BLOGGER TEMPLATES AND TWITTER BACKGROUNDS

Saturday, February 27, 2010

ပန်းရင့်ရောင် ရှင်းတမ်း

ကျွန်မ အခုရေးမဲ့ ပို့စ်နဲ့ ပတ်သတ်လို့ မကျေနပ်တာရှိပါက blog.pinkgirl@gmail.com သို့မေးလ်ပို့ပြီး တိုက်ရိုက်ပြောကြားနိုင်ပါတယ်လို့ ကြိုတင်ပြီး တောင်းဆိုထားပါတယ်။
ကျွန်မ ဘာလို့ ဘလော့ဒ်ရေးလည်းဆိုရင် စာရေးတာဝါသနာပါလို့ ဆိုတာပြောပြီးသားပါ။ဝါသနာသတ်သတ် ကျွန်မ စိတ်ကူးစိတ်သန်းတွေနဲ့ ဖွဲ့တည်ပြီး စာရေးခဲ့တာပါ။ကျွန်မစာရေးရင် အတတ်နိုင်ဆုံးဆင်တူရိုးမှား မဖြစ်အောင်ကို ရေးတတ်ပါတယ်။ကျွန်မစာရေးရင် တကယ်ကို နှလုံးသားနဲ့ ခံစားပြီးရေးခဲ့တာလို့ ၀န်ခံပါတယ်။ကျွန်မ ပို့စ်တစ်ပုဒ်ရေးဖို့ဆိုရင် အချိန်အများကြီးပေးရပါတယ်။ကျွန်မအားလပ်ချိန်တွေကို အနားယူရမဲ့အချိန်တွေကို ကျွန်မကိုယ်ပိုင်GP ထိုင်နေရမဲ့အချိန်တွေကို ကျွန်မဖဲ့ပြီးရေးခဲ့တာပါ။ကျွန်မ ဘလော့ဒ်မှာ စာရေးနေတာရှိသလို ကျွန်မဘာသာ စာအုပ်ထဲမှာ ရေးနေတဲ့အချိန်တွေလည်းရှိပါတယ်။ကျွန်မလေ့လာရမဲ့စာတွေကြားထဲမှာ အချိန်ကို လုယက်ပြီး ရေးသားခဲ့ရတာတွေပါ။ကျွန်မရင်ထဲက ပွင့်တဲ့ပန်းလို့တောင် တင်စားလို့ရပါတယ်။

အရောင်များကြားက အဖြူရောင်မေတ္တာကို ကျွန်မ ning site (၃)ခုမှာအရင်ရေးခဲ့တာပါ။နှစ်ပိုင်းခွဲပြီး ရေးခဲ့တဲ့ ၀တ္ထုတိုလေးပါ။ကျွန်မက သူငယ်ချင်းသံယောဇဉ်ကို အရမ်းအလေးထားပြီး ရေးချင်ခဲ့တာပါ။ဒါကြောင့်လည်း အတော်ကြိုးစားပြီး ရေးခဲ့တာပါ။ကျွန်မဖန်တီးထားတဲ့ ဇာတ်လမ်းက အရမ်းကို သမရိုးကျပါတယ်။သူငယ်ချင်းမလေး သေရင်သေ မသေရင် ညားဖို့ပဲရှိတာလေ။ကျွန်မက happy ending ထက် ဆွေးရတာကို ပိုကြိုက်လို့ သေခိုင်းခဲ့တာပါ။ကျွန်မရေးခဲ့တဲ့ အသုံးအနှုန်းတစ်ချို့တွေက ကျွန်မပြောလေ့ရှိတဲ့ စကားပြောပုံစံတွေ ကျွန်မရဲ့ စိတ်နေစိတ်ထားတစ်ချို့ ကိန်းအောင်းနေတဲ့ ပို့စ်လေးမို့ ကျွန်မတကယ်ကို နှစ်သက်ခဲ့တာပါ။ကျွန်မရေးခဲ့တဲ့ ဇာတ်ကောင် သူငယ်ချင်းမလေးနာမည်ကိုတောင် ကျွန်မဘာလို့ မွန်းလို့ ပေးခဲ့လည်းဆိုရင် ကျွန်မအိမ်နာမည်ကလည်း မွန်းပြည့်အောင် မို့လို့ပါ။ဒါကြောင့် ကျွန်မကို အိမ်မှာ ခေါ်တတ်ကြသလို မွန်းဆိုတာလေးကို ထည့်ရေးခဲ့တာပါ။ဘယ်ဇာတ်ကား ဘယ်ဇာတ်လမ်းကို မှ အတုခိုးယူပြီးရေးခဲ့တာမဟုတ်ပါဘူးရှင်။

ကျွန်မတို့စာရေးသူတွေမှာ ကိုယ်ရေးတဲ့စာကို ကိုယ်တာဝန်ယူရတာပါ။ဒီတော့ ကျွန်မ မဟုတ်တဲ့ကိစ္စကို မဟုတ်ဘူးလို့တော့ ပြောပိုင်ခွင့်ရှိတယ်ထင်လို့ ကျွန်မဒီပို့စ်လေးကိုရေးတာပါ။ဘယ်ဇာတ်လမ်း ဇာတ်ကားတွေက ကျွန်မ ဇာတ်လမ်းလေးနဲ့ တူနေနေ ကျွန်မကြည့်ဖူးလို့ အတုခိုးကော်ပီယူပြီး ရေးနေတာ မဟုတ်ပါဘူး။ကျွန်မရင်ထဲကနေ ပွင့်လာတဲ့ ပန်းလေးတွေလို စနစ်တကျ ခံစားပျိုးထောင်ပြီး ရေးခဲ့တဲ့ စာလေးတွေပါ။ကျွန်မစာတွေကို ကော်ပီသဘောမျိုးထင်အောင် ပြောတာကိုတွေ့ရတော့ ကျွန်မတကယ်ဝမ်းနည်းပါတယ်။ကျွန်မရေးတဲ့ စာတွေကို ကျွန်မတကယ်မြတ်နိုးပါတယ်။တခြားသူတွေ ရေးတာကိုလည်း လေးလည်းလေးစားပါတယ်။သူများတွေကို ကျွန်မပုတ်ခတ်ပြီး စာမရေးတတ်သလို ကျွန်မကို ရိသလိုလို ကော်ပီလိုလို ရေးသွားတဲ့ comment တွေကို ကျွန်မအလွန်မုန်းပါတယ်။

ကျွန်မပန်းရင့်ရောင်က ကော်ပီကူးထားသော ဇာတ်လမ်းများကို ဇာတ်အိမ်တည်ကာ စာရေးနေတာမဟုတ်ပါဘူး။နှလုံးသားနဲ့ ခံစားပြီး ဦးနှောက်နဲ့ တွေးခေါ်ထားတဲ့ စာတွေကိုသာရေးသားနေတာပါ။ကျွန်မရေးသော စာသည် တခြားသူ၏စာနှင့် ဇာတ်လမ်းနှင့် ဇာတ်ကားနှင့် တူညီနေပါလျှင် တိုက်ဆိုက်မှု သတ်သတ်သာဖြစ်ပါတယ်။ဘယ်မှာ ဘယ်လိုရေးထားတယ် ဘယ်လိုဇာတ်လမ်းရိုက်ထားတယ်တို့ကို ကျွန်မကို ပြောစရာမလိုဘူးလို့ထင်ပါတယ်။သူလည်း သူစိတ်ကူးရှိသလို ရေးသားရိုက်ကူးနေသလို ကျွန်မလည်း ကျွန်မခံစားမိတာကို ရေးသားခြင်းသတ်သတ်ဖြစ်ပါတယ်။ဒါကြောင့် ကျွန်မ စာတွေကို ကော်ပီဟု အဓိပ္ပါယ်သက်ရောက်သော comment များရေးသားခြင်းမပြုကြဖို့ တောင်းဆိုချင်ပါတယ်။

Comment များကို moderation လုပ်ထားပါတယ်။ကွန်ပြူတာရှေ့မှာ အချိန်တိုင်းထိုင်မနေနိုင်သောကြောင့် moderate လုပ်တာနောက်ကျပါက ကြိုတင်တောင်းပန်အပ်ပါတယ်။လွတ်လပ်စွာ ကွန်မန့်ပေးခိုင်းစေချင်သော်လည်း အခြေအနေအရပ်ရပ်ကြောင့် moderate လုပ်လိုက်ရခြင်းဖြစ်ပါတယ်။နားလည်ပေးနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်ရှင်။
အားလုံးကိုခင်မင်လျှက်
ပန်းရင့်ရောင်

စိတ်ဝင်စားသေးရင်...

