BLOGGER TEMPLATES AND TWITTER BACKGROUNDS

Saturday, January 9, 2010

ဒဏ်ရာများနှင့် လမ်းမ

လူတစ်ယောက်နဲ့ တစ်ယောက် အချစ်ကို စတင်တွေ့ဆုံပုံချင်းမတူညီကြတဲ့ကြားထဲမှာ သူ အချစ်ကို တွေ့ဆုံပုံက နည်းနည်းတော့ ရုပ်ရှင်ဆန်သလိုပင်။ဘယ်လိုရှုထောင့်ကကြည့်ကြည့် ကောင်မလေးတစ်ယောက်က သူ့ကို အကူအညီပေးသွားရင်းနဲ့ စတွေ့ဖူးကာ ချစ်မိသွားတယ်လို့ပြောရင် စိတ်ကူးယဉ်ဆန်လိုက်တာ ဟု ထင်ကြပေလိမ့်မည်။တကယ်လည်း သူ တစ်ခုသော မနက်ခင်းလေးမှာ အချစ်ဆိုတဲ့အရာတစ်ခုကို သူ့နှလုံးသားတစ်ခုလုံးက တည့်တည့်ကြီးကို ၀င်တိုးခဲ့လေသည်။

ဘာဖြစ်မှန်းမသိ ရပ်သွားသော ဆိုင်ကယ်ကြောင့် သူ အကြီးအကျယ်စိတ်ဓါတ်ကျသွားသည်။သူရောက်နေသော နေရာက မြစ်ကြီးနားမြို့ပြင် ပမ္မတီးအလွန် နမ္မတီးသွားတဲ့လမ်းပေါ်မှာကို လာဖြစ်နေသည်။သွားလာနေသော ဆိုင်ကယ်တွေက အရင်အတိုင်းဆိုရင် များနိုင်ပေမဲ့ အခုလို မနက်ကြီးကျတော့ သိကြားမင်းဆိုင်ကယ် ဒါမှမဟုတ်လျှင် မဏိမေခလာနတ်သမီး ကုန်းပေါ်တက် ဆိုင်ကယ်လာစီးပြီးကယ်မှသာ ရပေလိမ့်မည်။သူ ဆိုင်ကယ်ဆီဘုံးလေးကိုကြည့်လိုက်တော့ ဓါတ်ဆီက ဗလာနတ္ထိ။အိမ်က အကိုဝမ်းကွဲကို အကြီးအကျယ်ကျိန်ဆဲရင်း မြစ်ကြီးနားဘက် ပြန်လှည့်တွန်းလိုက်သည်။

`ဆိုင်ကယ် ဘာဖြစ်သွားတာလဲ မသိ´ဟု မေးသံကြောင့် သူကြောင်သွားသည်။မဏိမေခလာနတ်သမီး မဟုတ်ပေမဲ့ ကောင်မလေးတစ်ယောက် သူ့ကို လာမေးသည်။မြို့ထဲမှာဆိုလျှင် လာကြောင်နေသည် ဟု တွေးကောင်းတွေးနိုင်ပေမဲ့ ခုချိန်တော့ မပစ်မှားရဲသေးပေ။`ဆိုင်ကယ်ဆီပြတ်သွားလို့ပါ´ဟု သူပြန်ဖြေလိုက်တော့ ကောင်မလေးက `ဒီနေရာက ခဏစောင့် ပမ္မတီးဖက်မှာ သွားဝယ်ပေးမယ်´ဟု ပြောကာ ဆိုင်ကယ်ဆက်မောင်းသွားသည်။သူကတော့ ထိုကောင်မလေးကို အလွန်ကိုကျေးဇူးတင်သွားပါသည်။ဆိုင်ကယ်ဆီဝယ်ပေးကာ လာပေးပြီးနောက် ထိုကောင်မလေးနာမည်တောင် မမေးမိပေ။ကျေးဇူးတင်ကြောင်းကိုသာ ပြောမိပြီး ဆက်သာမောင်းလာလိုက်သည်။သူမ သည် စိတ်ဝင်စားစရာကောင်းသော ကောင်မလေးတစ်ယောက်ဖြစ်သည်ကို တော့ စိတ်ထဲက တိတ်တဆိတ်ဝန်ခံလိုက်သည်။

