BLOGGER TEMPLATES AND TWITTER BACKGROUNDS

Thursday, March 25, 2010

ပိတောက်တွေ ဝေနေစဉ်


သင်္ကြန်နားနီးတော့ သင်္ကြန်သီချင်းမြူးမြူးကြွကြွတွေကို ကြားနေရပြီ။ပိတောက်ဝေ မဝေမသိပေမဲ့(ပိတောက်ပင် မရှိလို့) သင်္ကြန်နားနီးနေပြီဆိုတာနဲ့ သူ့ကိုဖျတ်ခနဲ သတိတော့ရနေမိပြန်ပြီ။ဒီလို အချိန်ပဲပေါ့။စိတ်မရှည်တတ်တဲ့ ကျွန်မနဲ့ ကျွန်မရင်ခွင်ထက်က တိတ်တခိုးရှိနေတဲ့ သူနဲ့အမှတ်တမဲ့ ဆုံတွေခဲ့ကြရတာ။ကျွန်မ ဒိုင်ယာရီ စာမျက်နှာတိုင်းမှာ သူ့ပုံရိပ်တွေ ထင်ကျန်နေတတ်ပေမဲ့ သူဘယ်ဆီရောက်နေတယ်ဆိုတာကို ကျွန်မ မသိသလို သူကလည်း ကျွန်မကို အမှတ်ရချင်မှ ရပါလိမ့်မယ်။ပိတောက်တွေကို တိုင်တည်ပြီးပြောပြချင်ပါတယ်။ကျွန်မရင်ခွင်ကို တိတ်တခိုးဝင်လာတဲ့သူ့ကို ကျွန်မအမှတ်တရ ရှိနေတယ်ဆိုတာကို သူနဲ့များတွေ့ဖြစ်ရင် ပြောပြပေးကြပါလို့.............။

ရေးလက်စ ဒိုင်ယာရီထဲက ခပ်ကြောင်ကြောင်အတွေးကို ပြန်ဖတ်မိပြီး ကိုယ့်ကိုကိုယ်လည်း ရယ်ချင်သွားမိသည်။လက်တွေ့တွင် စိတ်ကူးယဉ်မဆန်သော ကျွန်မ အခုတော့ ဒိုင်ယာရီထဲမှာ ကဗျာတွေ စာတွေ တမ်းချင်းတွေကို တစ်ယောက်တည်းဖွင့်ဟနေတတ်လေပြီ။ကြာခဲ့ပြီဆိုပေမဲ့ ကျွန်မအတွက် အမှတ်တရအဖြစ်နဲ့ ယခုတိုင် လတ်ဆတ်နေဆဲပါလို့ ပြောပြရင် အံ့သြစရာပင်ကောင်းလောက်သည်။ကျွန်မသူ့ကိုမသိစိတ်တစ်နေရာထဲကနေ စောင့်နေတယ်ဆိုတာ ကျွန်မကိုယ်တိုင်တောင် မယုံချင်ပဲနဲ့ လက်ခံနေခဲ့ရပါသည်။သူဆိုတာ...........။

`ဒီ AS အပေါက်ကြမ်းတယ်လို့ ပြောဦးမယ်။လုပ်လာတာကလည်း ဟုတ်မှ မဟုတ်ကြတာ´ဟု ပွစိပွစိရေရွတ်နေသော ကျွန်မကို သူက ဖျတ်ခနဲ လှမ်းကြည့်သည်။ကျွန်မစိတ်တိုလျှင်လည်း တိုစရာပင်။ဒီနေ့တစ်နေကုန်ကို accident ဖြစ်ပြီးရောက်လာသောလူနာတွေ ရိုက်မှုနဲ့ရောက်လာသော လူနာတွေ ပုံနေသဖြင့် ခုလို သင်္ကြန်တွင်း ဂျူတီကျသော ကျွန်မတစ်ယောက် စိတ်ညစ်နေမိသည်။မူးပြီးရစ်နေတတ်သောသူတွေကလည်း ရှိသေးသည်မို့ အလိုလိုနေရင်း စိတ်ကလည်း တိုနေမိသည်။ခေါင်းပေါက်ကာရောက်လာသော သူ့ကို ချုပ်ပေးနေရင်းနှင့် ကျွန်မသူ့ကိုယ်ရနံ့ကို စတင်စွဲလန်းသွားသည်ဟု ပြောလျှင် မည်သူမှယုံကြမည်မဟုတ်ပေ။(ထိုည အိပ်မက်ထိ သူ့ရနံ့ ပါလာသည်မှာ ကျွန်မ၏တစ်ဖက်သတ် စွဲလန်းနေမှုပင်)