Friday, February 26, 2010

အရောင်များကြားက အဖြူရောင်မေတ္တာ

ခံစားချက်များ စုစည်းရာ မှာ တင်ထားပြီးသား ပို့စ်လေးဖြစ်ပါတယ်။ဖတ်ပြီးသားဖြစ်နေလည်း တောင်းပန်ပါတယ်။

အပိုင်း(၁)
စာအုပ်တစ်အုပ်ကို စိတ်လိုလက်ရဖတ်နေသော သူမကို လန့်စေချင်သောစိတ်ဖြင့် သူတိတ်ဆိတ်စွာအနားကပ်သွားလိုက်သည်။သို့သော်`ခိုးကြောင် ခိုးဝှက်လုပ်တယ်ဆိုတာ ဘယ်တော့မှ ကောင်းတဲ့အလုပ်မဟုတ်ဘူး ညီညီ´ဟု ထွက်လာသော မပျော့မမာ အသံကြောင့် သူတောင်ပြန်လန့်သွားရသည်။`ငါက ဘယ်မှာခိုးနေလို့လဲ´ ဟု ပြန်ဘူးခံလိုက်ရသော်လည်း သူမ၏ ငါသိနေတယ်နော် ဟု ဆိုလိုချင်သော အပြုံးကြောင့် ကျောချမ်းသွားမိသည်။`ဘာကိစ္စကြောင့် ငါ့ဆီလာတာလဲ´ဟု မေးလိုက်သော သူမကို `ပျင်းလို့လာတာ။အပြင်ထွက်လည်ရအောင်´ဟုခေါ်လိုက်သည်။`ငါ စာအုပ်ဖတ်နေတာကို အာရုံပျက်အောင်လုပ်တယ် ´ဟု ပွစိပွစိပြောနေသော သူမစကားကို မကြားချင်ယောင်ဆောင်ကာ သူမမေမေထံသို့သွားနှုတ်ဆက်လိုက်သည်။

ညီညီနှင့် ကျွန်မတို့သည် ခြံချင်းကပ် ငယ်ငယ်တည်းက လည်ပင်းဖက်ပေါင်းလာသော ငယ်သူငယ်ချင်းများဖြစ်ကြသည်။တစ်ဦးတည်းသောသားဖြစ်သော ညီညီက ကျွန်မကို သူ့အစ်မရင်းတဖွယ် သံယောဇဉ်ရှိသည်။ကျွန်မကလည်း အစ်မနှင့် ညီမသာရှိသူမို့ ညီညီ့ကို မောင်အရင်းတစ်ယောက်လို ချစ်ပါသည်။ကျွန်မက ကျောင်းပိတ်လို့ ပြန်လာသောရက်တွေများဆိုလျှင် ညီညီက ကျွန်မကိုလာခေါ်ကာ အပြင်ထွက်လည်လေ့ရှိပါသည်။

`မွန်း နင်ဘယ်နေ့ မကွေးပြန်သွားမှာလဲ´ဟု မေးသော ညီညီကို `နောက်အပတ် အင်္ဂါ´ ပြန်ဖြေလိုက်သည်။ကျွန်မကို သူငယ်ချင်းများက ကျောင်းနာမည်ကို အဖျားစွတ်ခေါ်တတ်ကြသော်လည်း ကျွန်မမိသားစုနှင့် ညီညီတို့မိသားစုက ကျွန်မအိမ်နာမည်ဖြစ်သော မွန်းပြည့်ဟူသောအမည်ကိုသာ အဖျားစွတ်ခေါ်လေ့ရှိသည်။မြစ်ကြီးနားမြို့၏ အထင်ကရနေရာများကို တစ်နေကုန်လျှောက်လည်စားသောက်ရင်း တစ်နေ့တာအချိန်ကို ညီညီနှင့် ကျွန်မအချိန်ဖြုန်းလိုက်သည်။နောက်အပတ်ဆိုလျှင် ညီညီနှင့် ခွဲရတော့မည် မဟုတ်လား။

`မန်းလေးရောက်တာနဲ့ ဖုန်းဆက်လိုက်နော်´ဟု မှာနေသော ညီညီကို ခေါင်းတချက်သာညိတ်ပြလိုက်သည်။ညီညီကတော့ နိုင်စားစရာလူမရှိတော့၍ ပျင်းနေတော့မည်။`နောက် ခြောက်လလောက်နေရင် ပြန်တွေ့မယ်နော်´ဟု ကျွန်မက ပြုံးပြုံးလေးပြောတော့ ညီညီက `အေးပါ နင်ကတော့ ရယ်နေ´ဟု ဘုတောသေးသည်။ကျွန်မ မဲ့ပြုံးမဟုတ်သော အပြုံးမျိုးကို ပေါပေါများများပြုံးပြတာ ညီညီတစ်ယောက်တည်းရှိသည်ကို မသိဟန်တူလေသည်။နောက်ခြောက်လနေမှ ကျွန်မ ပြန်လာမှ ညီညီနှင့် ပြန်ဆုံမည်ဟုထင်ထားခဲ့သော်လည်း……………………….။

အပိုင်း(၂)
မနက်အစောကြီး မြည်လာသော ဖုန်းသံကြောင့် စိတ်တိုမိသည်။နာရီကိုလှမ်းကြည့်လိုက်တော့ မနက် လေးနာရီခွဲ။ဖုန်းကို အမြင်ကတ်ကတ်နှင့် ကိုင်လိုက်တော့ `မွန်း နေကောင်းလား´ ဟူသော ညီညီအသံက နားထဲသို့ မုန်းချင်စရာဝင်လာလေသည်။`ဘာလဲကွာ ငါအိပ်နေတုန်းရှိသေးတယ်။မင်းသတ်သတ် နှိပ်စက်တာမဟုတ်လား´ဟုပြန်ပြောတော့ ညီညီက `ခု ငါမကွေးကားဂိတ်မှာ။မသွားတတ်တော့လို့ ဖုန်းဆက်လိုက်တာ´ဟူသော စကားကြောင့် အိပ်ချင်နေစိတ်များ ကြက်ပျောက်ပျောက်ကုန်သည်။`ငါခုလာခဲ့မယ်။ရွှေမန်းသူဂိတ်ပဲမလား´ မေးလိုက်တော့ `ဟုတ်တယ်´တဲ့။ကျွန်မမှာ အမြန်သုတ်ချေတင်ပြီးကိုယ်တော်ကို သွားကြိုရလေသည်။

ညီညီကို ဖန်ခါးမြေဟော်တယ်သို့ပို့ပြီးနောက် အဆောင်ပြန်ပြီး ထပ်အိပ်လိုက်သည်။သည်နေ့တော့ ကျောင်းတက်ရမဲ့ကိန်းမမြင်တော့ပေ။မနက်စာစားဖို့ကိုယ်တော်ချောကို မနက် ၈နာရီသွားခေါ်လိုက်သည်။`မင်း ငါအကြံနဲ့ ရောက်ချလာတာလဲ´ဟု မနက်စာစားဖို့ဆိုင်ထဲဝင်ထိုင်လိုက်တာနှင့်မေးလိုက်သည်။`မရောက်ဖူးလို့လာလည်တာလေ။ကြိုပြောမလို့ပါပဲ။ဒါပေမဲ့ နင် အံ့သြသွားအောင်လို့´ဟု ပြောသော်လည်း ကျွန်မ ညီညီကို သပ်မယုံပေ။အရင်နှစ်တွေတုန်းက အလည်ဘယ်လိုခေါ်ခေါ်မလိုက်သော ညီညီက ခုကျွန်မ နောက်ဆုံးနှစ် အပိုင်း(က) ရောက်မှ လာလည်ပုံထောက် တစ်ခုခုတော့ တစ်ခုခုပေ။ဆက်မမေးချင်တော့သည်နှင့် မမေးတော့ပေ။

တစ်ပတ်လောက် ကျွန်မဆိုင်ကယ်ကို အပိုင်းစီးကာ လျှောက်သွားနေသောကြောင့် ညီညီသည် မကွေးမြို့ကို ကောင်းကောင်းသွားတတ်နေလေပြီ။ညီညီဆိုင်ကယ်ယူထားသောကြောင့် ကျွန်မမှာ ကျောင်းကိုရော ဆေးရုံကိုပါ ဖယ်ရီနှင့်သွားရလေသည်။`မွန်း ငါ ဒီမှာ နေတော့မယ်။မပြန်တော့ဘူး။နင်ပြန်မှာ လိုက်ပြန်မယ်လေ´ဟုပြောသော ညီညီကြောင့် ကျွန်မကော်ဖီပင် သီးကုန်လေသည်။`ဘာကြောင့်လဲ။မင်းအမေတော့ ငါ့လာသတ်နေမယ်နော်´ ဟုပြောတော့ `မေမေက နေချင်နေတဲ့။မွန်းအတွက်လည်း အဖော်ရတာပေါ့တဲ့။ငါ့ကိုတိုက်ခန်းရှာပေးနော်´ ဟုပြောသော ညီညီကို စိတ်ညစ်မိသည်။တားလို့မရမှန်းသိတော့လည်း ရှာပေးရုံသာ။ညီညီဘာကြောင့် မကွေးမြို့တွင် နေချင်ရသည်ကို သိပ်မကြာခင်ပင် သိခွင့်ရလိုက်လေသည်။

`ညီညီအောင် က မကွေးကို ဘာလာလုပ်တာလဲ´ ဟု ကျောင်းတက်ဖော်သူငယ်ချင်း နွယ်က မေးသည်။`မသိဘူး။လာလည်ရင်း နေချင်စိတ်ပေါက်သွားလို့တဲ့´ ဟု ပြန်ဖြေလိုက်ပြီး လက်ချာပေးနေသည်ကို အာရုံစိုက်ထားလိုက်သည်။နွယ်နှင့်က ဆယ်တန်းနှစ်မှ ခင်သောသူငယ်ချင်းဖြစ်သော်လည်း ဆေးကျောင်းတက်ရတာချင်းတူတူမို့ ကျောင်းတက်စဉ် အတူတွဲအတူလာ သူငယ်ချင်းဖြစ်သည်။ညီညီနှင့်လည်း အနည်းငယ်ခင်လေသည်။

