ဘယ်နေရာသွားသွား
ခြေချလိုက်တိုင်း
ခရေပွင့်တွေ
ကြွေနေသလို
အမှတ်တရချည်းပဲ.....
ခရေပွင့်နဲ့တူတဲ့
အမှတ်တရတွေကို
အရင်ကတော့
ပြုံးပျော်စွာပဲ
မင်းတို့နဲ့အတူ
နင်းလျှောက်ခဲ့ဖူးတယ်......
ခုတော့..
ခရေပွင့်တွေကိုကောက်ပြီး
ဒိုင်ယာရီထဲညှပ်ထားခဲ့ရတယ်.....
ငါ...အခု....
ခရေတွေကောက်နေတယ်
ခရေပွင့်လေးတွေမှာ
မင်းတို့ခြေရာတွေကျန်မလားလို့
နမ်းကြည့်လိုက်သေးတယ်.....
စူးရှတဲ့ခရေနံ့က
ကြာကြာရှူရင်
မူးတယ်....
အမှတ်တရတွေကလည်း
ကြာလာလေလေ
ခါးလေလေပဲ......
နောက်ဆုံးငါပြောလိုက်ချင်တယ်
မင်းတို့ကြားမလားလို့ပေါ့...
အမှတ်တရတွေက
ခါးတယ်ကွ......
စာရေးသူ - ပန်းရင့်ရောင် (ပြိုကွဲသွားသော အိမ် တစ်လပြည့် အမှတ်တရ)
Monday, November 30, 2009
အမှတ်တရက ခါးသည်
ရေးသားသူ ပန်းရင့်ရောင် ဒီအချိန်မှာ 11:13 PM 0 ပြောချင်တာတွေ
Labels: အမှတ်တရ
အကြောက်လွန်ရောဂါ (Phobias)
လူတစ်ယောက်ဟာ ကြောက်စရာမဟုတ်ပဲနဲ့ အလွန်ကြောက်နေတတ်တာကို ရယ်မောခဲ့ဖူးကြမှာပါ။ဒါပေမဲ့ သူတို့ ဘာလို့ကြောက်တာလဲကို နားမလည်ကြပါဘူး။ဥပမာ ပင့်ကူကြောက်တတ်တဲ့သူကို ပင့်ကူနဲ့ စပြီး ပျော်ရွှင်ကောင်းပျော်ရွှင်ခဲ့ဖူးလိမ့်မယ်။သူတို့ ဘာကြောင့်ကြောက်နေရတာလဲကို သတိမထားဂရုမစိုက်မိခဲ့ကြပါဘူး။၁၅ထပ်မြောက်မှာ ရှိတဲ့ တိုက်ခန်းလေးတစ်ခန်းကို ဓါတ်လှေကားမသု့းပါပဲနဲ့ ရိုးရိုးလှေကားက တတ်နေတဲ့လူကို “အရူး သက်သာရာနေရာကို မရွေးတတ်ဘူး” ထင်ကောင်းထင်ခဲ့ ပြောဖူးကောင်းပြောဖူးလိမ့်မယ်။အခု ကျွန်မတို့ “သူတို့ဘာကြောင့် ပင့်ကူ အစရှိတဲ့ သေးသေးမွှားမွှားအကောင်တွေကြောက်တာလဲ၊ဓါတ်လှေကားမသုံးပဲနဲ့ လှေကားသုံးတက်ကြတာလဲ” ဆိုတာ လေ့လာကြည့်ကြရအောင်ပါ။
အကြောက်လွန်ရောဂါသယ်တွေ(Phobias)တွေကို စိတ်ရောဂါဒေနာသည်လို့ မထင်ကြပါနဲ့။သူတို့ဟာ သာမန်လူတွေ မကြောက်တဲ့အရာတွေကို ကြောက်တာမှန်ပါတယ်။ဒါပေမဲ့ သူတို့ဟာ ရူးနေတဲ့သူတွေမဟုတ်ပါဘူး။အကြောက်လွန်ရောဂါသည်တွေကို သူတို့ပတ်ဝန်းကျင် သူတို့မိသားစုက နားလည်မပေးတာဟာ ရောဂါပိုဆိုးလာအောင် တွန်းအားပေးနေသကဲ့သို့ ဖြစ်ပါတယ်။သူတို့ဘာလို့ phobias ဖြစ်လာရတာပါလဲ။phobias တော်တော်များများဟာ ငယ်စဉ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်တွေကြောင့် ဖြစ်ပါတယ်။ငယ်ငယ်တုန်းက ပင့်ကူနဲ့ အလွန်အကျွံအစခံရဖူးတဲ့ကလေးက ကြီးလာတဲ့အခါ ပင့်ကူကို အလွန်ကြောက်ပါတယ်။တချို့ phobias တွေကတော့ စိတ်ဖိစီးမှုတွေ စိုးရိမ်မှုတွေကနေ ဖြစ်ပေါ်လာတတ်ပါတယ်။
Phobias အမျိုးအစားများ
(၁) specific phobias (အဖြစ်များသော တွေ့ရများသော အကြောက်လွန်ရောဂါ)
ဒီအမျိုးအစားမှာက ပိတ်ဆို့ကျဉ်းမြောင်းတဲ့နေရာတွေကိုကြောက်တဲ့ claustrophobia
animals တွေ ဥပမာ မြွေ ပင့်ကူ ကြွက် စတာတွေကို အလွန်ကြောက်တဲ့ acrophobia
pterygophobia ဆိုတဲ့ အမြင့်ကြောက်တဲ့ ရောဂါ
ရေကြောက်တဲ့ hydrophobia အစရှိတဲ့ phobias တွေပါပါတယ်။
(၂) social phobias ကတော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကြောင့်ဖြစ်တာများပါတယ်။အခက်အခဲတွေကြုံတာများတာတို့ အဆင်ပြေမပြေမှာကို အလွန်စိုးရိမ်တာတို့ပါပါတယ်။
(၃)လူတွေကိုကြောက်တဲ့ ရောဂါ(agoraphobia)
ဒီအမျိုးအစားကတော့ လူများတဲ့နေရာတွေကိုကြောက်တာပါ။ဈေးတို့ ရုပ်ရှင်ရုံ စားသောက်ဆိုင်တွေ စတဲ့ လူထုများတတ်တဲ့နေရာတွေကို မသွားရဲတာတွေပါ။
တစ်ချို့ phobia gamophobia ဆိုတဲ့ လက်ထပ်ရမှာကို ကြောက်တဲ့ ဟာလည်းရှိပါသေးတယ်။
တစ်ချို့လူတွေကတော့ သူတစ်ပါးဖြစ်နေတဲ့ရောဂါတွေကို ကိုယ့်ဆီမှာကောရှိတဲ့ ထင်တဲ့ ရောဂါပါ။ဥပမာ မိတ်ဆွေသူငယ်ချင်းတွေထဲကတစ်ယောက်ယောက်က လေးဖက်နာဖြစ်နေတယ်ဆိုပါစို့။့phobia ရှိနေတဲ့ သူက သူငယ်ချင်းခ့စားနေရတဲ့ အဆစ်တွေကိုက်တာ ရောင်တာတွေ သူလည်းခံစားလာရသလိုဖြစ်ပြီး လေးဘက်နာဖြစ်နေတယ်လို့ထင်လာတာပါ။
phobias ရော၈ါသည်တွေကို ဘယ်လိုကုသမလဲ?