မေမေတို့က နမ္မတီးက အသိအိမ်ကို သွားခိုင်းလို့သာ မနက်စောစောထွက်လာသော်လည်း လမ်းမှာဆီပျက်နေသော ကိုယ်တော်ကို ကူညီလိုက်ရခြင်းကြောင့် အချိန်အတိကျမရောက်ပဲနည်းနည်းတော့ နောက်ကျသွားသည်။သို့သော် သူမပျော်ပါသည်။ဒုက္ခရောက်နေတာကို ကူညီပေးလိုက်ရတာ မင်္ဂလာတစ်ပါးမဟုတ်ပေဘူးလား။ကူညီရတာကို ဘယ်လိုစိတ်မလို့လဲမသိ တော်တော်ဝါသနာပါမိသည်။

`ဆရာမလာပြီ´ဟူသော အသံနှင့် ခြံရှေ့ကို အပြေးသွားကြိုသော တူလေးကြောင့် သူခေါင်းထောင်သွားသည်။သူ မြစ်ကြီးနားရောက်တာ ၃ ရက်လောက်ရှိပြီ ဖြစ်သော်လည်း ခုလိုစာလာသင်သော ဆရာမကို မသိသေးပေ။ဆိုင်ကယ်ကို ခြံထဲမောင်းဝင်လာပြီး ရပ်လိုက်သော တူလေးဆရာမကြောင့် သူအံ့သြမိသည်။ဟိုနေ့က သူ့ကိုကူညီသွားသော ကောင်မလေးက ဆယ်တန်းတက်နေသော တူလေး၏ ဆရာမလို့ပြော ဘယ်လိုလုပ်ယုံစရာရှိမည်နည်း။သူနှင့် သူ့တူလေးမှာ တူဝရီးလို့သာ ပြောသည် အသက် ၅နှစ်လောက်သာ ကွာပြီး အကိုဝမ်းကွဲက မွေးသော သားလေးဖြစ်သည်။ဆရာမဟုပြောသော သူမသည် သူ့ဘက်သို့တစ်ချက်လေးတောင်လှည့်မကြည့်ပဲ တူလေးနှင့် စာကြည့်ခန်းထဲသို့ တန်းဝင်သွားလေသည်။

`ကိုကို တူလေးဆရာမဆိုတာက´ဟု မနေနိုင်မထိုင်နိုင် သူကသာ ၀မ်းကွဲအကိုကို သွားမေးယူရသည်။`အော် အပြင်က ဆရာမပါ။စာသင်ကောင်းလို့ ခေါ်ထားတာ။ငယ်ငယ်လေးနဲ့ တော်တော် စာသင်ကောင်းတယ်´ ဟုဖြေသော ကိုကို့စကားကြောင့် သူစိတ်လေသွားသည်။နာမည်လေးတောင် ထည့်မပြောသော ကိုကို ကိုလည်း စိတ်ထဲက ကျိန်ဆဲလိုက်သည်။မတတ်နိုင်ပေ။စာသင်ပြီးမဲ့အချိန် သူ့ကို တွေ့လောက်သော နေရာကို ရွေးထိုင်နေလိုက်မည်ဟုသာ တွေးလိုက်သည်။