ကျောင်းကပြန်ရောက်ရောက်ချင်းပင် ညီညီက ဖုန်းဆက်ခေါ်လို့ သွားရသေးသည်။တိုက်ခန်းတွင်အခြေကျနေသောညီညီမှာ ပျော်နေပုံရသည်။`နင့်ဆိုင်ကယ်ပြန်ယူသွားတော့။ငါဆိုင်ကယ်ဝယ်လိုက်ပြီ´ဟုပြောသော်ညီညီကို သူ့မိဘကိုယ်စား ရင်လေးမိသည်။ကျောင်းပြီးတာကို အလုပ်မလုပ် ခြေရှုပ်နေသော ညီညီကို ဘယ်လိုပြောရမှန်းတောင်မသိပေ။`မွန်း နင့်ကို အကူအညီတောင်းဦးမယ်။´ဟု ညီညီဆိုတော့ မျက်ခုံးလှုပ်လှုပ်နှင့်ပဲ ပြောခိုင်းရသည်။
`ငါ နွယ့်ကို ချစ်နေလို့။အဲတာ နင်ကူညီပေးနော်´ဟုပြောလာတော့ ကျွန်မတော်တော်မျက်လုံးပြူးရသည်။
`ဒါကြောင့် မင်းမကွေးမှာ နေချင်တာလား။´
`ဒါပေါ့။ကူညီမယ်မဟုတ်လား´ ဟုမျှော်လင့်ချက်ကြီးစွာ မေးနေရှာသော သူငယ်ချင်းကို မငြင်းရက်ပေ။ဟိုးအရင်ကတည်းက ဘယ်ကိစ္စမဆို ကူညီပေးနေကြမို့ မငြင်းဖြစ်ပေ။

အပိုင်း(၃)
ညီညီနှင့်နွယ်ကို အဆင်ပြေအောင်လုပ်ပေးဖို့ တကယ်တမ်းကျွန်မမစွမ်းပါ။နွယ့်ကို အပြင်ခေါ်ထုတ်ဖို့လောက်ပဲ ကျွန်မတတ်နိုင်ပါသည်။မိန်းကလေးချင်းကိုယ်ချင်းစာသလို ညီညီကိုလည်း ကိုယ့်အားကိုယ် ကိုးစေလိုသည်။ညီညီလည်း မခေပေ။အစကသိပ်မရင်းသောနွယ်နှင့် အဆင်ပြေချောမွေ့အောင် နီးစပ်အောင် ပြုလုပ်နိုင်လေသည်။ကျွန်မကတော့ ဘေးကနေပွဲကြည့်သတ်သတ်ဖြစ်သော်လည်း ညီညီမိဘတွေကိုလည်း အဆင်ပြေအောင်ပြောပေးရသေးသည်။ညီညီမေမေများဆိုလျှင် ကျွန်မသာပါလျှင် ငရဲထိသာလွတ်မိသဘောရှိသဖြင့် စိတ်မချတာတော့မရှိပေ။ကျွန်မမှာတော့ ညီညီ့မိဘတွေကိုယ်စား ကျောပူရင်ပူဖြစ်သလို နွယ်ကိုလည်း မျက်နှာပူမိသည်။

အချိန်ကား ညဆယ်နာရီ။ကျွန်မစာကျက်နေရင်း ဖုန်းဝင်လာသည်ကို ကြည့်လိုက်သော ညီညီဖုန်း။ဒီအချိန်ဘယ်တုန်းကမှ ဖုန်းမဆက်တတ်သောကြောင့် စိတ်ပူသွားမိသည်။ကျွန်မပြန်ထူးလိုက်တော့ `မွန်း….ငါ့ကိုနွယ်က အဖြေပေးလိုက်ပြီ။ဒါကြောင့် နင်အရင်သိရအောင် ဖုန်းဆက်ပြောလိုက်တာ´ဟု ပြောမှ စိတ်အေးရတော့သည်။`၀မ်းသာပါတယ် ညီညီ။´ဟုပြောသောအသံသည် တကယ့်စေတနာသတ်သတ် အဖြူရောင်သတ်သတ်ဖြစ်သည်ကို ကျွန်မဘာသာ ကျွန်မသိသည်။`အေး…ဒါပဲနော်။ငါစိတ်ကူယဉ်ကြည်နူးလိုက်ဦးမယ်။´ ဟုပြောကာ ဖုန်းချသွားသည်။ကျွန်မဘာသာ တဘောကျစွာ ရယ်မောလိုက်ရင်း နောက်ဖြစ်ပွားလာနိုင်သော နောက်ဆက်တွဲအခြေအနေကို ရင်ဆိုင်ဖို့သာ အားမွေးလိုက်သည်။

နွယ်နှင့်ညီညီချစ်သူဖြစ်ပြီးနောက်တွင် နွယ်ထံမှညီညီနှင့်ပတ်သတ်သည်ကို ခဏခဏမေးလေ့ရှိသည်။ဘာသဘောကြောင့်မေးနေလဲဆိုတာကို သိသော်လည်း သူ့ဘာသာဂျေကိုက်နေတာ ဘာမှမဆိုင်ဟုတွေးကာ ကောင်းကောင်းမွန်မွန်ပြန်ဖြေပေးလိုက်ပါသည်။ဒီလိုနှင့်ပင် ညီညီနှင့်နွယ် ချစ်သူဖြစ်ကြသည်မှာ တစ်နှစ်ပင်ပြည့်လေပြီ။တမြို့တည်းသားတွေမို့ အိမ်အပြန်ခရီးသည်လည်း တူတူပင်။အိမ်ပြန်ရောက်လျှင် ညီညီကို အနေအထိုင်ဆင်ခြင်ဖို့ သတိပေးနေသည်ကို နွယ်က သဘောမကျသလို ကြည့်နေလေသည်။ညီညီကတော့ အရင်ကတည်းက ထွေထွေထူးထူးသိပ်မတွေးပဲ ကျွန်မကိုသာ ခေါင်းစားခိုင်းလေ့ရှိသည်မို့ ကျွန်မပြောသည်သာ အမှန်ဟုယူဆကာ ခေါင်းညိတ်လေသည်။`ညီညီ အိမ်ပြန်ရောက်ရင် အရိပ်အကဲလေးကြည့်ပြီး မင်းချစ်သူရနေပြီဆိုတာ ဖွင့်ပြောထားဦး။နောက်မှ ပြသနာတွေလာနွယ်နေရင် ငါခေါင်းစားတယ်´ဟုသာ ထပ်ပြောလိုက်သည်။ဒီထက်သာ ပိုပြောမိပါက နွယ် ဂျေဝင်လွန်းလို့ အသက်ပါထွက်နိုင်လေသည်။

အပိုင်း(၄)
ညီညီ့မိဘတွေတော့ မသိပေ။အိမ်ကပ်သည်မရှိသော ညီညီကြောင့် ကျွန်မကတော့ မျက်စိနောက်လှပြီ ဖြစ်သည်။တစ်ခုသော ညနေခင်းလေးတွင် `သမီးမွန်းရှိလား´ဟု ပြောနေသော ညီညီမေမေ အသံကြောင့် ဧည့်ခန်းထဲသို့ ဆင်းလာခဲ့သည်။`ရှိတယ် အန်တီ။ညီညီကော မပါဘူးလား။သူ မွန်းဆီမလာတာ ကြာပေါ့´ဟု နှုတ်ဆက်လိုက်တော့ `အဲဒီကိစ္စပဲ ပြောမလို့ပဲ သမီးရေ´ဟုဆိုကာ အစချီပြောသော ညီညီ့မေမေစကားကြောင့် ကျွန်မစိတ်လေသွားသည်။
`ခုတလော အိမ်လည်း ကပ်တယ်မရှိဘူးသမီးရေ။မွန်းဆီသွားဦးလို့ပြောရင်လည်း ဟုတ်ကဲ့ ကလွဲလို့ ဘာမှမပြောဘူး။သားကောင်မလေးတစ်ယောက်နဲ့တွဲနေတယ်လို့လည်း ကြားတယ်။ဘယ်လိုလုပ်ရမလဲမသိဘူး။သားက စဉ်းစားတတ်တာမဟုတ်ဘူး။သမီးနည်းနည်းလေး ထိန်းပေးပါဦး။´ဟုပြောသောစကားကြောင့် တော်တော်ကို စိတ်ညစ်မိသည်။ကျွန်မပြောလဲမရလောက်ပါဘူးဟု မပြောရက်လို့သာ အသာနေလိုက်သည်။ခံလိုက်ဦးပေါ့ မွန်းဟုသာ ညည်းချင်တော့သည်။

ညဖက်ရောက်တော့ ညီညီဆီ ဖုန်းခေါ်လိုက်သည်။`ညီညီလား´ဟု ကျွန်မပြောတာကို `မြန်မြန်ပြော မွန်း။ခဏနေရင် နွယ့်ဆီဖုန်းဆက်ရဦးမယ်´ဟုသော ညီညီစကားကြောင့် ပြောရမှာတောင် နင်လို့သွားလေသည်။`အန်တီ ညနေက ငါ့ဆီလာတယ်။မင်းကို ဆုံးမဘာဦးလို့လဲပြောနေတယ်။ငါတော့ စိတ်ညစ်တာပဲ။မင်းမေမေကို ရည်းစားထားတာကို ဖွင့်ပြောလိုက်တော့။မဟုတ်ရင် ငါ့ဆီဘူတာလာလာဆိုက်နေတယ်။ဒါပဲ´ ဟုပြောကာ ဖုန်းချလိုက်သော်လည်း ညီညီပြောမည်မဟုတ်ကြောင်းကိုတော့ ကျွန်မသိနေပါသည်။

အပိုင်း(၅)
အချိန်ဆိုသည့်စက်ဝိုင်းက မြန်လွန်းလှပေသည်။ကျွန်မရော နွယ်ပါ ဟောက်ဆင်းပြီးလို့ ဘွဲ့တောင် ယူပြီးနေပြီဖြစ်သည်။ညီညီနှင့် နွယ်ကတော့ အဆင်ချောနေသော်လည်းေ၇ွှစွန်ညိုလာလာဝဲသော ညီညီ့မေမေကြောင့် ကျွန်မမှာတော့ စိတ်ညစ်လှပေသည်။သူများအချစ်ရေးဝင်မပါချင်တာက တစ်မျိုး မိဘနှင့် သားသမီးကြား ၀င်မပါချင်တာတစ်ဖုန် ဒုက္ခပေါင်းစုံက ကျွန်မထံတွင်သာ။