သူတို့ကို ပစ်ပယ်ထားရင် ကိုယ့်ကိုယ်ကို သတ်သေတဲ့အထိ ဖြစ်နိုင်လို့ သူတို့ကို ဂရုစိုက်သင့်ပါတယ်။
phobias ရောဂါသည်တွေကို ကုသတဲ့နည်းက အမျိုးမျိုးပါပဲ။
ဆေးပေးပြီးကုသတဲ့ နည်းလည်းရှိပါတယ်။ဒါပေမဲ့ သိပ်မသုံးပါဘူး။ရောဂါအခြေအနေ အလွန်ဆိုးနေမှာ သုံးတာများပါတယ်။
အိမ်မွေ့ချပြီး ကုသတဲ့ psychotherapy ။ behavior therapy အစရှိတာတွေနဲ့ ကုသပေးကြပါတယ်။
ကျွန်မတို့ ပတ်ဝန်းကျင်မှာရှိတဲ့ phobias ရောဂါသည်တွေကို မလှောင်ပြောင်မစနှောက်ပဲ အားပေးကူညီကြပါစို့။
ကျွန်မတို့ ကိုယ်တိုင်လည်း phobias ရှိမရှိ သေချာမသိနိုင်ပါ။
ထို့ကြောင့် “ကိုယ်ချင်းစာနာ နားလည်ပါ သင်လည်းလူသားပါ” ဆိုတဲ့ အတိုင်း ကိုယ်ချင်းစာတရား လက်ကိုင်ထားလို့ အားပေးကူညီလိုက်ကြပါစို့။
စာရေးသူ - ပန်းရင့်ရောင်
(ကျွန်မ လေ့လာပြီး တင်ပြခြင်းဖြစ်သော်လည်း ဒီပို့စ်တွင် လွဲမှားနေသော ရေးသားချက်များရှိပါက ကျွန်မအမှားသာဖြစ်ပါသည်။ကျွန်မလေ့လာခဲ့သော စာအုပ်များက မှားယွန်းခြင်းမဟုတ်ပါ)
ရေးသားသူ ပန်းရင့်ရောင် ဒီအချိန်မှာ 10:57 PM 1 ပြောချင်တာတွေ
Labels: ကျန်းမာရေးဆိုင်ရာ
ကြွေလွင့်သွားသော........
“ဟာနွေ ဒီလိုလုပ်လို့ မဖြစ်ဘူးလေ။နွေပြောတော့ မောင့်ကို မစွန့်လွှတ်ဘူးဆို”
“မောင် ကျွန်မပြောတာ နားထောင်ဦး။ခုချိန်ထိ မောင့်လုပ်အားနဲ့ ရတဲ့ငွေဘယ်လောက်ရှိလဲ။ကျွန်မနဲ့ လက်ထပ်လို့ မောင့်မိဘတွေ အမွေဖြတ်ရင် မောင်ကျွန်မကို ဘာနဲ့ရှာကျွေးမှာလဲ။ဘ၀အာမခံချက်မရှိတဲ့ မောင်နဲ့ လက်မထပ်နိုင်ဘူး။ဒါကြောင့် ကျွန်မတို့လမ်းခွဲကြရအောင်” ဟုပြောလိုက်ချိန်တွင် ကျွန်မရင်တစ်ခုလုံးကွဲကြေသွားသည်။မောင်က ကျွန်မကိုနာကျဉ်းစွာကြည့်ကာ “နွေ မင်းဟာ ငါ့စိတ်ကူးတွေကို နင်းချေလိုက်တဲ့သူ။မင်းဟာ တော်တော်ကြောက်ဖို့ကောင်းတဲ့မိန်းမပဲ ဟန်နွေဦး” ဟုပြောကာ ထွက်ခွါသွားလေသည်။
အသက် - -၂၇နှစ်
M.Sc (Chemistry)
၂၅.၈.၀၉ တွင် ဘရိန်းကျူးမာဖြင့် ကွယ်လွန်သည်။
စာရေးသူ - ပန်းရင့်ရောင်~~~~~၁၉.၉.၀၉
ရေးသားသူ ပန်းရင့်ရောင် ဒီအချိန်မှာ 10:49 PM 0 ပြောချင်တာတွေ
Labels: ၀တ္ထုတို
ပြိုကွဲသွားသော အိမ်
ဒါပေမဲ့ လူတိုင်းက အလွန်ထူးဆန်းပါတယ်လို့ သတ်မှတ်ထားတဲ့ ၉.၉.၀၉ ရက်နေ့မှာ ကျွန်မရဲ့ အိမ်လေးအပြီးတိုင် ပြိုကွဲသွားပါတယ်။ဘယ်လိုမှ ပြုပြင်လို့မရအောင်ကို ပြိုကွဲသွားပါတယ်။ဆုံးရှုံးသွားတဲ့ အရာတွေက အများကြီးပါပဲ။နောက်ဆုံးတော့ ကျွန်မဟာ အထီးကျန်ဆန်စွာနဲ့ အိမ်ပျက်လေးမှာ တစ်ယောက်တည်း ကျန်နေခဲ့ပါတယ်။
ကျွန်မရဲ့ အိမ်လေးက သူတို့ဝင်မလာခင်ကတော့ တစ်ယောက်တည်း။ပျော်တယ်ဆိုတာလည်း ထွေထွေထူးထူးမရှိ၊အမှတ်တရဆိုတာလဲ ဘာမှန်းမသိ။ဒါပေမဲ့ သူတို့ဝင်လာတော့ အိမ်လေးက သာယာလာတယ်။ပျော်ရွှင်မှုတွေ အမှတ်တရတွေနဲ့ အိမ်လေးမှာ ဝေစီနေပါတယ်။နောက်ဆုံးတော့ ဧည့်သည်ဆိုတာ အချိန်တန် အိမ်ပြန်ကြရတယ်ဆိုသလိုမျိုး အရာအားလုံးက ကျွန်မထံမှ ကျွန်မအိမ်မှ ထွက်ခွါသွားတယ်။ပျော်ရွှင်စွာ အဆုံးသတ်ထွက်ခွါသွားတာ မဟုတ်။နာကျည်းမှုတွေ အာဃာတ တွေနဲ့ ကျွန်မကို ချန်ထားခဲ့ကြတာ။
