောက်လာခဲ့တယ်။ ကျွန်မဂျူတီချိန် ရောက်လာတဲ့ ရဲနဲ့ မကင်းနိုင်တဲ့လူနာအတွက် စိတ်ပင်ပန်းရတာက တစ်မျိုး ကိုယ်ရေးကိုယ်တာကိစ္စက တစ်မျိုးနဲ့ စိတ်ဖိစီးနေတဲ့ကျွန်မ သတင်းစာထဲမှာပါလာတဲ့ စေ့စပ်ကြောင်းလမ်းခြင်းကို ဖျက်သိမ်းခြင်းဆိုတဲ့ ခေါင်းစဉ်ကြီးနဲ့ ကျွန်မလောကကြီးနဲ့ အဆက်အသွယ် ပြတ်သွားတယ်။ ကျွန်မဆေးရုံပေါ်မှာ တစ်ပတ်လောက် နေရတဲ့အချိန်မှာ ကျွန်မမှာ thrombocytopaenia ဆိုတဲ့ platelets count နည်းတဲ့ရောဂါရှိနေမှန်း ကျွန်မသိခွင့်ရလိုက်တယ်။ အနာတစ်ခုခုဖြစ်ရင် အကြာကြီးမပျောက်ပဲ ဖြစ်နေတတ်တာတွေကို အမှုမဲ့ အမှတ်မဲ့ နေမိတာကို ကျွန်မကိုယ်ကျွန်မ ကျိန်ဆဲနေမိလိုက်တယ်။ အသက်အန္တရာယ်နဲ့ ပုံမှန်ဆိုရင် မနီးပေမဲ့ သွေးထွက်သံယို ဖြစ်လို့ မရတဲ့ အခြေအနေမျိုး။

ပစ္စုပ္ပန်
ကျွန်မမှာ လက်ရှိအခြေအနေတွေ အားလုံးကို ရှောင်ရှားချင်တဲ့စိတ်နဲ့ တောင်ပေါ်မြို့လေးတစ်မြို့ကို အပြောင်းအရွှေ့လျှောက်လိုက်တယ်။ ကျွန်မ ဒီမြို့လေးမှာ နေရတာကို ပျော်ပါတယ်။ ကျွန်မအကြောင်း သိပ်မသိကြသလို ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာကို စိတ်ဝင်စားတဲ့သူ မရှိဘူး။ ဘာလို့ စေ့စပ်တာ ဖျက်သိမ်းတာလဲဆိုတဲ့ မေးခွန်းမေးမဲ့သူလည်း မရှိဘူး။ ကျွန်မကို ဆရာဝန်တစ်ယောက်ကလွဲလို့ ဘာမှ မသိတဲ့သူတွေကြားထဲနေရတာ ပျော်ပါတယ်။ တစ်ခါတရံ သူ့ကိုသတိရပါတယ်။ ဒါပေမဲ့ ကျွန်မ အိမ်နဲ့ကလွဲလို့ ဘယ်သူ့ကိုမှ ဆက်မသွယ်ခဲ့ဘူး။ ကျွန်မပတ်ဝန်းကျင်နဲ့ ဝေးချင်တယ်။ ကျွန်မ ခံစားခဲ့ရတာတွေကို အနယ်ထိုင်အောင် ကျွန်မစောင့်ချင်သေးတယ်။ ကျွန်မ လူတွေကို ရင်ဆိုင်ဖို့ အားမွေးရဦးမယ်။ လောလောဆယ်တော့ ဒီမြို့လေးက ကျွန်မကို လိုအပ်တယ်။ ကျွန်မကို လိုအပ်နေတဲ့နေရာမှာပဲ ကျွန်မရှင်သန်ချင်သေးတယ်။ ဘယ်နေရာမှာမဆို ကျွန်မကို ဆရာဝန်တစ်ယောက်အဖြစ် လိုအပ်နေမယ်မှန်း သိပေမဲ့ ကျွန်မချစ်တဲ့ မြို့လေးမှာပဲ ကျွန်မဘ၀ကို ကျွန်မ ကျေနပ်နိုင်ပါတယ်။
တကယ်တော့ လက်တွဲဖော်ဆိုတာ........အချစ်တစ်ခုထဲ သံယောဇဉ်တစ်ခုပဲ ကြည့်လို့မရပါဘူး။ ဘယ်လောက် သစ္စာခိုင်မြဲလဲပေါ်လည်း မူတည်ပါတယ်။ ကျွန်မရော သစ္စာခိုင်မြဲသလို သူလည်း သစ္စာခိုင်မြဲခဲ့မယ်ဆိုရင် ကျွန်မချစ်သောသူ့ကို ကျွန်မလက်တွဲဖော်အဖြစ် ရွေးချယ်မိပါလိမ့်မယ်။