နေသာလှသော နေ့လေးကို ချစ်သူနှစ်ဦး ပျော်မြူးကောင်း ပျော်မြူးနေလိမ့်ပေမဲ့ ကျွန်မထံသို့ ပြဿနာကြီးကြီး ဆိုက်ရောက်လို့လာလေသည်။ပြဿနာသယ်ဆောင်လာသူက ဖေဖေနှင့်မေမေပေ။အစပြိုးသူတွေကတော့ ညီညီမိဘတွေဟုသာ ပြောချင်တော့သည်။

`သမီးရေ…..လာပါဦး။´ဟုခေါ်သော မေမေကြောင့် သွားလိုက်သောအခါ`သမီးကို အရေးကြီးတာပြောမလို့´ဟု စကားနည်းသောဖေဖေက စပြောလေသည်။`သမီးကို မောင်ညီညီနဲ့ အိမ်ထောင်ချပေးမလို့။ညီညီမိဘတွေကလည်း ကမ်းလမ်းလာတယ်။သမီးတို့လည်း အရွယ်ရောက်နေပြီလေ။ကျောင်းလည်း ပြီးကုန်ပြီဆိုတော့ အိမ်ထောင်ပြုသင့်ပြီ။´ဟုပြောနေသောစကားတွေကား ကျွန်မကို မိုးကြိုးပစ်သည်ထက်ပင် ခံရခက်လေသည်။`မဟုတ်သေးဘူးဖေဖေ။ညီညီနဲ့ မွန်းနဲ့က မောင်နှမလို နေတာ။တစ်ခြားအကန့်မှ မပါတာ။ပြီးတော့ ညီညီမှာ ရည်းစားလည်းရှိတယ်။မဖြစ်နိုင်ပါဘူး´ဟု ငြင်းရင်း ညီညီကိုသာ ကြိမ်ဆဲလိုက်သည်။

ပြဿနာမီးက ထိုမျှနှင့်မငြိမ်းသေးပဲ ညီညီနှင့်နွယ့်ထံသို့ ကူးစက်ကာ ပိုဆိုးကုန်လေသည်။ညီညီက တစ်မျိုး အစကတည်းက ဂျေဝင်နေသော နွယ်ကတစ်မျိုးနှင့် ကျွန်မမှာ ရူးတောင်ရူးချင်လာသည်။ညီညီကတော့ မိဘတွေနှင့်တိုက်ပွဲမ၀င်ပဲ ကျွန်မဘက်သာတွန်းပို့သည်။တော်တော်အားကိုးလောက်သည့် ယောက်ျားဟု တွေးမိသော်လည်း သနားလည်းသနားပါသည်။`မွန်း နင် ငါ့ကို အပြတ်ငြင်းပေးနော်။မဟုတ်ရင် နင်နဲ့ငါ အပြတ်ပဲ´ဟုပြောသော ညီညီကို အံ့သြမိသည်။အရောင်တွေထဲမှာဆိုတော့ အဖြူရောင်လေးက မပေါ်လွင်တော့ပါလားနော်။

အပိုင်း(၆)
နွယ်က ဘာကြောင့် ကျွန်မနှင့်တွေ့ဖို့ချိန်းသည်ကို အသေအချာမသိသော်လည်း မကောင်းသော အနံ့အသက်တို့ကိုတော့ ခံစားနေရသည်။`မေ ညီညီနဲ့ ခပ်ကင်းကင်းနေပေးပါ။နင်တို့ သံယောဇဉ်က မသေးမှန်းငါသိတယ်။ဒါပေမဲ့ဟာ မသင့်တော်ဘူး။ညီညီကလည်း နင့်စကားကို တတွေမတိမ်းလိုက်နာနေသလို နင့်ကလည်း ညီညီ့ကို ချယ်လှယ်လွန်းတယ်။ညီညီနဲ့ ပတ်သတ်နေတာကို ငါ့သဘောမကျဘူး။ဒါကြောင့် ဝေးဝေးမှာ နေပေးပါ။ပြီးတော့ နင်မျက်လုံးတွေက ညီညီ့အပေါ်မရိုးသားဘူး´ဟု ပြောသော နွယ့်စကားတွေက ကျွန်မမာန ကျွန်မသိက္ခာ အရာအားလုံးကို မြေကြီးထဲရောက်အောင် ဆွဲသွင်းလိုက်လေသည်။`ဒီမှာ နွယ်..ညီညီ့ကို ငါနဲ့ မပတ်သတ်စေချင်ရင် မင်းဘာသာနိုင်အောင်ထိန်းသား။အဲလောက် ဂျေမ၀င်နဲ့။ညီညီ့ကို ငါ စိတ်နဲ့တောင် မပြစ်မှားဖူးဘူး။ညီညီကို ငါ ချယ်လှယ်တာမဟုတ်ဘူး။ဖြစ်သင့်တာကို ပြောပြတာ။အနည်းဆုံးတော့ မင်းတို့မွန်နေတဲ့အချိန် ငါက သတိပေးနိုင်တယ်လေ။ပြဿနာကို ပြေပြေလည်လည်မရှင်းပဲ လာမစွတ်စွဲပါနဲ့။ပြီးတော့ ညီညီကို ငါကပ်နေတာမဟုတ်ဘူး။´ဟု ပြောကာ ထွက်လာခဲ့သည်။နွယ်ကတော့ အသားတွေတုန်အောင် ဒေါသဖြစ်ပြီး ကျန်ခဲ့လေသည်။

ညီညီရောက်လာမယ်မှန်း ကြိုသိနေ၍ ခြံထဲဆင်းကာ စောင့်နေလိုက်သည်။ရှူးရှူးရှဲရှဲ ၀င်လာသော ညီညီကို စိတ်ပျက်မိသည်။`မွန်း နင် နွယ့်ကို ဘာတွေသွားပြောလိုက်တာလဲ´ဟု ဒေါနှင့်မောနှင့် ပြောလေသည်။`ငါ သွားပြောတာမဟုတ်ဘူး။သူ ခေါ်လို့ ငါသွားရတာ။´ဟုလေအေးအေးနှင့်ပြောသော ကျွန်မကို ညီညီက မုန်းတီးစွာကြည့်လေသည်။`မွန်း နင်သပ်သပ်မဲ့ယုတ်မာတာ။တမင်တကာ နွယ်နဲ့ ကွဲအောင် လုပ်နေတာ။မေမေတို့က နင်နဲ့သဘောတူပြီး နွယ်နဲ့ပြတ်စေချင်တာကို တမင်တကာ နင်က အောက်စီဂျင်လာလုပ်တယ်။ခု နွယ်က ငါ့ကို စိတ်ဆိုးသွားပြီ။နင်နဲ့ ငါနဲ့ မပြတ်ရင် သူနဲ့ အပြတ်တဲ့´ဟု ပြောနေသည်ကို `ငါနဲ့ ပြတ်လိုက်ပေါ့။ဘာခက်လဲ´ဟု ဖြတ်ပြောပစ်လိုက်သည်။`အေး နင်နဲ့ ငါ ဒီနေ့ကစပြီး ဘာအကန့်မှ မရှိတော့ဘူး။´ဟုပြောကာ ထွက်သွားဟန်ပြင်သော် ညီညီကို `ညီညီ မင်းစကားနဲ့ မင်းနော်။မင်း နောင်တရလိမ့်မယ်။မင်းနဲ့ နွယ်ကြား ငါဘယ်တုန်းကမှ မ၀င်ခဲ့ဘူး။မင်းအချစ်ကို ပိုင်ဆိုင်ခဲ့ပေမဲ့ သူငယ်ချင်းတစ်ယောက်ကိုတော့ ဘယ်တော့မှပြန်မရနိုင်တော့ဘူးဆိုတာ မင်းရင်ထဲထည့်သွားလိုက်´ဟု ပြန်ပြောလိုက်သည်။အဖျားခပ်မှာ နည်းနည်းတုန်သွားပေမဲ့ ညီညီတော့ သတိပြုမိမှာမဟုတ်ပေ။ဘယ်တော့မှဟု ကျွန်မပြောလိုက်ခြင်းသည် ထာဝရခွဲခွာခြင်းဖြစ်လိမ့်မည်ဟု ကျွန်မကော အားလုံးက မထင်မှတ်ခဲ့ပေ။

ညီညီကို့ သူ့မိဘတွေထံအပြတ်ငြင်းထားပြီးသားဖြစ်သော်လည်း ထပ်မံငြင်းဆိုလိုက်သည်။သေချာသွားသည်က ပိုကောင်းသည်မဟုတ်လား။ညီညီ့မိဘတွေကလည်း နွယ့်ကို လက်ခံဖို့ကြိုးစားနေကြပါသည်။တစ်နေ့နေ့တစ်ချိန်ချိန်တွင် ကျွန်မ၏အဖြူရောင်မေတ္တာကို ညီညီခွဲခြားသိလာနိုင်ပေလိမ့်မည်ဟု ယုံကြည်ပါသည်။

အပိုင်း(၇)
ထူးထူးခြားခြား ကျွန်မစိတ်ထဲတွင် အဖြူရောင်ဝတ်ချင်စိတ်ဖြစ်မိသည်။ဘာကြောင့်ရယ်တော့မသိပေမဲ့ ၀တ်ဖြစ်သွားသည်။မိုးလေးဖွဲဖွဲရွာနေသော်လည်း ကျွန်မဆိုင်ကယ်မောင်းထွက်ခဲ့သည်။လမ်းတစ်ခုသို့အရောက် ညီညီကို ဖျတ်ခနဲ တွေ့လိုက်သည်။နောက်လထဲတွင် မင်္ဂလာဆောင်ဖို့အတွက် အလုပ်ရှုပ်နေလေရဲ့။ကော်ဖီသောက်ချင်စိတ်ပေါ်လာလို့ ဆိုင်တစ်ခုထဲဝင်ဖို့ဆိုင်ကယ်ရပ်နေရင်း ကျွန်မမြင်ကွင်းထဲသို့ဝင်လာသည်က အရှိန်နဲ့မောင်းလာသောဆိုင်ကယ်တစ်စီး။ညီညီက သတိမထားမိပေမဲ့ ကျွန်မအာရုံခံစနစ်တွေက အန္တရာယ်ဆိုတာကို သိလိုက်သည်။နောက် ကျွန်မဘာလုပ်လိုက်သည်မသိတော့။နောက်ဆုံးတွင်………………………………။

