BLOGGER TEMPLATES AND TWITTER BACKGROUNDS

Wednesday, March 3, 2010

ဝေဟင်ထက်က စွန်ကလေး

ကောင်လေးတစ်ယောက် မောကြီးပမ်းကြီး ပြေးလွှားနေသည်။အမြင့်ကို မော့ကြည့်လိုက် ပြေးလိုက်နှင့် တကယ်ကို အရေးကြီးနေသလို။ကောင်းကင်ကို မော့ကြည့်လိုက်တော့ ကြိုးပြတ်နေသော စွန်လေးတစ်ခု။ထိုစွန်လေးနောက်သို့ ကောင်လေးသည်းကြီးမည်းကြီး ပြေးလိုက်နေသည်။တော်တော် ရောက်တော့မှ စွန်လေးက တရွေ့ရွေ့နဲ့ မြေပြင်ထက်သို့ကျလာသည်။ကောင်လေးက စွန်လေးကိုကောက်ယူကာ စာရွက်လေးကို ဖတ်ယူပြီး မျက်နှာမှာ ပြုံးရွှင်လို့နေသည်။ပြေးခဲ့ရသည်ကိုလည်း မောဟန်မပြပေ။စာရွက်ကလေးတွင် ရေးထားသည်က.............ချစ်တယ် ။

အပိုင်း(၁)

မြစ်ကမ်းနံဘေးတွင် သူမ စွန်နှင့်ရစ်ဘီးကို ကိုင်ပြီး ရပ်နေသည်။စွန်မလွတ်တတ်သော်လည်း စွန်လွတ်ရသည်ကို ကြိုက်သောသူမသည် ယခုမောပန်းသော်လည်း စွန်က ကောင်းကင်တက်မည့်အစား မြေမှာ ပျော်နေလေသည်။သူမသည် စိတ်ညစ်စွာ ရပ်နေမိသည်။ထိုစဉ်..........။
`စွန်လွတ်ချင်လို့လား´ ဟု ငြင်သာစွာ လာမေးသော သူကြောင့် သူမက `ဟုတ်´ဟုသာ ပြောလိုက်သည်။သူက သူမလက်ထဲက စွန်နှင့်ရစ်ဘီးကို ယူက လွတ်ပေးလိုက်သည်မှာ သူမတုန်းက မြေပြင်တွင်စံမြန်းနေသော စွန်လေးမှာ ကောင်းကင်ယံတွင် တ၀ံ့ဝံ့နှင့်။သူမသည် ကလေးတစ်ယောက်လို ပျော်ရွင်စွာကြည့်နေလေသည်။`ဘယ်လို လုပ်လိုက်တာလဲ´ ဟုမေးလာသော သူမကို `ဒီလိုပဲ လုပ်လိုက်တာလေ။´ ဟု သူက ညစ်ကျယ်ကျယ်ပြန်ဖြေသည်။သူမက ပါးချိုင့်လေးတွေ ပေါ်အောင် ပြုံးပြီး `ပြောပြပါ´ဟု တောင်းဆိုလေသည်။`မနက်ဖြန်ကျရင် ပြပေးမယ်´ဟု ပြောကာ စွန်ကိုသာထိန်းနေလိုက်သည်။သူမက `အိုကေလေ။ဂတိနော်´ဟု ပြောသည်။သူ အသာခေါင်းညိတ်ရင်း ရင်ထဲတွင် ကုလားဘုးရားပွဲလှည့်သွားလေသည်။

အပိုင်း(၂)
`နာမည်ဘယ်လိုခေါ်လဲ ကောင်မလေး´ဟု သူ့အပြောကို သူမက သဘောကျစွာရယ်ကာ `ဇွန်မိုး။ကောင်လေးကကော´ဟု ပြန်မေးသည်။`နိုင်သော်´ဟု သူ့အပြောကို သူမက ရယ်နေသေးသည်။ပျော်ပျော်နေတတ်ပုံပေါ်သောသူမပုံရိပ်သည် ယခုည အိပ်မက်တွင် နေရာယူဦးမည်သာ။သူမကတော့ စွန်လွတ်တာသင်ရရင် ပြီးရော သူကိုလာတွေ့ခြင်းသာ ဖြစ်သည်။သူမကို စွန်လွတ်နည်းကို ခက်ခက်ခဲခဲသင်ပေးလိုက်ရသည်။အဘယ်ကြောင့်ဆိုသော် သူမသည် အရာဝတ္ထုတွေ အပေါ် စိတ်မရှည်တတ်ခြင်းပင် ဖြစ်သည်။(နောင်အခါ သူမသည် လူတွေ အပေါ်အလွန် စိတ်ရှည်သူဖြစ်မှန်း သူသိလိုက်ရသည်။)