ဘယ်သူက ဘယ်သူ့ အိမ်ကို ၀င်လာလည်းဆိုတာ အတူရှိနေတုန်းက မသိပေမဲ့ ခွဲခွါသွားတဲ့အချိန်မှာ သိသွားပါတယ်။ကျွန်မရဲ့ ပုံမှန်အတိုင်းရပ်တည်နေတဲ့ နေရာကို ၀င်လာပြီး ပျက်စီးကာ ထွက်သွားကြတယ်။တစ်ယောက်တည်းနေတာ အနယ်ထိုင်နေတဲ့ ဘ၀ကို သူတို့ရဲ့ နွေးထွေးမှုတွေနဲ့ မွေနှောက်လိုက်တယ်။ထမင်းစားရင်တောင်မှ တစ်ယောက်တည်းမစားချင်လောက်အောင်ကို ပြုလုပ်သွားကြတယ်။နောက်ဆုံးတော့လည်း......................။
ကျွန်မ သူတို့ကို ပြောဖူးတယ်။“နားလည်းမှုတရားသာ ငါ့ဆီမှာသာ မရှိတော့ရင် ငါလူတွေနဲ့ ပေါင်းသင်းဆက်ဆံလို့ ရမှာမဟုတ်ဘူး” “မတူညီတဲ့ မျဉ်းပြိုင်နှစ်ကြောင်းဟာ တစ်နေရာရာ ဆုံနိုင်ပေမဲ့ တွေ့ဆုံပြီးတဲ့ မျဉ်းပြိုင်နှစ်ကြောင်းကတော့ ဘယ်တော့ မှပြန်မဆုံတော့ဘူး” “အနီးဆုံးလူက အဝေးဆုံးရောက်သွားနိုင်သလို အဝေးဆုံးလူက အနီးဆုံးကို ရောက်လာနိုင်တယ်” ။ကျွန်မရဲ့ အနာဂါတ်အကြောင်းအတွေးအခေါ်တွေက ကျွန်မဆီကို ပြန်လာတော့တယ်။
ကျွန်မဟာ သူတို့အတွက် ပေးဆပ်သူသာ ဖြစ်ခဲ့တယ်။နားလည်မှုတရားတွေကို လက်ကိုင်ထားပြီး နားလည်ခွင့်လွှတ်ပေးခဲ့ရတယ်။ကျွန်မရဲ့ ပေးဆပ်မှုအတွက် ကျွန်မဘယ်တော့မှ နောင်တမရဘူး။ကျွန်မရဲ့ ပေးဆပ်မှုနဲ့ ဘယ်သူ့ကိုမှ မချည်နှောင်ခဲ့ဘူး။ဒါပေမဲ့ မချည်နှောင်ခဲ့တဲ့အတွက် လွတ်ထွက်သွားပြီ။ဒါပေမဲ့ ကျွန်မ မတားခဲ့ဘူး။ပျံပါစေဆိုပြီး ထိုင်ကြည့်နေမိတယ်။
အော်............ခုတော့ ကျွန်မရဲ့ အိမ်လေးက ဘာမှမရှိတော့ပါလား။ကျွန်မဆုံးရှုံးလိုက်ရတာက သူငယ်ချင်း ။ကျွန်မနားလည်ပေးသလောက် နားလည်မပေးနိုင်ပေမဲ့ နည်းနည်းလောက်တော့ ပြန်နားလည်ပေးလိမ့်မယ်လို့ ထင်ထားခဲ့တဲ့ ကျွန်မရဲ့ အနီးကပ်ဆုံးသော သူငယ်ချင်းတွေ။သူတို့ကို ဆုံးရှုံးသွားရတဲ့ ခံစားမှုက ဘာနဲ့မှမတူဘူး။ရင်နင့်အောင် ခံစားရတယ်ဆိုတာ ခုမှပဲနားလည်လာပါတယ်။ကျွန်မဟာ သူတို့အတွက် သူငယ်ချင်းကောင်း ဖြစ်ခဲ့ရပေမဲ့ ကျွန်မအတွက် သူတို့ဟာ........။
ကျွန်မရဲ့ ခံယူချက်က ကျွန်မကိုလိုအပ်တဲ့ နေရာတစ်ခုမှာပဲ နေချင်တယ်။ကျွန်မကို တန်ဖိုးမထားတဲ့ သူတွေဆီမှာ ကျွန်မမနေချင်ပါဘူး။ဒါပေမဲ့ သူတို့ဆီက ကျွန်မမထွက်ခွါခဲ့ဘူး။သူငယ်ချင်းဆိုတဲ့ အသိစိတ် နားလည်မှုတရားတွေက ချည်နှောင်နေတယ်။ဒါပေမဲ့ နားလည်မှုမရှိတဲ့ သူတို့က ကျွန်မဆီကနေ ထွက်ခွါသွားပါပြီ။ခုချိန်မှာ ကျွန်မရဲ့ စိတ်ကို ကျွန်မမုန်းနေတယ်။လူတွေရဲ့ စိတ်ကိုသိအောင် မျက်လုံးတွေဖတ်တတ်အောင် စကားတစ်ခွန်းရဲ့နောက်ကွယ် လူတွေအကြောင်းနားလည်အောင် ကြိုးစားခဲ့တဲ့ ကျွန်မရဲ့ စိတ်ကို မုန်းပါတယ်။