အဆုံး

သူမ ပူတာအိုမြို့မှာ တာဝန်ကျနေမှန်း သူသိပါသည်။သူလည်း မြစ်ကြီးနားမှာ တာဝန်ကျနေပါသည်။ သူမရှိရာကို သူသွားချင်ပေမဲ့ သူမကတွေ့ချင်လိမ့်မည်မဟုတ်ဟု ထင်လို့ မသွားဖြစ်တော့ပါ။ သူမကို သူစောင့်မျှော်နေသေးသည် ဆိုတာကို သူမသိလျှင် သူမဘယ်လိုဆုံးဖြတ်မလဲ ဆိုတာကို သိချင်ပါသည်။


စာရေးသူ - ပန်းရင့်ရောင်

စိတ်ဝင်စားသေးရင်...

Friday, July 2, 2010

အိပ်မက်ဆိုးတွင် လမ်းလျှောက်သူ

မိုးလေးဖွဲဖွဲရွာနေသည်ကိုကြည့်ရင်း စိတ်ညစ်သွားသည်။သည်အတိုင်းဆိုလျှင် အပြင်ထွက်လို့ရဦးမည် မဟုတ်ပေ။၃ရက်ဆက်တိုက် မိုးမတိတ်ပဲ ရွာနေသည်ဖို့ အိမ်တွင်းပုန်းနေရတာလည်း ပျင်းနေပြီ။အပြင်ကိုထွက်ပြီး လေကောင်းလေသန့်ရှူချင်ပြီ။သို့သော် ဒီမိုးနဲ့ ဘယ်လိုမှကို ထွက်မရသေးပေ။မိုးထိတာနှင့် နှာရည်ယိုတတ်သော ကျွန်မအတွက် မိုးရေထဲမထွက်မိတာတော့ မဆန်းပေ။တစ်ရေးတမောအိပ်လိုက် စာလေးရေးလိုက်နှင့် အချိန်တွေကို ကုန်ဆုံးပစ်လိုက်ရသည်ချည်းပင်။

ကျွန်မအိပ်ယာနိုးလာတော့ မိုးတိတ်နေပြီ။ရေချိုးပြီး ဆိုင်ကယ်လေးထုတ်ကာ အပြင်ကို ထွက်ခဲ့လိုက်သည်။သွားစရာနေရာကလည်း ရေရေရာရာမရှိတော့ ကရိမ်နော်ဘက်ကိုပဲ မောင်းလိုက်သည်။မြစ်ရေကလည်း တော်တော်တက်နေပေမဲ့ ရှုခင်းကကောင်းသည်။ကော်ဖီတစ်ခွက်ကိုမှာသောက်ရင်း chemistry note ထုတ်နေလိုက်သည်။လုပ်စရာလည်း ထွေထွေထူးထူးမရှိပေဘက်ည(၇)နာရီတွင် ကလေးတွေကို စာပြပေးရဦးမည်မို့ ကြာကြာနေလို့တော့ မရပေ။