`ချုပ်ရိုးက ဘယ်မှာ ဖြည်မလား´ဟု သူ၏အမေးကို `အဆင်ပြေတဲ့ ဆေးခန်းမှာ သွားဖြည်ရင်ရပါတယ်။ဆေးရုံမှာ လာဖြည်လည်းရတယ်´ဟု ကျွန်မကောင်းမွန်စွာ ပြန်ဖြေပေးလိုက်ပါသည်။`အိုကေလေ။ဒီက ဒေါက်တာက GP မထိုင်ဘူးလား´ဟု စပ်စပ်စုစုမေးနေသော သူ့ကို စိတ်ပျက်စွာ တစ်ချက်ကြည့်မိသည်။`မထိုင်ဘူးရှင့်´ဟု ဖြေကာ လိုအပ်သောသောက်ဆေးနှင့် မေးခိုင်ကာကွယ်ဆေး အွန်ပေးလိုက်ပြီး အခန်းပြင်သို့ထွက်လာသည်။ကျွန်မ လောလောဆယ် ခေါင်းကိုက်နေသည်ကိုပဲ သိသည်။`စောစောက လူနာက နောက်အပတ်ကျရင် တစ်ခါလာခဲ့ပါ့မယ်လို့ ပြောသွားတယ်´ဟု အနီဝတ်ဆရာမလေးအပြောကို ကျွန်မ ခေါင်းသာညိတ်ပြမိသည်။ကျွန်မဂျူတီချိန် ဖြစ်ချင်မှ ဖြစ်နိုင်မည်မို့ ပြန်ဆုံဖို့ရန် တိုက်ဆိုင်မှု ရှိချင်မှ ရှိမည်။

`အစ်မ လူနာတစ်ယောက်က ချုပ်ရိုးဖြည်မလို့တဲ့´ဟု ဆရာဝန်နားနေခန်းသို့လာပြောသော staff လေးကို `အခုလာခဲ့မယ်´ဟုပြောရင်း သူ့ကို မဆီမဆိုင်သတိရသွားလိုက်သေးသည်။ကျွန်မ သူ့ကို မြင်လိုက်ချိန်တွင် အံ့သြသွားမိသည်။ကျွန်မ အတွေးထဲ ယခုပဲနေရာဝင်ယူသော သူ့ကို တွေ့လိုက်ရသောအခါ ရုတ်တရက်တော့ ကြောင်သွားသည်။သူလည်း ကျွန်မကဲ့သို့ပင် အံ့သြသွားပုံပေါ်သည်။`အော် စိတ်မရှည်တဲ့ ဆရာဝန်မနဲ့ တွေ့ပြန်ပြီ´ဟု မကြားတကြားတီးတိုးရွေရွတ်လိုက်သေးသည်။ကျွန်မသူ့ကို ချုပ်ရိုးဖြည်ပေးရင်းနှင့် ဆေးရုံက ၀န်ထမ်းလေး၏ ပိတောက်တွေ ပွင့်နေပြီ ဟူသော အသံကြောင့် ကျွန်မနှုတ်မှ `ပိတောက်ပန်းတွေ ကလည်း အပွင့်နောက်ကျလိုက်တာနော်´ဟု ပြောမိသည်ကို သူကကြားသွားပြီး `ပိတောက်ပန်းကြိုက်လား´ဟု ပြန်မေးသည်။ကျွန်မက ခေါင်းပဲ ညိတ်ပြလိုက်သည်။ပိတောက်ပန်းပွင့်တဲ့နေ့နောက်ပိုင်းမှစပြီး သူနဲ့ မတွေ့ရတော့သလို ကျွန်မရင်ထဲက အရိပ်တစ်ခု အဖြစ်တစ်စတစ်စ တိုးဝင်လာသည်ကို ကျွန်မ တဖြည်းဖြည်းရိပ်မိလာသည်။တခါတလေ ကိုယ်နဲ့ မဆိုင်သော သူတစ်ယောက်ကို မှတ်မှတ်ရရ လွမ်းနေမိတာကလည်း စွဲလမ်းမှု တစ်ခုသာ ဖြစ်ပေလိမ့်မည်။