သူငယ်ချင်းတစ်ယောက်ကပြောသွားတယ်။“နင်က တော်ပါတယ်။အရမ်းတော်ပါတယ်။ငါတိုထက်တော်ပါတယ်။လူတွေအကြောင်းသိတာ အရမ်းတော်ပါတယ်။နင်ဟာ ငါတို့ဆရာပါ”တဲ့။အဲစကားက ဘာကိုဆိုလိုလဲဆိုရင် “နင်အရမ်းတော်လို့ ငါတိုနဲ့ ကွဲသွားတာ။နင်နောင်တရလိမ့်မ်။လူတွေအကြောင်းသိအောင် လုပ်ခဲ့တာကို”လို့ပြောချင်တာ။သူပြောတဲ့ စကားနောက်ကွယ်ကဟာကို သိနေတဲ့ ကျွန်မ။သူတို့မကြိုက်ခဲ့တဲ့ဟာကို ကျွန်မကပြင်လို့မရအောင်လုပ်ခဲ့မိပြီ။ကျွန်မသိနေတာကို မသိချင်ပါဘူးလို့မှ လုပ်လို့မရတော့တာ။
နောက်ဆုံးတော့ ကျွန်မဟာတစ်ယောက်တည်း။သြဂုတ်လ တစ်လလုံး ပြသနာတက်ခဲ့တယ်။စက်တင်ဘာလမှာ ပြိုကွဲသွားပါတယ်။ကျွန်မကြေကွဲဝမ်းနည်းနေတဲ့အခါ မရှိခဲ့တဲ့ သူငယ်ချင်းတွေကို ကျွန်မအလွန်ခင်မင်ခဲ့ပါတယ်။
ကျွန်မသည် ကျွန်မ၏သူငယ်ချင်းများကို နားလည်ပေးခဲ့ ပေးဆပ်ခဲ့တာမှန်လျှင် ကျွန်မထံသို့ သူငယ်ချင်းကောင်းတစ်ယောက် ရောက်ရှိလာပါစေသား...................။
စာရေးသူ - ပန်းရင့်ရောင်
(၉.၉.၀၉ အမှတ်တရ ဖြစ်ရပ်)
ရေးသားသူ ပန်းရင့်ရောင် ဒီအချိန်မှာ 10:44 PM 0 ပြောချင်တာတွေ
Labels: အမှတ်တရ
စကားလေးတစ်ခွန်း
သို့သော် မကြားခဲ့ရ။
ကြားရန်မလိုအပ်သောအချိန်တွင် ထိုစကားကို သူမကြားခဲ့ရသည်။
ထိုအချိန်တွင် သူနှင့်သူမကြားတွင် တံတိုင်းတစ်ခုခြားနေလေပြီ။
ဒါပေမဲ့ သူမ သူ့ကို စကားတစ်ခွန်းတော့ လေးလေးနက်နက်ပြောခဲ့ချင်သည်။
တစ်ပတ်ခန့်အကြာတွင် သူမ စူပါမတ်ကတ်သို့ ထပ်အသွားတွင် တိုက်ဆိုင်စွာ သူနှင့် ထပ်ဆုံလေသည်။
သူကလည်း သူမကို မှတ်မိလေသည်။အပြန်တွင် သူက သူမကို သဲနာရီတစ်ခု ပြန်ပေးလေသည်။
ထိုအချိန်မှ စပြီး သူနှင့် သူမခင်မင်သွားလေသည်။
သူမထက် သူသည် ၁နှစ်ခန့်ပိုကြီးသော်လည်း ကလေးဆန်လွန်းလှသည်။
သူမက ဓါတုနောက်ဆုံးနှစ် တက်နေသော်လည်း သူကတော့ ကွန်ပြူတာနှင့် ကျောင်းပြီးသွားပြီဖြစ်သည်။
သူသည် သူမကျောင်းသို့ မကြာမကြာလာလည်တတ်သော်လည်း သူနှင့်သူမသည် သူငယ်ချင်းအဆင့်ထက်လုံးဝမကျော်လွန်သေးပေ။
သူမသည် သူနှင့်ပတ်သတ်သမျှ အမှတ်တရအားလုံးကို ရင်ခုံစွာ သိမ်းဆည်းထားသည်။
နောက်ဆုံးတွင် သူမထိတ်လန့်စွာ သိလိုက်ရသည်က သူ့ကို ချစ်နေမိပြီ ဆိုတာပဲဖြစ်သည်။
သူ၏မျက်ဝန်းတွေကို သူမ၏မတောက်တခေါက်ပညာနှင့် အမြဲတမ်းဖတ်ရှုနေခဲ့လေသည်။
သို့သော် မဖြစ်နိုင်တော့သော်အချိန်တွင်...............။
“ငါကို ချစ်နေတဲ့သူကို ငါက လည်းချစ်တယ်ဆိုရင် ဘယ်လိုအခြေအနေပဲရောက်ရောက် မဖြစ်နိုင်တော့ရင်တောင်
အရမ်းချစ်တယ် ဆိုတဲ့စကားတစ်ခွန်းတော့ ပြောဖြစ်အောင် ပြောလိုက်ဦးမယ်” တဲ့။
“ရိပ် ကိုယ် စကားနည်းနည်းပြောချင်လို့”ဟု ပြောလေသည်။ထို့နောက် “ရိပ် ကို ချစ်တယ်”ဟုပြောလိုက်ချိန်တွင်
သူမသည် လောကကြီးတွင် အပျော်ဆုံးလူသားဖြစ်သွားလေသည်။
သို့သော် သူ၏ နောက်ဆက်တွဲစကားကြောင့် သူမတွေဝေတွန့်ဆုတ်သွားသည်။
တကယ်လို့ ရိပ်ကိုယ့်ကို ချစ်တယ်ဆိုရင် ကိုယ်တို့ ထွက်ပြေးကြရအောင်” ဟူသော
သူ့စကားတွေကိုသာ သူမတွေးရင် ဘာလုပ်ရမှန်းမသိတော့ပေ။
နောက်ဆုံးတွင်...........