သူမ ကလေးကို စာသင်ပြီးနောက် အထွက်တွင် လူတစ်ယောက်ထိုင်နေသည်ကို သတိထားမိလိုက်သည်။မှတ်မိသလိုလို မြင်ဖူးသလိုလိုရှိပေမဲ့ စဉ်းစားလို့တော့မရပေ။တပည့်လေးကတော့ `ဆရာမ အဲတာ သားဦးလေး´ မိတ်ဆက်ပေးသောအခါ သူက သူမတို့ထံထလာပြီး `ကျွန်တော်ကို မှတ်မိလားမသိဘူး´ဟု လာမေးသည်။သူမက အားနာစွာခေါင်းရမ်းမိတော့ သူက အကြောင်းစုံ အဖြစ်စုံကို ပြန်ပြောပြမှပဲ မှတ်မိတော့သည်။

သူမနာမည်ကို သူသိလိုက်ရသော်လည်း ဘာဆက်လုပ်ရမှန်းတော့မသိပေ။သူမအကြောင်းကို တူလေးကို မေးကြည့်ရင်ရနိုင်သဖြင့် တူလေးကိုပဲ အားကိုးစွာမေးလိုက်သည်။`သား ဆရာမက ငယ်လှချည်လား´ဟု စာကျက်နေသော တူလေးကို သွားမေးတော့ `မငယ်ပါဘူး သားထက် ၇ နှစ်တောင်ကြီးတယ်´ဟု ဖြေလိုက်တော့ သူမအသက်ကို သိရလေသည်။တူလေးက မမေးပဲနဲ့ကို စာကျက်ရတာ ပျင်းလို့ ထင်သည် သူမအကြောင်းကို စိတ်လိုလက်ရ ပြောပြလေသည်။`ဖေဖေနဲ့ ဆရာမမိဘတွေက ခင်လို့ လာသင်ပေးတာပါ။အမှန်တော့ ဆရာမက စာသင်တဲ့အလုပ်လုပ်တာ မဟုတ်ဘူး။သူ့ကိုယ်ပိုင်အလုပ်သတ်သတ်ရှိတယ်။စာသင်တာကို ၀ါသနာတော့ပါတယ်လို့ပြောတာပဲ´ဟု ပြောသောကြောင့် သူမကို အံ့သြမိသည်။သူမသည် နည်းနည်းတော့ ထူးဆန်းတယ်ဟု စိတ်ထဲမှာ ခံစားရသည်။သူအလွန်ပျင်းသော စာသင်သည့်အလုပ်ကို သူမက ၀ါသနာပါတယ်တဲ့။

တူလေးက ပြောချင်သလောက်သာ ပြောပြီး စာဆက်ကျက်နေသဖြင့် သူ ကိုကိုဆီသာ သွားပြီး ပေါ်တင်မေးလိုက်သည်။ဘာလို့ စိတ်ဝင်တစားမေးရတာလဲ ဟုပြောတော့ စိတ်ဝင်စားလို့ သဘောကျလို့ ဟုသာ ပွင့်ပွင့်ပဲပြောပြီး မေးပစ်လိုက်သည်။ကိုကိုကတော့ သွားမချိန်နဲ့ မင်းခံစားလိုက်ရမယ် ဟုအစချီကာ ပြောသော သူမအကြောင်းကို နားထောင်မိသည်။

ကိုကိုပြောသော သူမအကြောင်း
ငွေနှင်းမှုန်ဟုခေါ်သော သူမသည် မျိုးရိုးအလိုက် ထူးချွန်သော မိသားစုကဖြစ်သည်။ဆရာဝန်မျိုးရိုးက ကြီးပြင်းလာသော သူမအတွက် ရည်မှန်းချက်ဆိုတာ ဆရာဝန်ကလည်းလွဲလို့ ကျန်တာကို လုပ်ပိုင်ခွင့်မရှိနိုင်ပေ။သူမ၏ အစ်မဖြစ်သူကလည်း ဆရာဝန်တစ်ယောက်ပင်။သူမကလည်း မျိုးရိုးကြောင့်လား ကိုယ်ပိုင်အရည်အချင်းကြောင့်လား မသိပေမဲ့ သူမသည် အတန်းထဲတွင် အဆင့် ၁ကနေ မကျသော ကျောင်းဂုဏ်ဆောင်တစ်ယောက်။