စွန်လွတ်တာကို သူမနည်းနည်းတတ်သွားသော်လည်း စိတ်မရှည်ခြင်းကောင်း ကောင်းကောင်းမရပေ။သောင်ပြင်တွင် ဒီအတိုင်း မလွတ်ချင်တော့ဘူးဆိုပြီး ထိုင်ချလိုက်သော သူမအမူအရာက တကယ်ကို ချစ်စရာပင်။ထိုအချိန်ကတည်းက သူ့ရင်ထဲသို့ သူမစတင်ဝင်ရောက်လာလေသည်။သူမဘေးတွင် ၀င်ထိုင်ရင်း `ဇွန်မိုးက ဘယ်နားမှာနေတာလဲ´ဟုမေးသောအခါ သူမက `သိချင်တယ်ဆိုပါ့တော့ ဟုတ်လား´ဟုနောက်တောက်တောက်ပြန်ပြောသောအခါ သူ့မျက်နှာ နွေးကနဲပူလို့သွားလေသည်။`ရန်ကြီးအောင်ထဲမှာနေတာ´ဟု သူမပြန်ဖြေလို့သာ တော်တော့သည်။`ကျွန်တော်က ယုဇနထဲမှာ သိပ်တော့ မဝေးပါဘူး´ဟု သူ့အပြောကို သူမက `မဝေးတာမဟုတ်ဘူး နီးနေတာ ´ဟု တိုးတိုးလေးရေရွတ်လေသည်။သူမသည် ခင်စရာကောင်းသော ချစ်စရာကောင်းသော သူတစ်ယောက်ဖြစ်သည်။

အပိုင်း(၂)
သူနှင့်ချိန်းမထားသော်လည်း သူက သောင်ပြင်ပေါ်သို့ သွားချင်သည်နှင့်ထွက်လာခဲ့သည်။သို့သော် သူမက ရှိမနေပါ။သူ့ရင်ထဲတွင် တစ်မျိုးကြီး ဖြစ်သွားသည်ကို သူကိုယ်တိုင်သာသိသည်။သူမကို အချိန်အတော်ကြာအောင် စောင့်နေခဲ့သော်လည်း သူမက ပေါ်မလာခဲ့ပေ။သူမဘာလို့ မလာသည်ကို သူမသိသော်လည်း သူတစ်မျိုးကြီးဖြစ်သွားသည်။သူမ ယနေ့ စွန်သွားမလွတ်ဖြစ်ပေ။မေမေကလည်း နေ့တိုင်းစွန်လွတ်သည်ကို သဘောမကျတာလည်း ပါသောကြောင့် မသွားဖြစ်ပေ။သို့သော် သူမနောက်လိုက်ရင် ရှက်သွားတတ်သော သူ့ကို သတိတော့ရသည်။ထိုခံစားချက်ဝင်လာတိုင်း သူမအယောင်အယောင် အမှားမှားကို ဖြစ်လာသည်။မနက်ဖြန်တော့ စွန်သွားလွတ်မည်ဟု ဆုံးဖြတ်လိုက်သည်။

သူမ သောင်ပြင်ပေါ်သို့ ရောက်သောအခါ သူမရှိပေ။သူမ စွန်လွတ်ရင်းစောင့်လိုက်သည်။ထိုအချိန်တွင် `ဘယ်ဆိုးလို့လည်း တော်တော် လွတ်တတ်နေပြီ´ဟုအသံကြောင့် သူမ လှည့်ပြုံးပြလိုက်သည်။သူမ အတန်ကြာအောင် စွန်လွတ်နေပြီးမှ စွန်ကို ပြန်သိမ်းကာ သူနားတွင် သွားထိုင်လိုက်သည်။`မနေ့တုန်းက စွန်လွတ်ဖြစ်လား´ဟု သူ့အမေးကို သူမက ခေါင်းခါပြသည်။ဘာကြောင့်လဲ ဟု သူဆက်မမေးဖြစ်သလို သူမကလည်း မဖြေပေ။`ကျောင်းပြီးသွားပြီလား´ဟု ကောက်ကာ ငြင်ကာမေးသော သူမကြောင့် သူကြောင်သွားသည်။နောက်မှ `မပြီးသေးဘူး။နောက်ဆုံးနှစ် ရူပ´ဟု ဖြေလိုက်သည်။`အစ်မလို့ ခေါ်သင့်တယ်။ကျွန်မက ကျောင်းပြီးသွားပြီ´ဟု ပြောကာ ဖြတ်ကနဲထသွားလေသည်။သူ၏အိပ်မပျော်သော ညတာ ရှည်ဦးမည်လော။