သူမက “ကိုသူ့ကို ချစ်တယ်။အရမ်းချစ်တယ်။ဒါပေမဲ့ မဖြစ်နိုင်တဲ့ အတွက် ရှေ့မတိုးနဲ့စို့။” ဟုပြောခဲ့သည်။
နောက်ဆုံးတော့ ချစ်လျှက်နှင့် ဝေးခဲ့ရသည်။
ဒါပေမဲ့ သူမကျေနပ်ပါသည်။
သူမပြောချင်သော စကားတစ်ခွန်းကို ပြောခွင့်ရလိုက်သောကြောင့် ဖြစ်သည်။
ပြောခွင့်ရှိသောအချိန်တွင် ပြောထားကြပါ။
နောင်တစ်ချိန် ထိုစကားတစ်ခွန်းသည် အမှတ်တရဖြစ်နေပါလိမ့်မည်။
ရေးသားသူ ပန်းရင့်ရောင် ဒီအချိန်မှာ 10:42 PM 0 ပြောချင်တာတွေ
Labels: ၀တ္ထုတို
အမှတ်တရ နှင်းဆီ
ကျွန်မသည် ပန်းမကြိုက်တတ်သောသူဖြစ်သည်။သို့သော် ချစ်လှစွာသော ငယ်သူငယ်ချင်းက အစဉ်ပန်းကြိုက်လာအောင် လုပ်ပေးခဲ့ဖူးသည်။ထို့ကြောင့် နှင်းဆီပန်းသည် ကျွန်မဘ၀အတွက် အမှတ်တရ ဖြစ်နေတော့သည်။
လွန်ခဲ့သောငါးနှစ်..........အတိတ်ကာလ.........။
“နိုက် မင်းဟာလေ မိန်းကလေးဖြစ်ပြီး ပန်းလည်းမကြိုက်ဘူး။ထူးဆန်းလိုက်တာ”ဟု မိုးမခမ်းက ပြောလေသည်။
နိုက်ဟု မိုးမခမ်းက ခေါ်ရခြင်းမှာ ကျွန်မနာမည် ကြယ်ကြွေညမှ ညကို english လို အတိုခေါ်ခြင်းဖြစ်သည်။
“မိုး၊ နင်နဲ့ငါက ငယ်ငယ်တည်းက ပခုံးဖက်ပေါင်းလာတဲ့ စာဥတို့ သူငယ်ချင်းတစ်စုပဲဟာ။ငါ့ပန်းမကြိုက်တာ နင့်အတွက် မထူးဆန်းဘူးနော်။ဘာမှအပိုတွေလာပြောမနေနဲ့” ဟုကျွန်မကပြန်ပြောသောအခါ
မိုးက “အေးပါ။Intro လေးပျိုးနေတာကို။လိုရင်းကိုပြောတော့မယ်။ဒီတော့ နင်ပန်းကြိုက်လာအောင် နင့်ကို ပန်းနေ့တိုင်းငါ လာပေးမယ်” တဲ့။
ကျွန်မမှာ တစ်ချက်ကြောင်သွားပြီး “မိုး နင်လာကြောင်မနေနဲ့ မိန်းကလေးချင်းပန်းပေးတာ ကြားတောင်မကြားဖူးဘူး”ဟု ပြန်ပြောလိုက်သည်။
မိုးက “ဟေ့ ဆုံးအောင်နားထောင်။ငါက နင့်ကို ပေးချင်လွန်းလို့ပေးတယ်များထင်နေလား။ငါ့လို နင်လဲ ပန်းကြိုက်လာအောင် သင်ပေးမလို့။ဘာမှလာမပြောနဲ့တော့။ဒါပဲ”ဟု ဇွတ်ပြောကာ ထွက်သွားလေသည်။
နောက်နေ့မနက်လင်းတော့ မေမေက “နိုက်ရေ၊သမီး၊ထဦး။ဒီမှာ နှင်းဆီပန်း ခြံဝမှာ ဘယ်သူလာချိတ်ထားလဲ မသိဘူး။သမီးဘာတွေလုပ်ထားတာလဲ။”ဟု ကျွန်မအိမ်ယာတောင်မထသေးခင် မေမေ၏ အသံကို ကြားလိုက်ရသည်။ကျွန်မ မေမေ့ဆီက နှင်းဆီပန်းက စာကို ဖြုတ်ကြည့်သောအခါ “နိုက် နင့်အတွက် နှင်းဆီပန်း”ဟု တိုတိုတုတ်တုတ်ရေးထားသော မိုးလက်ရေးကို တွေ့ရလေသည်။
ကျွန်မက “မိုးလာပေးသွားတာ။သူရူးနေတယ်ထင်တယ်”ဟု မေမေ့ကိုပြောကာ နှင်းဆီပန်းကို မေမေ့လက်ထဲထိုးထည့်ပေးလိုက်သည်။
ထိုနေ့မှစကာ မေမေသည် ကျွန်မအခန်းထဲတွင် မိုးပေးထားသော နှင်းဆီပန်းများ ထိုးပေးသောအလုပ်ပိုလာလေသည်။
ကျွန်မမှာလည်း မနက်တိုင်း ခြံရှေ့က နှင်းဆီပန်းသွားဖြုတ်ယူရသော တာဝန်တိုးလာလေသည်။
မိုးနဲ့တွေ့သောအခါ ကျွန်မက “မိုး နင်အိမ်ထဲလာပေးလည်းရရဲ့သားနဲ့ သတ်သတ်အလုပ်ရှုပ်အောင် ခြံဝမှာလာချိတ်ရတယ်လို့” ဟုပြောတော့