သူမဆယ်တန်းတွင် ဘာသာစုံဂုဏ်ထူးဖြင့် အောင်မြင်ပြီး မိဘတိုက်တွန်းချက်အရ သူမ ဆေးကျောင်းတက်ခဲ့သည်။သူမက ပန်းချီဆွဲရတာဝါသနာပါပြီး အင်ဂျင်နီယာ ဖြစ်ချင်ခဲ့သော်လည်း ဆရာဝန်တစ်ယောက်အဖြစ်ကိုသာ ရွေးချယ်ခဲ့သည်။ထိုအထိ သူမဘ၀တွင် အဖုအထစ်မရှိသော်လည်း အဝေးတစ်နေရာတွင် ဆေးကျောင်းတက်နေရသော သူမဘ၀တွင် ၀ါသနာကို ဘယ်လိုအကောင်အထည်ဖော်ရမှန်းသိလာသည်။သူမစိတ်ဝင်စားသော အရာတွေကို တစ်ခုပြီးတစ်ခုလိုက်လုပ်တတ်လာသည်။ပန်းချီသင်တန်းတွေလိုက်တတ်၊အင်္ဂလိပ်စကားပြောသင်တန်းတွေမှာ လျှောက်သင် ပြီးနောက် သူမစိတ်ဝင်စားသော ဓါတုဗေဒဘာသာရပ်ကို လေ့လာကာ G C E o level စာမေးပွဲဝင်ဖြေဖို့ ပြင်ဆင်နေခဲ့သည်။သူမ ကျောင်းစာနှင့်ပတ်သတ်လို့ ဘာမှသိပ်မလုပ်ပေ။

နဂိုတည်းက ဥာဏ်အားကောင်းသူတစ်ယောက်မို့ သူမဖြေသော G C E o level စာမေးပွဲအောင်သော်လည်း သူမစိတ်ဝင်မစားသော ဆေးကျောင်းက ဘာသာရပ်တစ်ခုမှာ supple ထိလေသည်။သူမ အသိုင်းအ၀ိုင်း သူမပတ်ဝန်းကျင်တွင် သူမသည် တကယ်ကိုဆိုးသွန်းသူတစ်ယောက်ဖြစ်ခဲ့သည်။သူမသည် ဆေးကျောင်းဆက်မတတ်ပဲ အဝေးသင်ပြောင်းကာ သူမ၀ါသနာပါရာတွေကိုသာ လျှောက်လုပ်တော့သည်။ပန်းချီဆွဲခြင်းကို အဓိက လေ့လာပြီး စာသင်ခြင်းကိုတော့ အသိတွေနှင့်နီးစပ်ရာကိုသာ သင်ပေးလေ့ရှိသည်။သူမသည် ကိုယ်ပိုင်စီးပွားရေးအနေဖြင့် လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ဖွင့်ထားပြီး လူငယ်ဆန်ဆန်နေထိုင်တတ်သူတစ်ယောက်သာ။ သူမအသိုင်းအ၀ိုင်းပတ်ဝန်းကျင်ကတော့ သူမကိုခုချိန်ထိ ပြောဆိုနေကြတုန်း။မလိမ္မာသော ဆိုးသော ထင်ရာဆိုင်းသော သူတစ်ယောက်အဖြစ် သူမပတ်ဝန်းကျင်တွင် ပြန့်နေဆဲသာ။သူမသည် အလွန်တော်သော သူတစ်ယောက် စာသင်ကောင်းသော သူတစ်ယောက်အဖြစ် မည်သူမှ သိပ်လက်မခံကြပေ။

ဆက်ရေးပါမည်။
စာရေးသူ - ပန်းရင့်ရောင်~~~~~၁၀.၁.၂၀၁၀




စိတ်ဝင်စားသေးရင်...