ကျွန်မ ဒီနှစ်သင်္ကြန်တော့ လွန်ခဲ့သော ၂နှစ်ကလိုဂျူတီ မကျတော့ပါ။သို့သော် ကျွန်မနေထိုင်သော တိုက်ခန်းအောက်ထပ်တွင် ဆေးခန်းတော့ ဖွင့်ထားသည်။ထိုစဉ် `ဒေါက်တာ...ဒေါက်တာရှိပါသလား´ဟု အောက်ထပ်မှ ခေါ်သံကြောင့် ကျွန်မအမြန်ဆင်းသွားမိသည်။ကျွန်မမြင်နေရသော ဘေးတိုက်ပုံရိပ်တစ်ခု။ထိုနောက် ကျွန်မနှာခေါင်းထဲသို့ဝင်လာသော ကျွန်မစွဲလမ်းနေသော ရနံ့။ကျွန်မရင်ခုန်သံတွေက စည်းချက်မမှန်ချင်တော့ပေ။ကျွန်မကိုမော့ကြည့်သော သူ၏အကြည့်တစ်စုံနှင့် နောက်ဆုံးကျွန်မသိလိုက်ရသည်က သူနှင့်ကျွန်မတို့ တိုက်ဆိုင်စွာရေစက်ပါနေပြီမှန်း။

`အခုက ခေါင်းပေါက်တာမဟုတ်ဘူး။ဆိုင်ကယ်မှောက်လို့ လက်မှာ ဗြဲသွားတာ ဆေးလာထည့်တာပါ´ဟု သူက မှတ်မိသလိုပြောလေသည်။တစ်နေရာရာတွင် ပိတောက်တွေဝေနေမည်မှန်း သေချာလှပါသည်။အနည်းဆုံးတော့ ကျွန်မရင်ခွင်တွင် ပိတောက်တွေ ဝေနေပြီလေ။သူ့အနာကို ဆေးထည့်ပေးရင်း ကျွန်မတို့နှစ်ယောက်၏ ရေစက်ဆုံမှုကို ပိတောက်ပန်းတွေများ သိမှ သိပါလေစ။
စာရေးသူ - ပန်းရင့်ရောင်

စိတ်ဝင်စားသေးရင်...

Saturday, March 20, 2010

တစ်ခါတလေတော့လည်း အမှတ်ရတာပေါ့

ကျွန်မ ခွဲစိပ်ဆောင်ရှေ့သို့ဖြတ်ကာ ခွဲခန်းထဲဝင်ဖို့ အသွားတွင် `အခု M.Sc လာတက်တဲ့ ဒေါက်တာ ဆုနှင်းသူနဲ့ ဆရာ ကျော်မျိုးခိုင်နဲ့က ရည်းစားဟောင်းတွေတဲ့´ဟု ပြောနေကြသော ward ထဲကတီးတိုးသံတွေကြောင့် ကျွန်မခြေလှမ်းတွေ တုန့်သွားသည်။သို့သော် ကျွန်မနှင့်မဆိုင်ဟု ပြန်တွေးကာ ခပ်သွက်သွက်လျှောက်သွားလိုက်သည်။အမှန်တကယ်လည်း မဆိုင်တော့ပေ။ကျွန်မရင်ထဲက မောင်သည် ယခုအချိန်တွင် တစ်ပါးသူရင်ခွင်ထဲသူ ကိုကိုသာ ဖြစ်နေပေလိမ့်မည်။အတိတ်ဆိုတာကို ပြန်တူးဆွကာ ပြောနေကြမည်ကို ကြိုသိပြီးသားပဲ မခံနိုင်စရာ အကြောင်းမရှိဟုသာ စိတ်ဖြေလိုက်သည်။တစ်ခါတလေတော့ ကျွန်မရင်ခွင်ထက်တွင် ခိုနားဖူးသော လိပ်ပြာလေးကိုတော့ တမ်းတမိပါသေးသည်။အဲတာကလည်း တကယ့်ကို တခါတရံပါပဲလေ.........။



`ဒီနေ့ည ညစာစားပွဲရှိတယ်။ကျောင်းတက်ဖော်သူငယ်ချင်းတွေ စုံဖို့လေ။ငါ့အိမ်မှာပဲ ဆုံတာပေါ့´ဟု မေခိုင်အပြောကို ကျွန်မသက်ပြင်းချမိသည်။ward ချင်းမတူလို့ မောင်နှင့်မတွေ့ရပေမဲ့ ခုလို ပြန်ဆုံမည်ဆိုတော့ မတွေ့ချင်သေးပေ။`ငါမလာလို့ရလား´ဟု ကျွန်မမေးမည်ပြုပြီးမှ မကောင်းပါဘူးလေဟု တွေးကာ မပြောဖြစ်ခဲ့ပေ။ကျွန်မဘာလို့ ဒီမန်းလေးကို မလာသည်ကို မေခိုင်တစ်ယောက်သာ နားလည်ပါလိမ့်မည်။ကျွန်မက မောင်ရှိသောအရပ်တွင် နေပြီးရည်းစားဟောင်းကို တမ်းတနေမိလူမျိုး မဟုတ်ခဲ့ပါလေ။