မိုးက “နိုက် ငါကနှင်းဆီပန်းဝယ်ပြီး လာပို့ရတယ်။ဒီတော့ နင်လာယူသင့်တာပေါ့”ဟုပြောသည်။
ကျွန်မက မနိုင်တော့ဘူး ဟူသော သဘောဖြင့် ပခုံးတွန့်ပြလိုက်သည်။
ကံကြမ္မာဆိုးက ကျွန်မချစ်သော မိုးပေါ်သို့ ကျရောက်လာလေသည်။
မထင်မှတ်ထားပါပဲနှင့် မိုးသည် car accident ဖြစ်ကာ ပြန်းထန်ဒဏ်ရာရရှိခဲ့သည်။
သေအံ့ဆဲဆဲမိုးသည် ကျွန်မကို “နိုက် နင်ပန်းကြိုက်လာအောင် ငါ လုပ်မပေးနိုင်တော့ဘူး” ပြောသွားလေသည်။
ကျွန်မသည် မိုးဆီသို့ နှစ်တိုင်းသွားကာ နှင်းဆီပန်းကို လွမ်းတုပန်းခွေအနေဖြင့် သွားပို့သောအလုပ်ကို ၀မ်းနည်းစွာလုပ်ကိုင်ခဲ့ရလေသည်။
ပစ္စုပ္ပန်..............
မိုးမရှိတော့သော်လည်း မေမေက ကျွန်မအခန်းထဲတွင် နှင်းဆီပန်း ထိုးပေးဆဲပင်။
“နိုက် ရေချိုးတော့လေ။ဘာတွေတွေးနေတာလဲ”ဟူသောမေမေ့အသံကြောင့် ကျွန်မအတွေးစဖြတ်သွားလေသည်။
မေမေထိုးပေးထားသော နှင်းဆီပန်းကျွန်မတစ်ချက် ငုံ့နှမ်းကာ “မိုးရေ ငါပန်းခုထိ မကြိုက်သေးဘူး။နင့်ကို လွမ်းလိုက်တာ။နင်ပေးခဲ့တဲ့ နှင်းဆီတွေက ငါ့အတွက် အမှတ်တရနှင်းဆီတွေပါပဲ မိုးရေ”ဟု တိုးတိုးလေးပြောကာ ရေချိုးဖို့ပြင်လိုက်လေသည်.......။
စာရေးသူ - ပန်းရင့်ရောင်~~~~~၂၉.၈.၀၉
နံနက်ခင်းစောစောတွင် (ကျွန်မတောင် အိပ်ယာမထသေးဘူး)
“သမီးရေ........လာကြည့်ပါဦး” ဟု ဇွတ်ခေါ်နေသဖြင့် အတင်းထကာ ကြည့်လိုက်သည်။မျက်မှန်လည်းမတပ်ရသေးတာမို့ အဝေးကနေ မေမေဆီသို့လှန်းကြည့်လိုက်တော့ ခပ်ဝါးဝါးသာမြင်နေရသည်။ဈေးခြင်းတောင်းကိုင်ကာ ဈေးမသွားသေးပဲနဲ့ ဘာလုပ်နေမှန်းမသိပေ။
ကျွန်မမေမေ့ဆီရောက်သွားသော အံ့သြသွားသည်။အမှန်ထင်မှတ်မထားသည်ကို တွေ့ရသဖြင့် Shock ရသွားခြင်းဖြစ်သည်။မေမေက “သမီး စိတ်ထိန်းလေ”ဟု စိုးရိမ်စွာပြောလေသည်။မရည်ရွယ်ပဲနှင့် မျက်ရည်တွေကျလာကာ နောက်ဆုံးတော့................။
ကျွန်မနိုးလာတော့ မေမေကော ဖေဖေပါစိုးရိမ်စွာကြည့်နေလေသည်။အော်.........ကျွန်မမူးလဲသွားတာကိုး။
“မေမေ ပန်း နှင်းဆီပန်းကော”
“ဒီမှာလေ သမီး ထိုးထားလိုက်ပြီ ”
ဟုမေမေက ပြောမှ ကျွန်မစားပွဲကို ကြည့်မိလိုက်လေသည်။အို...........မိုးကျွန်မကို ပေးတုန်းကလို နီရဲနေသော နှင်းဆီတွေ။ဒါဆို မိုးများလား။မဖြစ်နိုင်ပေ။ကျွန်မရဲ့မိုးက ထွက်သွားပြီလေ။မျက်ရည်မကျအောင်ထိန်းရင်း မျက်လုံးမှိတ်ကာ ပြန်အိပ်ပစ်လိုက်သည်။“သမီးက အရင်နဲ့မတူပို ချူချာလာတယ်နော်” ဟုပြောသော ဖေဖေ့အသံကို ကြားရသည်။နောက် “အို ဖေကြီး သမီးလေးကြားသွားမယ်” ဟုပြောသော မေမေ့အသံ။ကျွန်မဘာမှမစဉ်းစားလိုတော့ပေ။လောလောဆယ် နှင်းဆီပန်းအကြောင်းတွေးရမည်။
အလွန်ထူးဆန်းသော ဖြစ်ရပ်။ကျွန်တော်ပေးသော နှင်းဆီပန်းကို မြင်ပြီး မူးလဲသွားသည်။ဘာတွေမှန်းမသိပေမဲ့ စိတ်တော်တော်ရှုပ်သွားသည်။နောက်မှ သူငယ်ချင်းတွေကို မေးကြည့်ဦးမယ်ဟု တေးကာ လက်ဖက်ရည်ဆိုင်သို့ထွက်လာခဲ့သည်။