ကျွန်မကြားနေရသည်က ညီညီ၏စိုးရိန်တစ်ကြီးခေါ်သံ………နောက် မေမေ့ရှိုက်သံ…….ညီမလေးငိုသံတိုးတိုး…..မမ၏ နူးညံ့စွာ ကျွန်မကိုခေါ်သံ။ထို့နောက်တွင် အမှောင်လောကကြီးကြားက အဖြူရောင်အလင်းတန်းတစ်ခုကို ကျွန်မမြင်လိုက်တော့သည်။
မွန်း၏ ဒိုင်ယာရီစာအုပ်လေးကို ညီညီဖတ်ရသည်။မွန်းသည် သဘောထားအလွန်ကြီးသော သူတစ်ယောက်ဖြစ်ကြောင်း နောက်ကျစွာ သိခွင့်ရလိုက်သည်။သူ့ကိုသာ မွန်းမကယ်တင်ခဲ့လျှင် လောကကြီးက ထွက်ခွါသူသည် သူဖြစ်သွားပါလိမ့်မည်။မွန်းပြောဖူးသော စကားတစ်ခွန်းကို ပြန်ကြားယောင်မိသည်။`လောကကြီးမှာ အချစ်မဟုတ်တာတွေအများကြီးရှိတယ်။ငါကတော့ အရမ်းချစ်ရတဲ့ ချစ်သူလက်ထက် သူငယ်ချင်းကောင်းတစ်ယောက်ရဲ့ အပြုံးကိုပဲ လိုချင်တယ်။ငါ မင်းအတွက် သူငယ်ချင်းကောင်းတစ်ယောက် ဖြစ်ချင်တယ်´ဟူသော မွန်းစကားက ပဲ့တင်သံထပ်နေသည်။

သူရော………မွန်းအတွက်သူငယ်ချင်းကောင်း ဖြစ်ခဲ့ပါသလား။သူ ခေါင်းခါမိသည်။သူသည် လူ့လောကမှာရှိသော အရောင်တွေကို သာစိတ်ဝင်စားခဲ့ပြီး အဖြူသည်သတ်သတ်ကို မေ့လျော့နေခဲ့သည်။သူသိလိုက်သည်က အဖြူရောင်မေတ္တာကို နောက်ထပ်သူထပ်မရနိုင်တော့ပေ။ဆုံးရှုံးသွားတဲ့အခါမှ မွန်းတန်ဖိုးကို သိလိုက်သည်။အရင်တုန်းက တစ်စုံတစ်ယောက်က မင်းဘ၀အတွက် အရေးပါဆုံးသော ယုံကြည်ရဆုံးသော သူစိမ်းမိန်းကလေးကို ပြောပါဆိုလျှင် နွယ်ဟု ပြောမိကြောင်းပြောမိနိုင်ပေမဲ့ ခုအချိန်တွင်တော့ မွန်းကိုသာပြောမိလိမ့်မည်။ဘာကြောင့်လဲဟုဆိုလာလျှင် မွန်းဟာ သဘောထားကြီးပြီး အဖြူရောင်သတ်သတ်သာရှိသော သူငယ်ချင်းကောင်းတစ်ယောက်ဟုသာ ဖြေမိပါလိမ့်မည်။

အပိုင်း(၈)
ကျွန်တော်အရောင်တွေကို မုန်းသည်။ထို့ကြောင့် ကျွန်တော့်တစ်ခန်းလုံးကို အဖြူရောင်တွေလဲပစ်လိုက်သည်။ထိုအဖြူရောင်တွေရှိနေလျှင် မွန်းရှိနေသည်ဟု ခံစားရသည်။မှန်ပါသည်။မွန်း၏ အဖြူရောင်မေတ္တာသည် အရောင်များကြားမှာ ပေါ်လွင်ကာ ကျွန်တော့်အနား အမြဲရှိနေသည်ကို ယုံကြည်ပါသည်။
စာရေးသူ - ပန်းရင့်ရောင်~~~~၁၃.၁၂.၀၉

စိတ်ဝင်စားသေးရင်...

Saturday, February 20, 2010

Peptic Ulcer


 Peptic ulcer (အစာအိမ်နှင့် အူလမ်းကြောင်းတွင် အနာပေါက်ခြင်း)

 Peptic ulcer ဆိုတာ အစာအိမ်၊အစာရေမျိုနဲ့ အူလမ်းကြောင်းတွေမှာ အနာပေါက်တာကို ဆိုလိုတာပါ။
အစာအိမ်မှာ အနာပေါက်ရင် Gastric ulcer
အစာရေမျိုမှာ အနာပေါက်ရင် oesophageal ulcer
အူလမ်းကြောင်းမှာ အထူးသဖြင့် first part of the duodenum မှာ အနာပေါက်ရင် Duodenal ulcer ဆိုပြီးတော့ ခွဲခြားနိုင်ပါတယ်။အနာပေါက်ရတဲ့ အဓိကအကြောင်းအရင်းကတော့ အစာကို အချိန်မှန်စားသောက်ခြင်း မရှိသောကြောင့်အဖြစ်များပါတယ်။ထို့အပြင် စားသောအစားအစာတွင်လည်း အချဉ်အက်စစ်များခြင်း စိတ်ဖိစီးမှုများခြင်းကလည်း peptic ulcer ကိုဖြစ်စေနိုင်ပါတယ်။ယခုနောက်ပိုင်းတွေ့ရှိချက်အရ Helicobacter pylori ဆိုတဲ့ bacteria တစ်မျိုးကြောင့် ဖြစ်နိုင်ပါတယ်။ပုံမှန်ဆိုရင် stomach ရဲ့ အက်စစ် ကြောင့် ဘယ်ပိုးမွှားမှ အသက်မရှင်နိုင်ပါဘူး။
pH of Stomach acid = 1.2
ဒါပေမဲ့ Helicobacter ကတော့ pH ဒဏ်ကို ကောင်းကောင်းခံနိုင်ပြီး ပေါက်ပွားနိုင်ပါတယ်။သူဟာ အစာအိမ်နံရံမှာ ရှိတဲ့ linning epithelium ကို ဖျက်စီးပစ်တဲ့အတွက် အစာအိမ်နံရံတွေ ပါးလာပြီးနောက်ဆုံးမှာ ပေါက်သွားပါတယ်။အဲတာကိုတော့ အစာအိမ်အချဉ်ပေါက်တယ်လို့ ခေါ်ပါတယ်။ထိုbacteria ဟာဆေးလိပ်သောက်သူတွေမှာ ပိုမိုပြန့်ပွားနိုင်ပါတယ်လို့ သိရပါတယ်။

အစာကို အချိန်မှန်မစားပဲနဲ့ စားချင်မှ စား မစားချင်မစားကြတဲ့ လူတွေကတော့ acid(HCl) ကြောင့် ဖြစ်တာများပါတယ်ရှင်။အစာကို လူတွေက ပုံမှန် စားချင်မှ စားပေမဲ့ HCl acid ကတော့ တာဝန်ကျေစွာပဲ အချိန်မှန် ထွက်ပါတယ်။အစာဝင်လာတဲ့အချိန်မှာ acid တွေက အစာကို ချေဖျက်ပေးပါတယ်။အဲ့ အစာရောက်မလာခဲ့ဘူးဆိုရင်တော့ acid တွေက အစာအိမ်နံရံကိုတိုက်စားပြီး အစာအိမ်နံရံပေါက်သွားနိုင်ပါတယ်။acid တွေတိုက်စားတာ လွန်သွားပြီး oesophagus နားမှာရှိတဲ့ Gastroduodenal artery ကိုပါ ထိုမိပြီး ထို artery ပါ ပျောက်သွားပါက သွေးအန်တာတွေဖြစ်ပါတယ်။

Peptic ulcer ရဲ့အဓိက symptom ကတော့ abdominal pain (၀မ်းဗိုက်တွင် အလွန်နာကျဉ်စွာ အောင့်ခြင်း)ဖြစ်ပါတယ်။အဲလို နာကျဉ်ရတာဟာ acid တွေက ulcer(အနာ)ကို လာထိလို့ဖြစ်ပါတယ်။မိနစ်အနည်းငယ်ကနေ နာရီပိုင်းအထိ အောင့်တတ်ပါတယ်။စားချင် သောက်ချင်စိတ်ပျောက်ပြီး အလေးချိန်လည်း ကျလာတတ်ပါတယ်။မူးဝေခြင်းနှင့်အော့အန်ခြင်းများလည်း ဖြစ်တတ်ပါတယ်။အလွန်အလွန်ဆိုးဝါးသော case တွေမှာသော သွေးအန်ခြင်း(hematemesis)ဖြစ်နိုင်ပါတယ်ရှင်။

ဘယ်လိုကုသမလဲဆိုရင်တော့ bacteria ကို သတ်ခြင်း(antibiotics ပေးပြီး) နဲ့ အစာအိမ်ထဲက HCl acid ထွက်မှုကိုလျော့ချခြင်းတို့ဖြစ်ပါတယ်။
Drugs or antibiotics
-amoxicillin (Amoxil)
-clarithromycin(Biaxin)
-metronidazole (Flagyll)
(ဆရာဝန်ညွန်ကြားချက်လို)
To reduce acid concentration in stomach
ranitidine (Zantac), famotidine (Pepcid), cimetidine(Tagamet) and nizatidine (Axid)
ဆေးအားလုံးကတော့ ဆရာဝန်ညွန်ကြားချက်လိုပါတယ်ရှင်။
Antacids (အက်စစ်ကို ဓါတ်ပါယ်အောင်လုပ်ပေးသော ဆေး) regimen ကိုတွဲပေးခြင်းကလည်း သက်သာစေပါတယ်။