ည(၇)နာရီ
`နောက်ကျလိုက်တာ ဆုနှင်းသူရယ်။မလာတော့ဘူးထင်နေတာ´ဟု ပြောသော သူငယ်ချင်းများကို ကျွန်မပြုံးပြလိုက်သည်။လူကလာနေရသော်လည်း စိတ်က မလာချင်တော့ ပင်ပန်းသည်ဟု ခံစားနေရသည်။`ကျော်မျိုးခိုင် ရောက်နေပြီ´ဟု အနားကပ်ကာ တိုးတိုးလေးပြောသော မေခိုင်ကို ကျွန်မက ဘာမှ မပြောမိပေ။`နင် ဖြစ်ရဲ့လား။သူက အစကမလာဘူးဆိုပြီး အခုမှ ဘယ်လိုရောက်လာလည်းမသိဘူး။နင့်ကို အားနာတယ်´ဟု မေခိုင်ကပြောသည်ကို `ရပါတယ်။သူနဲ့က ဘာမှ မဆိုင်တော့ဘူးလေ။ဘာမှ မဖြစ်ဘူး သူငယ်ချင်း။ကျေးဇူး´ဟုသာပြန်ပြောလိုက်သည်။

ဆရာဝန်တွေချည်းတည်းဟုသာပြောသည်။အသောက်အစားနည်းနည်းပါသည်မို့ ကျွန်မစိတ်ညစ်မိသည်။ ဟိုးအရင်ကအတိုင်းပင် ကျွန်မ ဘီယာကို အနံ့တောင် မခံနိုင်သေးပေ။`မေခိုင် ငါ ဟိုဖက်ခဏသွားလိုက်ဦးမယ်´ဟုပြောကာ ထွက်လာသော ကျွန်မကို မေခိုင်က နားလည်သလိုကြည့်ကာ`သူက အသောက်အစားနဲ့ allergic လေ´ဟု သူငယ်ချင်းတွေဘက်လှည့်ပြောလေသည်။မေခိုင်တို့အိမ်ကို ဟိုးအရင်ကျောင်းတက်ကတည်းက ရင်းနှီးပြီးသားမို့ သွားရလာရတာ မခက်ပေ။