လက်ဖက်ရည်ဆိုင်ရောက်တော့ “ဟေ့ကောင် အဆင်ပြေလား ကြယ်ကြွေညကို တွေ့ခဲ့လား”ဟု ဆီးမေးသော သူငယ်ချင်းတွေဆီ သွားလိုက်သည်။
“အေး တွေ့တယ် ကောင်းသောတွေ့ခြင်တော့မဟုတ်ဘူး”
“ဘာဖြစ်လို့လဲ ”
“ငါပေးတဲ့ပန်းမြင်ပြီး မေ့လဲသွားလို့ ကွ”
“ဟုတ်လား ”
“အင်း အရင်က သူဒီလိုဖြစ်ဖူးလား သိချင်တယ်”
”ဒါတော့သေချာ မသိဘူး ဒါပေမဲ့ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကတော့ မှတ်မှတ်ရရ ကွာ မိုးမခမ်းရဲ့ ဈာပနာမှာ အဲလိုပဲ မူးလဲဖူးတယ်”
“မသိတော့ဘူးကွာ”
ယနေ့နံနက် အစောကြီးနိုးခြင်းကိုက ပုံမှန်မဟုတ်ပေ။မိုး ဆုံးပြီးကတည်းက နံနက် (၆)နာရီဟူသော မိုးပန်းပို့တတ်တဲ့ အချိန်ကို ကျွန်မ အတတ်နိုင်ဆုံးမေ့ထားခဲ့သည်။ယနေ့မှ အစောကြီးနိုးကာ ခြံထဲ လမ်းလျှောက်ချင်စိတ်ပေါ်လာက စောစောထမိခြင်းဖြစ်သည်။မနေ့တုန်းကလို ပန်းလာပေးသည်ကိုလည်း မသိစိတ်က လိုချင်နေမိသည်ကို ကျွန်မ တိတ်ဆိတ်စွာဝန်ခံမိပါသည်။
ကျွန်မခြံထဲလမ်းလျှောက်နေစဉ် ခြံရှေ့သို့လာရပ်သော လူရိပ်ကြောင့် သေချာကြည့်မိသည်။ထိုသူလက်ထဲတွင် နီရဲနေသော နှင်းဆီပန်းတွေ....။ကျွန်မခြေလှမ်းတို့က ဘယ်လိုလုပ်ပြီး ခြံတံခါးရှေ့ ဦးတည်သွားမှန်းမသိတော့ပေ။
ဒီအချိန်မျိုး ကြယ်ကြွေည အိပ်ယာမထတတ်မှန်း သိထားသောကြောင့်မနေ့တုန်းကလို ကုပ်ချောင်းကုပ်ချောင်းမလာပဲ ရဲဝံ့သော ခြေလှမ်းများဖြင့် ကျွန်တော်နိုက်ခြံရှေ့ရောက်ခဲ့သည်။နှင်းဆီပန်းချိတ်နေစဉ် မထင်မှတ်ထားသော လူရိပ်ကြောင့် မော့ကြည့်မိတော့ ကျွန်တော်ချစ်သောနိုက်။
“ဟိတ် အဲတာ ဘာလုပ်နေတာလဲ” အံ့သြမှုကြောင့်လား ရင်ခုန်နေလို့လားသေချာမသိပေမဲ့ ပန်းချိတ်နေတာ မြင်သားနှင့် ကျွန်မ ခပ်ကြောင် ကြောင်မေးခွန်းမေလိုက်သေးသည်။
“ကျွန်တော်...ပန်းလာပေးတာပါ” ဟု အံသြမင်တက်စွာ အထစ်ထစ်ဖြေသော သူ့ကြောင့် ရယ်ချင်သွားသည်။အော်......ကျွန်မမရယ်တာပင် ကြာလှပြီ။ကျွန်မဘာမှမပြောရသေးမီ သူက
“သွားတော့ မယ်နော်”ဟု နှုတ်ဆက်ကာ ပြန်သွားလေသည်။ခြံရှေ့မှ ပန်းကို ဖြုတ်ယူရင်း “မိုးရေ နင်ကတော့ နင့်ကိုယ်ပွားလေးပို့လိုက်တယ်ပေါ့” ဟု တိုးတိုးလေး ရေရွတ်မိလေသည်။
နှင်းဆီပန်းလာပို့ပေးသော သူ့ကို တစ်ကြိမ်သာ မြင်ဖူးပေမဲ့ မှတ်မိနေသည်။နေ့တိုင်း နှင်းဆီနီတွေ လာပို့တတ်သော အမည်တောင်မသိသောလူကို ရင်ခုန်စွာ စွဲလမ်းနေမိတာ ဘာကြောင့်မှန်းမသိပေ။သူနှင့်နောက်တစ်ကြိမ်ပြန်ဆုံမှုကလည်း ကျွန်မဖွင့်ထားသော နိုက် စာအုပ်စာပေဖြန့်ချီရေး ဆိုင်တွင် စာအုပ်လာရှာဝယ်သောကြောင့်ဖြစ်သည်။သူကြည့်သွားသော အကြည့်တစ်ချက်က ကျွန်မသူ့ကို ရင်ခုန်စွာချစ်မိသွားခြင်းဖြစ်နိုင်လိမ့်မည်ထင်သည်။နှင်းဆီပန်းတွေကလည်း ကျွန်မအတွက် ထပ်မံကာ အမှတ်တရတွေ ထပ်ဖြစ်ပေါ်စေလေသည်။