နည်းနည်းကြာအောင်နေပြီး ပြန်ဖို့ စာအုပ်တွေသိမ်းလိုက်ရင်း ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။သူနှင့် ဆင်သော လူတစ်ယောက်ကို ဖြတ်ခနဲ တွေ့လိုက်ရသည်။ရယ်တာတွေ ဆံပင်ကိုထိုးဖွတာတွေ သူနှင့်တူသော မျက်နှာကျပုံချင်းတူသော ထိုသူကို ကျွန်မစိတ်လွတ်လက်လွတ်ငေးကြည့်နေမိသည်။ကိုယ့်စိတ်ကိုယ် ကို ပြန်ထိန်းလိုက်ကာ ပြန်လာခဲ့ပေမဲ့ စိတ်ကတော့ မကြည်တော့ပေ။အိမ်ပြန်ရောက်တော့ ဖေဖေကော မေမေပါ ပြန်ရောက်နေလေပြီ။“ဘယ်သွားလိုက်တာလဲ သမီး”ဟု မေမေ မေးသည်ကို “ဆိုင်ကယ်ပတ်စီးနေတာ”ဟုသာ ပြန်ဖြေလိုက်ပြီး အခန်းထဲဝင်ခဲ့သည်။ကျွန်မအာရုံတွေက လွန်ခဲ့သော နှစ်တွေဆီကို။

“နင် ဘာလို့ ဒီကျောင်းကိုရွေးတာလဲ”ဟူသော သူ့အမေးကို ကျွန်မ မဖြေချင်ပါ။ကျွန်မ၀ါသနာပါရာတွေက သူနှင့်ဆန့်ကျင်ဘက်တွေ ဖြစ်နေတတ်သည်။“နင့်အိမ်ကလည်း ခွင့်ပြုတာ အံ့သြပါတယ်”ဟု ကျွန်မကိုရော ကျွန်မမိဘတွေကိုပါ အပြစ်တင်နေသော သူ့ကို ကျွန်မ ဘာမှမပြောချင်ပေ။စိတ်ထဲမှာကတော့ “တစ်အိမ်လုံးဆရာဝန်တွေဖြစ်နေရင် မကောင်းတော့ဘူး”ဟု ပြောနေပေမဲ့ ထုတ်ပြောလိုက်ပြန်ရင်လည်း မိသားစုတွင် တစ်ဦးတည်းသော ဆရာဝန်ဖြစ်မဲ့ သူ့ကို့ စော်ကားသည်ဟု အကျအနအသေအချာကောက်ပေလိမ့်မည်။“နင် ဟိုရောက်ရင် ပျော်သွားမှာ။တစ်ချိန်လုံး သုန်မှုန်မနေနဲ့။ပြုံးပြုံးလေးနေ”ဟုသာ ပြောနိုင်သည်။

သူနှင့်ကျွန်မနှင့်က ငယ်သူငယ်ချင်းတွေ မိဘချင်းလည်းရင်းနှီးကြသော သူငယ်ချင်းတွေ။ပြိုင်ဘက်ကောင်းတွေလည်း ဖြစ်ရင်ဖြစ်နိုင်ပေသည်။စာတော်တာချင်းတူပေမဲ့ ရွေးချယ်မှုချင်းက မတူကြပေ။သူက ကျွန်မ အမှတ်တွေကို နှမျောပေမဲ့ ကျွန်မကတော့ မနှမျောပေ။ကျွန်မ ပတ်ဝန်းကျင်တွင် ကျွန်မထူးချွန်နေတာက အကောင်းပဲ မဟုတ်လား။သူ ဆေးကျောင်းသွားတက်နေစဉ်ကာလတစ်လျှောက်မှာ ဖုန်းပြောတာ စာရေးတာလောက်ကလွဲလို့ သူနေထိုင်သောနေရာကို ကျွန်မက တကူးတက မသွားဖြစ်ခဲ့ပေ။ထိုကြောင့် ဆရာဝန်တစ်ယောက်၏ ရွေးချယ်မှုက ဆရာဝန်တစ်ယောက်ဖြစ်လိမ့်မယ်ဆိုတာ ကျွန်မမသိခဲ့ပေ။