ကျွန်မအလွန်မုန်းသော အနံ့အသက်ကြောင့် ကျွန်မနောက်တွင် လူတစ်ယောက်ရောက်နေပြီမှန်း သိလိုက်သည်။ကျွန်မလှည့်ကြည့်လိုက်တော့ ကျွန်မ ဟိုးအရင်က ချစ်ခဲ့ဖူးသော မောင်။`နေကောင်းတယ်နော် ဆုနှင်း။တွေ့လို့လာနှုတ်ဆက်တာ။လူတွေကြားထဲတော့ စကားစမပြောရဲတာနဲ့ ခုလိုလာခဲ့တာ။နင်က အရင်အတိုင်းပဲ မျက်နှာတည်တင်းနေတုန်းနော်´ဟူသော သူ့စကားကို `အင်း နေကောင်းပါတယ်။အထဲဝင်တော့မယ်´ဟု ပြောကာ ထွက်လာသော ကျွန်မကို မောင်က `ခဏနေဦး ဆုနှင်း။မေးစရာရှိလို့´ဟု လှမ်းတားသည်။
`နင်နဲ့ ငါ့ကြားမှာ မေးစရာ ပြောစရာတွေ ကုန်သွားပြီလို့ ငါထင်တယ် မျိုးခိုင်။´
`မဟုတ်ဘူး။ရှိသေးတယ်။နင်မရှိရင်တောင် ငါ့မှာရှိတယ်´
`နင် မူးနေပြီထင်တယ် မျိုးခိုင်။အေးအေးဆေးဆေး ပြန်နားပါတော့။´
`နင် ငါ့ကို ချစ်နေသေးတယ်မလား ဆုနှင်း။နင် ငါ့ကို သတိရနေသေးတယ်မလားဆုနှင်း။မှန်မှန်ဖြေပါ။´ဟူသော အပြောက ကျွန်မထိန်းချုပ်နိုင်စွမ်းတွေကို လွတ်ထွက်သွားစေသည်။`ဒီအရာတွေက အရေးမကြီးတော့ဘူး မျိုးခိုင်။နင် ငါ့ကိုထားပြီး နင်စိတ်ကြိုက် လုပ်ခဲ့ပြီးပြီလေ။အခုမှ လာမေးနေရသေးလား။ဟုတ်တယ်။ငါ နင့်ကို ချစ်နေသေးတယ်။ဘာလို့လဲဆိုရင် ငါ့ဘ၀မှာ နင်ကလွဲပြီးတခြားယောက်ျားတွေကို ချစ်မရခဲ့လို့။သတိရလားဆိုရင်တော့ တစ်ခါတလေပေါ့။အမြဲတမ်းကြီး သတိရရအောင်လည်း ငါ့မှာ အချိန်တွေ မပိုဘူး။မေ့အောင်မှ မကြိုးစားခဲ့တာ။အချိန်က ကုစားသွားတာပဲလေ။နင်သိချင်တာ သိပြီးပြီမလား။နင် ငါ့ကို တစ်ချိန်က သိခဲ့ဖူးတဲ့ မိတ်ဆွေတစ်ယောက်လိုပဲ ထားလိုက်ပါတော့။အတိတ်ဆိုတာ တူးဆွလို့ကောင်းတာမဟုတ်ဘူး´ဟု ပြောကာ ကျွန်မလှည့်ထွက်ခဲ့သည်။မောင် ဘယ်လိုကျန်ခဲ့သလဲ ကျွန်မမသိပေ။ကျွန်မပါးပြင်ပေါ်သို့ ပူနွေးနွေးအရာလေး ပြုတ်ကျလာသည်ကို ခပ်ကြမ်းကြမ်းသုတ်ပစ်ရင်း ငိုစရာမှ မလိုတာဟု စိတ်တင်းပစ်လိုက်သည်။

တကယ်တော့ ဘယ်အရာမဆို အချိန်က ကုစားပေးလိုက်တာက များပါသည်။ကျွန်မ မောင့်ကို ချစ်ခဲ့သည်။ယခုချစ်လားဆိုရင်လည်း ချစ်သည်။သတိရလားဆိုရင် ဟိုးအရင်ကလောက်တော့ မ၇တော့ပေ။ကျွန်မရင်ထဲတွင် မောင်ရှိနေရင်တော်ပါပြီ။မောင့်အတွက်လည်း ၀န်ထုပ်ဝန်ပိုးမဖြစ်အောင် ကျွန်မလည်း စိတ်မပင်ပန်းအောင် နေတတ်နေပါပြီ။တစ်စုံတစ်ယောက်ကများ မောင့်ကို သတိရလားလို့ မေးခဲ့ရင် အကြောင်းတိုက်ဆိုင်ရင် တခါတလေတော့ အမှတ်ရပါတယ်လို့သာ ဖြေမိပါလိမ့်မည်။

စာရေးသူ - ပန်းရင့်ရောင်
ကျွန်မ စိတ်ကူးထဲတွင်ပေါ်လာသော အကြောင်းအရာလေးကို ရေးသားခြင်းသတ်သတ်သာဖြစ်ပါတယ်။ပျင်းစရာကောင်းပြီး ဖတ်လို့ မကောင်းတဲ့အတွက် တောင်းပန်ပါတယ်ရှင်။
စာဖတ်သူများကို အစဉ်လေးစားလျက်
ပန်းရင့်ရောင်

စိတ်ဝင်စားသေးရင်...

ရင်ထဲက အတွေးစများ

အတွေးဆိုတာ ကောင်းတာလဲရှိသလို မကောင်းတာလည်း ရှိတာပဲ။ကောင်းတာချည်းပဲ ရွေးတွေးမယ်ဆိုပြီး မျက်နှာလိုက်တာလည်း မရှိပါဘူး။တွေးချင်တာ တွေးမိကြတာပဲ။ကျွန်မလည်း ကောင်းတာတွေကော ဆိုးတာတွေပါ အကုန်တွေးဖြစ်ပါတယ်။အမှန်အတိုင်းပြောရင် အခုတလောပိုင်း သိပ်တောင်မတွေးဖြစ်ဘူး။စိတ်ပင်ပန်း လူပင်ပန်းနဲ့ ဘာမှကို စိတ်ထဲထားပြီး အတွေးနယ်ချဲ့ဖို့ အချိန်ကို သိပ်မရဘူးဖြစ်နေတယ်။