သူမအလွန်ပွင့်လင်းပြီး လူငယ်ဆန်သူလည်းဖြစ်သည်။သူနှင့် သူမ ညနေတိုင်း စွန်လွတ်ကြရင်း ခင်မင်ကြသည်။သူမသည် မြန်မာစာနှင့် ကျောင်းပြီးထားပြီး သူမမိဘအလုပ်တွင် ၀င်ကူနေသည်ဟု ပြောပြထားသည်။သူမကို သူက မိုး ဟုလွတ်ခနဲ ခေါ်မိသွားသောအခါ သူမက ခပ်တိုးတိုးရယ်ပြီး နိုင် ဟု တောင် ပြန်ခေါ်သော ခပ်နောက်နောက် ကောင်မလေးဖြစ်သည်။သူစိတ်ထဲတွင် သူမသည် နတ်သမီးတစ်ပါးသာဖြစ်နေတော့သည်။

အပိုင်း(၃)
သူနှင့်ခင်မင်သော်လည်း သူမသူ့ကိုသာမန်ဆက်ဆံသော်လည်း ပုံမှန်သူငယ်ချင်းတွေ အခွင့်အရေးပိုပေးမိသည်။သူက ဘာလုပ်ချင်နေသည်ကို ထုတ်မပြောသော်လည်း သူမက အလိုလိုသိကာ ဖြည့်ဆည်းပေးတတ်သည်။သူ ကြိုက်တတ်သည်များကို ကြားရုံနှင့်မှတ်သားထားတတ်ပြီး သူ့ကိုလည်း အပြည့်အ၀နားလည်ပေးနိုင်လာသည်။သူမ သူ့ကို ချစ်မိနေပြီလားဟု တွေးလိုက်မိသောအခါ.........သူမတစ်ယောက်တည်းပြုံးမိသွားသည်။

သူမနှင့်တွေ့ရတော့မည် ဆိုသည့်အတွေးကို သူ့ရင်ကို ပိုခုန်စေသည်။ယနေ့ သူမကို သူ propose လုပ်ဖို့ ဆုံးဖြတ်ထားသည်။သူမထက်စောက ထူးထူးခြားခြား စောရောက်နေသောခြင်းက သူ၏ မငြိမ်သတ်မှုကို သက်သေထူနေလေသည်။`ထူးထူးဆန်းဆန်း စောလို့ပါလား´ဟု အပြုံးနှင့် နှုတ်သော သူမကို သူ ငေးကြည့်နေမိသည်။သူမက စွန်လွတ်နေရင်းနှင့်ပင် `နိုင် သာမသင်ပေးရင် ကျွန်မ ခုထိ စွန်လွတ်တတ်ဦးမှာ မဟုတ်ဘူး´ဟု လည်း ပြောသည်။သူမစွန်လွတ်ပြီးသည်ကို စောင့်ရင်း သူ့စိတ်တွေကို တည်ငြိမ်အောင် ထိန်းချုပ်နေရသည်။

`ပြန်ရအောင်။ဒီနေ့ မေမေက စောစောပြန်လာခိုင်းလို့´ဟု စွန်သိမ်းရင်း ပြောသော သူမစကားကြောင့် သူ့ရင်ဟာသွားလေသည်။သူမ နောက်နေ ကပ်လိုက်ရင်း ဆိုင်ကယ်နားမရောက်ခင် `မိုး´ဟု သူစိတ်လှုပ်ရှားစွာ လှမ်းခေါ်လိုက်သည်။သူမက နောက်လှည့်ကြည့်ကာ ပြော ဟူသော သဘောဖြင့် ခေါင်းညိတ်ပြသည်။`မိုးကို ချစ်တယ်´ဟု တိုးတိုးလေးပြောသော သူ့အသံက သူမကြားဖို့ လုံလောက်ပါသည်။သူမရင်တစ်ခုလုံး ၀ုန်းဒိုင်းကျဲကာ အိမ်ပြန်လာခဲ့သည်။စကားတစ်ခွန်းမှ ပြောမသွားသော သူမကို သူက မှင်သက်စွာကြည့်ရင်း နှုတ်ဆိတ်ကျန်ခဲ့လေသည်။