အကယ်လို့ ဆေးတွေ 0n တဲ့ကြားမှာ မသက်သာဘူး ulcer က အနာကျက်မသွားဘူးဆိုရင်တော့ ခွဲစိပ်ရပါလိမ့်မယ်။ဘယ်လိုအခြေအနေမျိုးမှာ ဆေးက အာနိသင်မပြတာလဲဆိုရင်ပုံမှန် ဆေးလိပ်သောက်သူတွေ၊အရက်သောက်သူတွေ တွေမှာ ဆေးအာနိသင်မပြတတ်ပါဘူး။

အစာအိမ်ရောဂါဝေဒနာဟာလည်း အသက်အန္တရာယ်စိုးရိန်ရတဲ့အထဲပါတဲ့အတွက် သေချာဂရုစိုက်ကြဖို့လိုပါတယ်။အစာကို အချိန်မှန် စားပြီး စီးကရက်သောက်ခြင်းကိုလည်း လျော့ချပစ်ဖို့လိုအပ်ပါတယ်။အစာကို ပုံမှန်မစားနိုင်ပါက ချိုချဉ်ငုံပေးခြင်း စသော သရေစာမုန့်များကလည်း အက်စစ်တိုက်စားခြင်းကို အတော်အတန် လျော့ချပေးနိုင်ပါတယ် (ချောင်းဆိုးရင်တော့ မပြောနဲ့နော် :P )။

အားလုံးရောဂါဘယကင်းဝေးကြပါစေလို့ ဆန္ဒပြုလျက်
စာရေးသူ - ပန်းရင့်ရောင်



စိတ်ဝင်စားသေးရင်...

Monday, February 15, 2010

နှစ်ပတ်လည်

ထူးထူးခြားခြား ယနေ့တစ်နေကုန် အလုပ်ပင်ပန်းနေတာတောင် လန်းဆန်းနေသည်။သရေတာ ထဲက နေ မနက်ကနေ ည(၇)နာရီလောက်ထိ ဆက်တိုက် ၀င်နေရတာတောင် စိတ်ကလန်းဆန်းနေသည်။ဒီနေ့က မောင်နှင့်ကျွန်မတို့ရဲ့ ချစ်သူပြည့်တဲ့အထိန်းအမှတ်နေ့ နှစ်ပတ်လည်နေ့။

လွန်လေပြီးသော နှစ်ပတ်လည်
၁၅.၂.၀၈
နေသာသာနေ့လေးတစ်နေ့ဖြစ်သလို ကျွန်မအခုလောက် အလုပ်မများသေးတဲ့နေ့လေးတစ်နေ့မှာ မောင်နှင့်ကျွန်မ တို့ရဲ့ ချစ်သူဖြစ်သော တစ်နှစ်ပြည့်နှစ်ပတ်လည်ကို ကရိန်နော်တွင် ကော်ဖီသောက်ရင်း ရယ်မောရင်း ပြုလုပ်ခဲ့ကြသည်။မောင်နှင့် ကျွန်မတို့ ဆင်တူလက်စွပ်လေး စွပ်ပြီး ကြည်နူးစွာပြုံးမိကြသည်။မှတ်မှတ်ရရပင် မောင်က ချစ်သူသက်တမ်းတလျှောက်တွင် ပထဆုံးအနမ်းပွင့်ကို ထိုနေ့က ချွေချခဲ့သည်။ထိုအချိန်တုန်းက အလွမ်းဆိုတာ ကျွန်မတို့ရဲ့ကမ္ဘာတစ်ဖက်မှာပေါ့။္ဘ

၁၅.၂.၀၉
မောင်ကတော့ မြစ်ကြီးနားမှာ ချမ်းနေသေးတယ်လို့ပြောပေမဲ့ ဒီအညာမကွေးမှာတော့ ပူနေပါပြီ။ကျွန်မတို့ နှစ်ယောက်ရဲ့နှစ်ပတ်လည်ကို တစ်နေရာစီမှာ ခွဲပြီးအလွမ်းတွေကို ဦးတိုက် ဖုန်းနဲ့ တင်ကျေနပ်ကြရလိမ့်လို့ တစ်ခါမှ မတွေးမိခဲ့ပေ။အခုတော့လည်း ၀န်ထမ်းဘ၀ကို ပိုင်ဆိုင်ထားတဲ့ ကျွန်မအဖို့တော့ အလွမ်းတွေနဲ့အတူ အခန်းထဲမှာတစ်ယောက်တည်း ဖြတ်သန်းမိတဲ့ နှစ်ပတ်လည်။

၁၅.၂.၁၀
ခွဲနေရတာ နေသားကျနေပြီးဖြစ်လို့ လွမ်းပေမဲ့ ဒီနေ့မှ တအားကို တက်ကြွနေပြန်သည်။မောင်နှင့် ဖုန်းထဲကနေ စကားပြောကြပြီး................။တွေးကြည့်မိတာနှင့်ပင် ကျွန်မ တစ်ယောက်ပျော်မြူးလာသည်။အော်......အချစ်က အသက်အရွယ်မရွေး နုပျိုစေပါလားနော်။ဒီတစ်နှစ်ပြီးလျှင် နောက်နှစ်တွင် မောင်နှင့် ပြန်ဆုံပြီး နှစ်ပတ်လည်ကို တူတူကျင်းပကြမည်ဆိုတဲ့အတွေးကလည်း ကျွန်မအတွက် အားအင်တစ်၇ပ်ဖြစ်လို့။

မောင်နှင့်စကားပြောပြီးတော့ ကျွန်မရဲ့ အိပ်ယာဝင်ချိန်က ပျော်ရွင်မှုတွေနှင့်။ဘာ၇ယ်မဟုတ်ပေမဲ့ မောင်နှင့်အတူ ဆင်တူစွပ်ထားသော လက်စွပ်လေးကို အသာနမ်းရှိုက်ရင်း အတွေးတွေက ကျွန်မတို့ရဲ့ ပထမဆုံးနှစ်ပတ်လည်ဆီသို့..............။
ဆင်တူလက်စွပ်လေးကို နမ်းပြီး ကျော်ဖြတ်ခဲ့ကြတဲ့ နှစ်ပတ်လည်.......။

နှစ်ပတ်လည်
အရာအားလုံးကို အမှောင်ချ
ကုတင်ထက်မှာ လှဲရင်း
တိုးတိုးတိတ်တိတ် ရွေရွတ်လိုက်တယ်
နှစ်ပတ်လည်.......။
ဆင်တူလက်စွပ်နဲ့
အနမ်းတစ်ပွင့်ပေးခဲ့ပြီး
အတူတူဖြတ်သန်းခဲ့ဖူးတဲ့
နှစ်ပတ်လည်.........။
ပြက္ခဒိန်ကိုကြည့်
ကုန်ခဲလှတဲ့ရက်တွေကို ရေတွက်၇င်း
ဆုံတွေ့ရမဲ့နေ့တွေကို မျှော်ပြီး
ဆင်တူလက်စွပ်ကို အသားနမ်းရှိုက်
လွမ်းဆွတ်စွာ ဖြတ်သန်းမိတဲ့
နှစ်ပတ်လည်........။
                                    Aprilfool
 Bunny ဖြိုး - နှစ်ပတ်လည်


P.S - နှစ်ပတ်လည် သီချင်းနားထောင်ရင်း ပို့တစ်ပုဒ်ဖန်တီးချင်နေကြောင်း ရင်ဖွင့်ရင်းနဲ့ ကဗျာ ကူညီရေးသားပို့ပေးခဲ့သော ညီမလေး aprilfool ကို ကျေးဇူးတင်ပါတယ် ညီမလေးရေ။တွေ့ရင် မုန့်ဝယ်ကျွေးပါ့မယ်နော် :P ။

စာရေးသူ - ပန်းရင့်ရောင်~~~~~၁၅.၂.၁၀

စိတ်ဝင်စားသေးရင်...

ဒဏ်ရာများနှင့်လမ်းမ (၂)

လောကကြီးကလည်း ထူးဆန်းပါသည်။သူမအတွက် အချစ်ဆိုတာမရှိဟု အမြဲထင်ခဲ့ပေမဲ့ သူနဲ့ကျတော့ ရင်ခွင်တစ်ခုလုံးကို တုန်လှုပ်နေခဲ့သည်။သူနဲ့ မတွေ့အောင် ရှောင်ချင်ပေမဲ့ စာသင်နေတဲ့ ကိစ္စကလည်းရှိနေပြန်တော့......။သူမ တွေဝေစွာ တွေးတောနေရင်း မြည်လာသော ဖုန်းသံကြောင့် လန့်သွားသည်။
`ဟယ်လို´ သူမထူးသံက မာထန်သယောင်ယောင်တော့ရှိသည်။
`ကျွန်တော် ဘယ်ဆိုတာ သိလား´
`မသိဘူး´ ဟုပြောပြီး ဖုန်းချသွားသော သူမကြောင့် သူ မင်သက်မိသည်။သေချာပါသည်။ ဘယ်သူဆိုတာ သူမသိပါလိမ့်မည်။သူမ စကားသံအငွေ့အသက်လေးများ ကျန်နေသည်ကို မှတ်ထင်ကာ ဖုန်းခွက်ကို ရင်၌အပ်လိုက်သည်ကို ကိုကိုက မြင်ဖြစ်အောင် မြင်သွားပြီး ခေါင်းရမ်းသွားလေသည်။