နောက်ပိုင်းကျွန်မဆိုင်တွင် ပုံမှန်စာအုပ်လာဝယ်ခြင်း နှင်းဆီပန်းတွေမှာ ပို့စ်ကတ်တစ်ခု ပါလာတတ်ခြင်းများနှင့် သူ့ကို ပိုရင်နှီးလာသည်။
သူကတော့ နှင်းဆီပန်းကို လာပေးခြင်းမပျက်သလို ကျွန်မကလည်း နှင်းဆီပန်းမြင်ရင် မိုးကို သတိရယုံမက သူ့ကိုပါတွဲသတိရလေသည်။
သူနှင့် ကျွန်မချစ်သူတွေဖြစ်ပြီးနောက်ပိုင်းတွင် ကျွန်မမူးလဲရခြင်းအကြောင်းအရင်းကို ပြောပြမိသည်။သူက နှင်းဆီပန်းပို့ပေးခြင်းကို မိုးကိုယ်စားဆက်လက် ထမ်းဆောင်ခဲ့ပါသည်။ကံကြမ္မာက ကျွန်မတို့ဘက်မှာမရှိတာလား ဒါမှမဟုတ် ကျွန်မကိုက ကျိန်စာသင့်နေတာလား မသိပေ။ကျွန်မကျန်းမာရေးအခြေအနေမှန်ကို မေမေတို့ဖွင့်မပြောပေမဲ့ ကျွန်မမထင်မှတ်ပဲ သိခွင့်ရလိုက်သည်။ကျွန်မ ခေါင်းနောက်နေလို့ အလုပ်ကစောစောပြန်လာသောအချိန်တွင် အိမ်တွင်မိသားစု ဆရာဝန်နှင့် ကျွန်မကျန်းမာရေးအကြောင်း ဆွေးနွေးနေကြသော မေမေနှင့် ဖေဖေတို့ကို တွေ့ရသည်။ကျွန်မကိုမမြင်ကြပဲ ပြောစရာရှိတာဆက်ပြောနေကြသည်။
“ကြယ်ကြွေညက နှစ်ကြိမ် shock ရပြီးသွားပြီ။နောက်တစ်ကြိမ်ဆိုရင် မလွယ်တော့ဘူး”
“ဆေးတွေနဲ့ ထိန်းထားတာပဲဆရာရယ် အတတ်နိုင်ဆုံးတော့ ကြိုးစားပေးပါနော်”
ဆရာဝန်၏ သတိပေးခြင်း မေမေ၏တောင်းပန်တိုးလျှိုးသံတွေက ကျွန်မအတွက်တော့ အိပ်မက်တစ်ခုလိုပင်။နောက်ဆုံးတော့ ကျွန်မလည်းမိုးနောက်လိုက်ရတော့မယ်ဆိုတဲ့အသိက ၀င်ရောက်လာလေပြီ။နှင်းဆီပန်းတွေရဲ့ အမှတ်တရတွေကို ကျွန်မရရှိပြီးရင် အဖြစ်ဆိုးတစ်ခုပြီးတစ်ခုကြုံရမယ်လို့များ ကျိန်စာတိုက်ခဲ့ကြလားမသိပေ။ကျွန်မအတွက် အမှတ်တရတွေ ဇာတ်သိမ်းက...................။
(၂)နှစ်ခန့်ကြာသော်........
သင်္ချိုင်းထဲသို့ ကားတစ်စီးဝင်လာသည်။ထို့နောက် လူနှစ်ယောက်ဆင်းလာပြီး နှင်းဆီပန်းတစ်စည်းကို ချသွားပါသည်။
“မိုးရေ နင့်အတွက် နင်ကြိုက်တဲ့ နှင်းဆီနီတွေ လာပို့ပေးတယ်...ငါ့အတွက် အမှတ်တရတွေ ဖန်ဆင်းပေးခဲ့တဲ့အတွက် ကျေးဇူးပါ” (နိုက်)
အမှတ်တရတို့ကို ဆက်လက် ဖန်ဆင်းပေးခဲ့သော သူ့ကို ကျေးဇူးတင်ပါသည်။
လွန်ခဲ့သော (၂)နှစ်ခန့်က ကြီးကျယ်ခမ်းနားလှသော မင်္ဂလာဆောင် တစ်ခု မြို့လေးတွင် ပြုလုပ်ခဲ့ပါသည်။အံ့သြစရာ ကောင်းလောက်ကို နှင်းဆီပန်းတွေနှင့် မွန်းမံထားသော မင်္ဂလာပွဲလေးဖြစ်ပါသည်။
နိုက်သည် တတိယအကြိမ် shock မဖြစ်ပဲ သူမ အတွက် ပျော်ရွှင်စရာ ဇာတ်သိမ်းလေး တစ်ခုကို ပိုင်ဆိုင်သွားခဲ့ပါသည်။အမှတ်တရ....တွေကို မိုးကိုယ်စားဆက်လက်ဖန်းဆင်ပေးခဲ့ပြီး ကျွန်မကို မြတ်မြတ်နိုးနိုးစွန့်စွန့်စားစားချစ်ခဲ့သော သူသည် ကျွန်မအတွက် အမှတ်တရ နှင်းဆီပါပဲ.........။
စာရေးသူ - ပန်းရင့်ရောင် ~~~~~၃.၁၁.၀၉
ရေးသားသူ ပန်းရင့်ရောင် ဒီအချိန်မှာ 8:47 PM 2 ပြောချင်တာတွေ
Labels: ၀တ္ထုတို