သူ တတိယနှစ်ပြီး အိမ်ခဏပြန်လာစဉ် ကျွန်မနှင့်သူ့ကို မိဘတွေကို စေ့စပ်ပေးခဲ့သည်။သူကတော့ သာလိမ္မာမို့ လက်ခံသာ ဖြစ်နိုင်သော်လည်း ကျွန်မက သူ့ကို ဟိုအရင်သံယောဇဉ်တွေကြောင့် လက်ခံခဲ့ခြင်းဖြစ်သည်။သူ့ကို ကျွန်မချစ်နေသည်ဆိုတာကိုတော့ ကျွန်မသိပေမဲ့ ကျွန်မကိုယ်ကျွန်မ သူငယ်ချင်းသံယောဇဉ်ဟု လိမ်ညာချင်နေတုန်းပင်။

အချိန်တွေကုန်တာ မြန်လှသည်။သူပင် ဟောက်ဆင်းနေလေပြီ။သူကျွန်မကို ချစ်မချစ်ကျွန်မမသိသလို ကျွန်မသူ့ကိုချစ်တာလည်း သူမသိပေ။သူ ဟောက်ဆင်းပြီးလျှင် မိဘတွေက လက်ထပ်ပေးဖို့အထိ စီစဉ်ထားပေမဲ့ တစ်ခုသောညနေခင်းတွင်
“ငါ နင့်ကို ပြောစရာရှိတယ်”ဟူသော သူ့စကားကြောင့် စိတ်ထဲမှာ နည်းနည်းတစ်မျိုးဖြစ်သွားသည်။
“အင်း ပြောလေ”
“ငါ့မှာ ချစ်သူရှိတယ်။သူက နင်နဲ့ စေ့စပ်ထားတာတွေ မသိဘူး။”
“ဒီတော့ နင်က ဘယ်လိုဖြစ်စေချင်တာလဲ”
“ငါတို့စေ့စပ်ထားတာကို ဖျက်ချင်တယ်။နင့်ကိုလည်း အားနာပါတယ်။ဒါပေမဲ့လေ ငါ သူ့ကို ချစ်တယ်”
ကျွန်မလောကကြီး အမှောင်ကျသွားသည်ထင်သည်။သို့သော် ကျွန်မ မာနက သူ့ကိုအရှုံးမပေးချင်ပေ။သူတောင် ကျွန်မကို စွန့်လွတ်ရဲလျှင် ကျွန်မကရော ဘာလို့ တွယ်တာနေရမလဲ။
“အိုကေလေ။နင်ကြိုက်သလို လုပ်နိုင်တယ်။” ကျွန်မတွင် ပြောစရာစကား ဒီထက်ပိုမရှိခဲ့တော့ပါ။ရက်အနည်းငယ်ကြာပြီးနောက် သတင်းစာတွင် ကျွန်မတို့၏ စေ့စပ်ကြောင်းလမ်း ဖျက်သိမ်းကြောင်းပါလာသည်။တကယ်တမ်းတော့ ကျွန်မခံနိုင်ရည်မရှိပါ။သို့သော် ဟန်ဆောင်နိုင်သေးသည်။သူ့မိဘတွေက ဒေါသပုန်ထကာ သူ့ကို ဆူဆဲနေပေမဲ့ တားတော့ မတားကြပေ။ကျွန်မတို့ကိုတော့ လာတောင်းပန်သွားသည်။နောက်ဆုံးတော့လည်း ကျွန်မတို့က အိပ်မက်ဆိုးတစ်ခုတွင် လမ်းလျှောက်နေသူတွေသာ။

အခန်းတံခါးခေါက်သံကြားမှ ကျွန်မ အတွေးတွေရပ်သွားသည်။“ထမင်းစားဆင်းခဲ့တော့”ဟု မမအော်သွားသံကြောင့် ပြုံးမိသေးသည်။ကျွန်မတွင် ကျွန်မကို အလွန်ချစ်သော ကျွန်မကလည်း အလွန်ချစ်သော ကိုယ်ပိုင်မိသားစုလေးရှိနေသရွေ့တော့ ကျွန်မဘ၀ကြီးက သာယာနေဦးမည်သာ။

ပန်းရင့်ရောင်

စိတ်ဝင်စားသေးရင်...