သူမ ပိုင်ဆိုင်ချင်သော အရာတစ်ခုကို သူမရဖို့ တစ်ခုခုကို အမြဲစတေးပစ်လိုက်ရတတ်သည်။အခုရော သူမဘာကိုထပ်စတေးရဦးမှာလဲဆိုတာ သူမ မသိပေ။တစ်ခါတလေ သူမလျှောက်နေရသော လမ်းကို စိတ်ပျက်မိသည်။ဒဏ်ရာတွေ အပြည့်နှင့် လမ်းမလယ်တွင် သူ ရပ်နေရသော လျှောက်နေရသော အချိန်တွေကို အဖော်တစ်ယောက်နှင့်အတူ ဖြတ်သန်းချင်ပါသေးသည်။

သူ သူမကို နေ့တိုင်းမြင်တွေ့နေရသော်လည်း သူမက တစ်ချက်မှ ပြန်မကြည့်တတ်ပေ။သူမကို ခံစားချက်မရှိသော မိန်းမဟု တခါတရံ အမည်တပ်ပစ်ချင်ပါသည်။အေးစက်စက်မျက်နှာ အပြုံးအရယ်မဲ့သောနှုတ်ခမ်းတွေ ထိုအရာတွေကို သူ စွဲလမ်းလာပါသည်။သူက တရားဝင်ဖွင့်မပြောသေးသော်လည်း စူးရှသော အကြည့်တွေ အကြောင်းမရှိပဲ ဖုန်းဆက်တတ်တာတွေက သိပါစေပါသည်။ရက်စက်စွာဖုန်းချတတ်သော သူမကို သူနားမလည်တော့ပေ။တစ်ခါတရံ သူမ မျက်ဝန်းတွေက နူးညံ့သလာက် တစ်ခါတရံလည်း မာနယောင် တစ်လက်လက်တောက်နေတတ်သည်။

အချစ်ဆိုတာ သူမအတွက် စိတ်ကူးယဉ်ဆန်ဆန် အိပ်မက်သတ်သတ်သာဖြစ်သည်။သူမသည် လူတစ်ယောက်ကို ဘယ်တော့မှ ချစ်ပါသည်ဟု ၀န်ခံမည် မဟုတ်ပေ။နေသားကျနေသော သူမဘ၀ထဲကို သူမလူတစ်ယောက်ကို မဆွဲထည့်ချင်။ခံစားချက်မဲ့စွာပဲ အသက်ဆက်ချင်မိသည်။သူတရားဝင် ဖွင့်ပြောလာသောနေ့တစ်နေ့ရောက်သောအခါ................။

`ချစ်တယ်´ ဆိုသော စကားတစ်ခွန်းကို သူမအလွန်ကြောက်ပါသည်။သို့သော် သူမချစ်နေသော သူတွေဆီကသာ ကြားရတတ်သည်။ချစ်တယ် ဟုပြောပြီး သူတို့လိုရာကို ဖြည့်ဆည်းပေးလိုက်တာက များပါသည်။မေမေက ချစ်တယ်ပြောပြီး သူ့စကားနားထောင်ခိုင်းတတ်သည်။သူကရော သူမကို ဘယ်လိုထပ်ဖြည့်ဆည်းခိုင်းပြန်တာလဲ။
`ကျွန်မမှာ မွေးကတည်းက ချစ်တတ်တဲ့အသည်းနှလုံးပါမလာဘူး´ ဟု ရက်စက်စွာပြောသံကို သူနားမခံနိုင်ပါ။မကြားချင်သော်လည်း အိပ်မက်မဟုတ်ပေ။သူမ၏ငြင်းပယ်သံက သူရဲ့ကမ္ဘာကို ခြောက်ခြားစေသည်။ကိုကိုပြောဖူးသော မင်းခံစားရလိမ့်မယ်ဆိုတာကို ခုမှ ပြန်ပြီး သတိရမိသည်။တကယ်တော့ သူမသည် အချစ်နှင့်မထိုက်တန်သူ။

`ကျွန်မချစ်သော သူတစ်ယောက်ကို ကျွန်မနှလုံးသားကို ရင်းကာ ငြင်းပယ်ခဲ့သောကြောင့် နောင်ဘ၀ဆက်တိုင်း ဒဏ်ရာများနှင့်လမ်းကြမ်းကို မလျှောက်ရပါစေနှင့်ဘုရား´
သူမအတွက် အချစ်ဆိုသည်မှာ ဖွင့်ဟ၀န်ခံခြင်းထက် မျိုသိပ်စွာ သိမ်းဆည်းခြင်းဟုပဲ ခံယူချင်ပါသည်။သူမကို မခံစားတတ်သော မိန်းမ ကျောက်ရုပ်တစ်ရုပ် ဟု ထင်နေကြပါစေတော့။သူမ နေသားကျနေသော ပိတ်လှောင်သော အခန်းကိုပဲ သူ မက်မောစွာ ဆုပ်ကိုင်ထားမိပါတော့သည်။

စာရေးသူ - ပန်းရင့်ရောင်
 P.S - ကျွန်မရဲ့မအားလပ်မှုကြောင့် ဆက်မရေးနိုင်ပဲ ကြားသွားရတာကို တောင်းပန်ပါတယ်။ပြီးတော့ happy ending ဖြစ်ပေးဖို့ တောင်းဆိုထားသော ကိုဟိန်းညီကိုလည်း တောင်းပန်ပါတယ်။အဆုံးသတ်ရေးခဲ့ပေမဲ့ ကိုယ့်ကိုယ်ကို ကျေနပ်မှုမရှိပါဘူး။ဖတ်ရှူဝေဖန်ပေးကြပါဦး။
အားလုံးကို ကျေးဇူးတင်လျက်
ပန်းရင့်ရောင်

စိတ်ဝင်စားသေးရင်...

Friday, February 12, 2010

ဖော်ဖော်ဝါရီ ၁၃ ဟာ မေမေ့မွေးနေ့ပါ

မေမေ.............
ဘ၀အတွက် မီးရောင် အလင်းရောင် သမီးတွေအတွက် အမြဲတမ်းပူပန်နေတတ်သူ အရွယ်ရောက်နေတာတောင် အရိပ်တကြည့်ကြည့်နဲ့ စိတ်မချနိုင်ခဲ့သူ ကျွန်မဘ၀အတွက် အတုယူဖွယ် လူသား။

လူတစ်ယောက်မှာ စိတ်ဓါတ်က အဓိကလို့ ထင်ပါတယ်။မေမေဟာ ကျွန်မတို့အတွက် အတုယူစရာ စံပြမိခင်တစ်ယောက်ပါပဲ။စိတ်ဓါတ်က အရမ်းထက်ပြီး ပြတ်သားတဲ့ မေမေ့စရိုက်ကို ကျွန်မတို့ငယ်ငယ်လေးတည်းက သဘောကျခဲ့ကြရတာပါ။ဘက်စုံတော်တဲ့ အမျိုးသမီးကို ပြပါဆိုရင် မေမေ့ကို ပြမိမယ်ထင်တယ်။ကိုယ့်မေမေ မလို့ ပြောတာမဟုတ်ပေမဲ့ မေမေ့ဘ၀မှာ ဆေးရုံရယ် လူနာရယ် မိသားစုရယ်ကလွဲရင် ဘယ်အရာမှ အရေးမကြီးဘူးလို့ ထင်ထားခဲ့သူ။

ကျွန်မလောက် ဟင်းချေးများတာ နှစ်ယောက်မရှိတာတောင် သည်းခံပြီး မညည်းမငြူချက်ပြုတ်ပေးခဲ့သူ။ကျွန်မကို မေမေစာသင်ပြပေးခဲ့တာ မဟုတ်ပေမဲ့ သမီးတွေ ပညာရေးမှာ စိတ်ဝင်စားအောင် လမ်းပြပေးနိုင်သူ။ဒေါသကို မျိုသိပ်နိုင်သူ။သမီးတွေကို ဂရုတစိုက်နဲ့ ပြုစုပျိုးထောင်ပေးခဲ့သူ။
မာယာများတဲ့ လောကကြီးမှာ အမှန်တရားက ဘယ်လောက်အရေးပါသလဲဆိုတာ မေမေပဲ လမ်းညွန်ပေးခဲ့တာပါ။ဘာသာတရားနဲ့ ပတ်သတ်ရင် သမီးတွေကို ဘာသာရေးဗဟုသုတရအောင် ဆုံးမပေးခဲ့ပြီး ဘုရားစာသင်ပေးခဲ့တဲ့ မေမေ။သမီးတွေနဲ့ အတူ ဘုရားအတူရှိခိုးပြီး မေတ္တာပို့တဲ့အလုပ်ကိုလည်း နေ့စဉ်မပြတ် ပြုလုပ်တတ်တဲ့ မေမေ့ကို ကျွန်မတို့ လေးစားပြီး ကြောက်ရွံ့ပါတယ်။မိသားစုတာဝန်ကိုလည်း ဖေဖေနဲ့ အတူ တစ်ဖက်တလမ်းမှ ကူညီပြီးရှာဖွေပေးတတ်တဲ့ မေမေကို့ ဖေဖေကပါ ရိုသေရပါတယ်။

အားနာတတ်ပြီး သဘောကောင်းတဲ့မေမေကို ဆရာဝန်တွေ ဆရာမတွေ လူနာတွေက အားကိုးကြရတယ်။အလုပ်အကိုင်နဲ့ ပတ်သတ်လို့ပဲ ဖြစ်ဖြစ် လူနာတွေရဲ့ ကိစ္စကိုပဲ ဖြစ်ဖြစ် ကျွန်မကို သွန်သင်ပေးနိုင်ခဲ့သူ။ဆရာဝန်တစ်ယောက်ဖြစ်လာခဲ့တဲ့အခါ မေမေအကူအညီ မေမေ့ကျေးဇူး တွေက ကျွန်မအပေါ်အများကြီးကို ပုံအောနေပါပြီ။