Tuesday, January 5, 2010

ဆောင်းနှင်းဝေတဲ့ လွမ်းပန်းချီ

ဝိုးတ၀ါးနဲ့ နှင်းမှုန်တွေ ဖုံးနေပေမဲ့
တစ်ချက်လေးမြင်လိုက်ရတာကို
တဖျက်ဖျက်ခုန်နေတဲ့ ရင်အစုံက
ဆောင်းနံနက်ခင်းကို ပီပြင်စေခဲ့တယ်။
မြင်မြင်ချင်းချစ်တယ်ဆိုတာကို
မယုံခဲ့သမျှ ခုမှဝဋ်လိုက်တော့လည်း
သာယာတဲ့သူ့ရယ်သံတိုးတိုးအောက်မှာ
လောကကြီးကို မေ့လို့။
မသွားပါနဲ့လို့ မျက်လုံးတွေက တားနေပေမဲ့
နှုတ်က စိတ်ငြိမ်စွာပဲ ခုန်ထွက်မလာဘူး
မျက်ရည်တွေကြားမှာ မျောမနေပေမဲ့
ခံစားချက်တွေက လေမှာဝဲလို့။
ပြန်ဆန်လာမဲ့ရထားကို ကြိုနေမဲ့
ဘူတာဟောင်းတစ်ခု မဟုတ်ပြန်တော့
ဆောင်းပန်းချီကို အလွမ်းတွေချယ်နေခဲ့ရတယ်။
အေးစက်စက်နှင်းငွေ့တွေကြားမှာ
ခြေစုံရပ်ရင်း ခပ်တိုးတိုးအသံတစ်ခုကို
နှလုံးသားတောင်ပံခတ်သံကြားက ကြားလိုက်တယ်
လွမ်းတယ်တဲ့...........။
                                                                       
အချစ်ဆိုတာ တကယ်တော့ နှလုံးသားတောင်ပံခတ်သံကြားက ထွက်ပေါ်လာတဲ့အရာလေးတစ်ခုမှန်း ကျွန်မတိတ်ဆိတ်စွာ ၀န်ခံလိုက်ရချိန်မှာ တားဆီးမရနိုင်အောင်ပဲ သူ့ကိုချစ်မိသွားပြီလေ။သူဆိုတာက..........။ဟိုလွန်နေပြီးသော အတိတ်တစ်နေရာဆီက နက်နက်ရှိုင်းရှိုင်းကို ညှိတွယ်ခဲ့ဖူးတဲ့ ကျွန်မ စိတ်ကို ဖမ်းစားနိုင်ခဲ့သူ။အချစ်ဆိုတာ ကျွန်မအတွက်တော့ အဖြေမရှိတဲ့ ပုစ္ဆာဟောင်းတစ်ခုပါပဲ။

ဆောင်းဦးရဲ့အေးမြတဲ့ အငွေ့အသက်ကြားမှာ သူ့ကို စတင်သတိထားမိသွားတာပါပဲ။သူ့ကို သတိထားမိခြင်းအစက သူငယ်ချင်းတွေနဲ့ တိုးဖွဲ့ဖွဲ့ရယ်နေတဲ့ သူ့အသံလေးကြောင့်လို့ ထင်ပါတယ်။တကယ်ကို အခိုက်အတန့်လေးအတွင်းမှာပဲ သူ့ရယ်သံတိုးတိုးလေးကို စွဲလမ်းသွားမိတာကိုက အချစ်လို့ပဲပြောရမလားနော်။