ထိုနေ့နောက်ပိုင်းမှ စကာသူမစွန်လာမလွတ်တော့ပေ။သူကတော့ သူမကို နေ့တိုင်းစောင့်နေရင်းနှင့်ပင် ရက်တွေက ကုန်ဆုံးလာခဲ့သည်။တစ်ပတ်တိတိပြည့်သောနေ့တွင် သူ သောင်ပြင်သို့ရောက်သောအခါ သူမစွန်လွတ်နေသည်ကို တွေ့ရလေသည်။ထို့နောက် `နိုင် လာလေ´ဟု ဘာမှ မဖြစ်သလို လှမ်းခေါ်လေသည်။သူက သူမ စွန်လွတ်တာကိုကြည့်နေစဉ် `နိုင် ....အခု လွတ်ထားတဲ့ စွန်မှာ အဖြေပါတယ်။လိုချင်ရင် ရအောင်သွားယူ´ဟု ပြောကာ စွန်ကြိုးကို ဖြတ်ပစ်လေသည်။သူရုတ်တရက်ကြောင်သွားပြီး နောက်မှ အသိဝင်ကာ စွန်နောက်ကို ပြေးလိုက်သည်။သူမကတော့ သူ့ကို ပြုံးကြည့်နေလေသည်။

အပိုင်း(၄)
သူစွန်နောက်ကို အပြေးလိုက်သည်။ဘယ်နေရာတွင် ပြန်ကျလာမည်မှန်းမသိလို့ သူမော့ကြည့်က အလောတကြီးကို လိုက်နေသည်။နည်းနည်းကြာသောအခါ စွန်ကလေးက တဖြည်းဖြည်းနှင့် အောက်သို့ကျလာသည်။သူ စွန်ကို လှမ်းကောက်ကာ စာကို ဖွင့်ဖတ်လိုက်တော့ ချစ်တယ်တဲ့။သူပြန်အလာကို သူမက စိတ်ရှည်စွာ စောင့်ပေးနေလေသည်။အဝေးကလာသော သူ့ကို သူမက ပြုံးကာ ကြည့်နေလေသည်။

နောင်များမကြာမီတွင် ညနေတိုင်းတွင် စွန်လွတ်နေသော အတွဲတစ်တွဲကို နေ့တိုင်းလိုလိုတွေ့ရသည်။ကောင်းကင်မှာ စွန်လေးနှစ်ကောင် ပျံဝဲနေသလို မြေပြင်တွင်လည်း ပျော်ရွှင်စွာ စွန်လေးကို ထိန်းနေရင်းနှင့်.................ဝေဟင်ထက်က စွန်ကလေးလိုပဲ သူတို့သည်လည်း လွတ်လပ်စွာ ပြုံးရယ်နေကြလေတော့သည်။

စာရေးသူ - ပန်းရင့်ရောင်~~~~~၃.၃.၁၀

4 ပြောချင်တာတွေ:

ချော (အစိမ်းရောင်လွင်ပြင်) said...

ဇာတ်လမ်းလေးက ချစ်စရာလေး
ဧရာဝတီ မြစ်ကမ်းဘေးမှာ စွန်လွှတ်နေတဲ့
အတွဲလေး တွေ့ခဲ့ရင် ပန်းရောင်ရဲ့ ၀တ္ထုထဲက ကောင်လေးနဲ့ ကောင်မလေးဘဲဖြစ်ရမယ်
သွားရှာဦးမှ

ဝေလင်း said...

စိတ်ကူးလေးကောင်းတယ်။ ဇာတ်လမ်းတစ်ပုဒ်အဖြစ်ဖွဲ့ဖို့ စိတ်ကူးဘယ်လိုရလဲ မသိဘူး..

မြသွေးနီ said...

စွန်ကလေး စိတ်ကူးနဲ့လွှတ်သွားပါတယ်။
very cute post!

မျှော်လင့်သူ said...

ကောင်းပါ့ဗျာ. ငါ့အစ်မ စိတ်ကူးကတော့ လွတ်ကောင်း.
စိတ်ကူးတောင် ယဉ်မိတယ်.