ဘ၀အမောတွေကြား သမီးတွေအတွက် ခင်ပွန်းအတွက် ရပ်တည်ပေးခဲ့တဲ့ မေမေ့အစား ကျွန်မတောင် ပင်ပန်းမိပါတယ်။မိုးလင်းလာရင် စားဖို့သောက်ဖို့ ချက်ပြုတ်ရတာနဲ့ ဆေးရုံကို အပြေးသွားရတာနဲ့ မိုးလင်းမိုးချုပ် အလုပ်မပျက်လုပ်နိုင်တဲ့ မေမေ။နေမကောင်းဖြစ်တိုင်း မညည်းတတ်ပဲ ကျိတ်ခံနေတတ်တာတွေ စိတ်ပူမှာစိုးလို့ အသိမပေးပဲနေတတ်တဲ့  မေမေ။

တာဝန်တွေနဲ့ ဖြတ်သန်းခဲ့တဲ့ မေမေလည်း မောနေလောက်ပါပြီ။မွေးနေ့ဆိုပြီး ကြီးကြီးကျယ်ကျယ် ဘာမှ မလုပ်ပဲ ဘာသိဘာသာနေခဲ့ပေမဲ့ အခု သမီးတွေလည်း အရွယ်ရောက်နေပါပြီမေမေ။သမီးတိုရဲ့ ရင်ခွင်ထက်မှာ အမြဲတမ်းမဟုတ်တောင် ခဏတစ်ဖြုတ်တော့ နားခိုလှည့်ပါ။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျရောက်သော မေမေ့မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာအထိ ဖေဖေနှင့် သမီးတွေနဲ့ အတူ ဘ၀ကို ဆက်လက်ဖြတ်သန်းနိုင်ပါစေ။မေမေကျန်းမာပါစေလို့ ဆန္ဒပြုလျက်......။

သမီးကြီး၊သမီးငယ်၊အငယ်ဆုံးလေး
မေမေ့အတွက် ကျွန်မရဲ့ ၁၃ရက်နေ့အချိန်ဇယား
ကျွန်မရဲ့ ရှားရှားပါးပါးနားရက်လေးကို မေမေ့မွေးနေ့နဲ့ပဲ အချိန်ကုန်ဖို့ ရည်ရွယ်ထားပေမဲ့ အပြည့်အ၀မရလိုက်ပါဘူး။on call က ကျွန်မအလှည့်ဖြစ်နေ လူစားချိန်းမရတဲ့အတွက် တစ်နေ့လုံး အချိန်မပေးနိုင်တဲ့အပြင် ဥပုသ်လည်း မစောင့်ပေးနိုင်တော့ပါဘူး။မနက်စောစောထပြီး ဘုရားသွားမယ်။ပြီးတော့ ရွှေသက္ကန်းလှူမယ်။ပြီးတော့ ဆေးရုံပြန်ပြီး ဂျူတီပြန်ဝင်ရမယ်။ဂျူတီထွက်တာနဲ့ မေမေ့မွေးနေ့အတွက် ရည်စူးပြီးတော့ မိဘမဲ့ကလေးတွေအတွက် လိုအပ်တာ လှူမယ်။များများစားစားသိပ်မလုပ်ပေးနိုင်တာကို စိတ်မကောင်းပေမဲ့ လုပ်ပေးလိုက်ရတာကိုပဲ ကျေနပ်လိုက်တော့မယ်လေ။အလုပ်သိပ်များနေတဲ့ အချိန်မို့ တတ်နိုင်သလောက် အချိန်တော့ ပေးထားပေမဲ့ မမတို့ လောက်တော့ အချိန်ပေးမလုပ်နိုင်ဘူးဖြစ်နေလို့ ၀မ်းနည်းမိတယ်။ညဖက်ရောက်ရင် မေမေနဲ့ ဖုန်းပြောမယ်။သြော်........မိဘမွေးနေ့လေးတောင် မိဘနားမှာ မနေပေးနိုင်တဲ့ ကျွန်မဘ၀ပါလားနော်။

ပန်းရင့်ရောင်



စိတ်ဝင်စားသေးရင်...

Monday, February 8, 2010

အမှတ်တရ ရေးပေးပါ

(မမေအိ တဂ်ကို ပြန်ဖြေပါသည်။)

၁။ကိုယ့်ကို ဒီလိုခေါ်ကြတယ် - ပန်း (အွန်လိုင်းမှာပြောတာပါ :P )
၂။အ၀တ်အစားပေါ် ကိုယ့်သတ်မှတ်ချက်က - လုံချည်နဲ့ စပို့ရှပ် ၀တ်ရတာကို သဘောကျတယ် ဂျင်း ၀တ်ရတာလည်း              နည်းနည်းကြိုက်ပါတယ်။


၃။ အကြိုက်ဆုံး စားစရာနဲ့ သောက်စရာ - ကော်ဖီ နဲ့ သံပုရာရည်

၎။အကြိုက်ဆုံး ပစ္စည်း ( ကွန်ပျူတာနဲ့ အင်တာနက် မပါရ)- စာအုပ်နဲ့ စစ်တုရင်ခုံ

၅။လိုချင်တဲ့ လက်ဆောင် - စေတနာတဲ့အရာဆိုရင် ချိုချဉ်လေးတစ်လုံးကိုတောင် လိုချင်တယ်။

၆။အကြိုက်ဆုံး ဇာတ်ကား- ပျင်းစရာကောင်းတဲ့ ရိုမန့်တစ်ဆန်ဆန်တွေကလွဲရင် အကုန်ကြိုက်တယ်။

ရ။အကြိုက်ဆုံး ဟာသဇာတ်ကောင်- ရယ်ရရင် အကုန်ကြိုက်ပစ်လိုက်တယ်။

၈။ အကြိုက်ဆုံးစာရေးဆရာ - ဆရာမဂျူး

၉။ အခိုက်ဆုံးစာအုပ် - မရှိမဖြစ်မိုး

၁၀။အချစ်ဆုံးသူရှိရင် - ကိုယ့်ကိုယ်ကို အချစ်ဆုံးလေ :P ။မေမေ့ကိုလို့ထင်တာပဲ။

၁၁။ ရင်အခုန်ဆုံးအချိန်- final part 2 အောင်စာရင်းကပ်တဲ့အချိန် ( နောက်ခြောက်လနေရမှာကို    သေမလောက်ကြောက်လို့ :P )

၁၂။ဘ၀ဆိုတာ- လေးလေးနက်နက်တွေးကြည့်ရင် စိတ်ကုန်စရာကြီး ( တောထွက်ချင်စိတ်တောင် ပေါက်တယ် :P )

၁၃။ စိတ်တိုရင် ဘာလုပ် - စကားမပြောတော့ဘူး။

၁၄။ အကြိုက်ဆုံးသီချင်း-That' the way it is,U still the one (လောလောဆယ်ပြောတာနော် :) )

၁၅။ဝါသနာ- စာရေးစာဖတ် အဓိကပေါ့။စစ်တုရင်ထိုးတာလည်း ၀ါသနာပါတယ်။

၁၆။ မီးခွက်စောင့်ဘီလူးနဲ့ တွေ့ရင် တောင်းမယ့်ဆု - မေမေတို့နားမှာ အကြာကြီးနေချင်တယ်လို့ (မေမေတို့ထက် အရင်စောပြီး ကျွန်မတစ်ခုခုဖြစ်မှာကို ကြောက်တယ် :P )

၁၇။ လက်ဆွဲဆောင်ပုဒ်-ဘယ်တော့မှ အရှုံးမပေးဘူး၊ ဒါလည်း ပြီးသွားမှာပါ။

၁၈။ အိပ်ရေးပျက်ရတဲ့ အကြောင်းအရင်းက - ဆေးရုံက on call ခဏခဏ လာခေါ်လို့ :P ။

၁၉။ချစ်သူကို ဆိုပြချင်တဲ့ သီချင်း - ပေးဆပ်ခွင့်

၂၀။ ပြောပြချင်တဲ့ ဟာသတိုလေး - ဆေးကျောင်းရဲ့ ပထမနှစ်အတန်းမှာ လက်တွေ့စာမေးပွဲတစ်ခုလုပ်တယ်။ဘယ်လိုဖြေရတာလဲဆိုရင် အင်းဆက်တွေရဲ့ ခြေထောက်ကိုကြည့်ပြီး ဘာအင်းဆက် အမျိုးအစားလည်းဆိုတာကို ခွဲပြခိုင်းတယ်။ကျောင်းသားတစ်ယောက်က ကျောင်းမှန်မှန်မတက် စာမှန်မှန်မကျက်တော့ မဖြေနိုင်ဘူး။စာမေးပွဲခန်းကနေ အစောကြီးထွက်လာတယ်။ဒါဆို ဌာနမှူးကတွေ့သွားပြီး `မင်းဘယ်အတန်းက ကျောင်းသားလဲ ´လို့ မေးတယ်။ကျောင်းသားကလည်း သူ့ခြေကို ဌာနမှူးကို ပြပြီးတော့ `ခြေထောက်ကြည့်ပြီး ပြောကြည့်လေ´လို့ ပြောလိုက်တယ်။ :P မရယ်ရရင်လည်း မတတ်နိုင်ဘူးနော်။ 

ကံစမ်းမဲပေါက်ပြီး ရေးပေးရမဲ့သူတွေကတော့ ကိုအညာသား၊ကိုလေတံခွန်၊ကိုဟိန်းညီ တို့ဖြစ်ပါတယ်။(စာရေးနေတုန်း လာစကားပြောလို့ တဂ်ချင်တာနဲ့ တဂ်လိုက်တာ ။ရေးပေးကြမယ် ဟုတ် )

စာရေးသူ - ပန်းရင့်ရောင်

စိတ်ဝင်စားသေးရင်...