ကျွန်မသူနဲ့ စပြီး ချစ်သူဖြစ်ပြီးနောက်မှာပဲ သူ့ရဲ့ ဂုဏ်ပုဒ်လေးကို ကြားလိုက်ရတယ်။lady killer ဆိုပြီးနာမည်ကြီးတစ်ယောက်ကို ကျွန်မက ရယ်သံကနေစချစ်တယ်လို့ပြောရင် ရူးတယ်လို့ထင်ကြပါလိမ့်မယ်။တစ်ကယ်ချစ်ခဲ့တာပါပဲ။သူနဲ့ ပတ်သတ်တိုင်း ဂျေမ၀င်မိအောင် ထိန်းပေမဲ့ တစ်ခါတလေကျပြန်တော့လည်း ဘယ်လိုမှနားလည်ပေးလို့မရတဲ့အခါ အက်ကြောင်းလေးအစပေါ့။နှင်းမှုန်လေးတွေကြားမှာ ပျော်ရွှင်စွာလက်တွဲပြီး လမ်းလျှောက်ခဲ့တဲ့နေ့တွေ ရှိသလို တစ်ယောက်တည်းစောင်ခြုံထဲမှာ ကွေးပြီး ကျိတ်လွမ်းခဲ့ရတဲ့ ရက်တွေကလည်း မနည်းပါလားနော်။လူတစ်ယောက်ကို ချစ်မိရင် တကယ်ပဲရှုံးလာတတ်လားကို မသိတော့ပါဘူး။

ကျွန်မမှာတော့ ဆောင်းဆိုတာ သူနဲ့စတင်တွေ့ရှိပြီး တစ်ခါမှမချစ်ဖူးတဲ့နှလုံးသားကို ငလျင်တစ်ခုလှုပ်သွားတဲ့ရာသီမို့ တန်ဖိုးထားခဲ့ပေမဲ့ တကယ်တော့ ဆောင်းက ကျွန်မအတွက် လွမ်းပန်းချီသက်သက်ဖြစ်နေပြန်တယ်။ရင်ခွင်ဟောင်းဆိုတာ ပြန်နားကောင်းတဲ့နေရာမဟုတ်သလို ကျွန်မရင်ခွင်ကလည်း အတောင်ကျိုးငှက်တို့ ပျော်စံရာဇရပ်အိုသတ်သတ်မှမဟုတ်တာလေ။လမ်းခွဲချိန်ကစပြီး ရင်ထဲကဘယ်လောက်ချစ်နေချစ်နေ ဆောင်းနှင်းစက်တွေကြားမှာ အလွမ်းတွေထပ်ချယ်ဖို့ပဲ ခွင့်ပြုထားမိတယ်။ပြန်ဆန်လာမဲ့ရထားကို စောင့်ကြိုနေမဲ့ ဘူတာဟောင်းလေးမဟုတ်ပေမဲ့ တစ်ချိန်က အချစ်ရနံ့တွေရင်ခုန်ခြင်းတွေ သင်းပြန့်ခဲ့တယ် ဘုံဗိမ္မာန်လေးတစ်ခုပေါ့။

တကယ်တော့ ကျွန်မအတွက် အချစ်ဆိုတာ အဖြေမရှိတဲ့ ပုစ္ဆာတစ်ခု ဖြစ်သလို ဆောင်းနှင်းဝေတဲ့ လွမ်းပန်းချီသက်သက်ပါပဲလေ။ခုတော့ နှင်းစက်တွေက အရင်အတိုင်း ကကြိုးတွေ ဆင်နေပါတယ်။သူကလည်းအရင်အတိုင်း ရယ်သံတွေသာယာနေမှာပေါ့။ကျွန်မမှာလည်း အလွမ်းစုတ်ချက်နဲ့ နှလုံးသားကို ထပ်ပြီးထုံကျဉ်စေအောင် ချစ်တယ်ဆိုတဲ့ စကားလုံးတွေကို ထပ်ရေးချယ်လိုက်ပါတယ်။ အလွမ်းတွေပီပြင်အောင် နှင်းတွေလည်းတရစက်ဝေပေးလှည့်ပါနော်။

စာရေးသူ - ပန်းရင့်ရောင်~~~~~၆.၁.၂၀၁၀                                              

စိတ်ဝင်စားသေးရင်...