နိဒါန်းပျိုးနေတာနဲ့ပဲ ရေးချင်တာ မရေးလိုက်ရပဲ ဖြစ်နေတော့မှာပဲ :) ။ရင်ထဲမှာ ဘာတွေတွေးမိပါလိမ့်လို့ သေချာပြန်စဉ်းစားလိုက်တော့ ပထမဆုံးတွေးနေမိတာ သေခြင်းတရားကိုပါပဲ။နောက် (၃)နှစ်ကြာရင် ကျွန်မလောကကြီးက ထွက်သွားခဲ့ရင်ဆိုတဲ့အတွေးဝင်လာတိုင်း စိတ်တော်တော်ကို ဆင်းရဲမိတယ်။ကျွန်မ အတ္တတွေက ကျွန်မကို သေခြင်းတရားနဲ့ ရင်ဆိုင်ဖို့ မရဲစေဘူး။ကျွန်မသေရမှာကို ကြောက်နေတာထက် ကျွန်မမိဘ ကျွန်မညီမလေး ကျွန်မ အစ်မ သူတို့တွေအတွက် ကျွန်မ အကောင်းဆုံးဖြစ်အောင် ဘာမှမလုပ်ပေးရသေးတဲ့အချိန်မှာ ကျွန်မလောကကြီးကမထွက်ခွါချင်သေးဘူး။ကံစီမံရာလို့ပဲပြောပြော ကျွန်မ ကံတရားကြီးကို ကျွန်မအတ္တနဲ့ ဆန့်ကျင်ချင်သေးတယ်။ကျွန်မ မိသားစုနားကနေ အလျင်စလို ထွက်မသွားချင်သေးဘူးလေ။အဲလောက်ထိ ကျွန်မ အတ္တတွေနဲ့ မိသားစုကို တွယ်တာမိတယ်။

မိသားစုလို့ တွေးမိတာနဲ့ ညီမလေးက နောက်ဆက်တွဲဝင်လာတယ်။အခုဆိုရင် ညီမလေးက အထက်တန်းတက်နေပြီ။သူ့အတွက် ကျွန်မက ရင်ပူရတုန်း။အငယ်ဆုံးမို့ အစ်မတွေကို အားကိုးတတ်တဲ့ ညီမလေးအတွက် ကျွန်မအမြဲစိုးရိန်မိတယ်။ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းပါးတဲ့ ညီမလေးကို လောကဓံကို ရင်ဆိုင်နိုင်ဖို့အတွက် စိတ်ဓါတ်ပိုင်းဆိုင်ရာတွေအများကြီးပြုပြင်ပေးရဦးမယ်လေ။ဆယ်တန်းကို ထူးချွန်စွာဂုဏ်ထူးတွေနဲ့ အောင်တာ မအောင်တာထက် ညီမလေး စိတ်ချမ်းသာစွာနဲ့ ၀ါသနာပါရာကို လုပ်စေချင်မိတယ်။ကိုယ်ပိုင်ရွေးချယ်မှုနဲ့ပေါ့။

အလုပ်ခွင်မှာဆိုလည်း လူနာတွေကို အကောင်းဆုံးလုပ်ပေးချင်တဲ့ အတွေးလေးအမြဲရှိပေမဲ့ တစ်ခါတလေကျတော့လည်း စိတ်ဆင်းရဲလွန်းတယ်။ယူတတ်ရင် တရားပေါက်မဲ့နေရာကြီးမှာ တရားရမရတော့မသိဘူး။ငိုကြွေးပူပန်သံတွေကြား ကျွန်မ စိတ်ဆင်းရဲနေမိတယ်။တစ်ခါတလေဆိုရင် ဘာလို့ငါဆရာဝန်လုပ်နေမိတာလဲ ဆိုပြီး မတွေးကောင်းတဲ့အတွေးတွေနဲ့ လူနာတွေနားက အဝေးကို ထွက်ပြေးချင်နေမိတယ်။အမောဖောက်ပြီးရောက်လာတဲ့ လူနာကိုကြည့်ရင်း မရှင်နိုင်တော့မှန်းသိသိကြီးနဲ့ မျှော်လင့်ချက်နဲ့ လုပ်ပေးနေရတာတွေ၊နှလုံးခုန်ရပ်သွားလို့ CPR လုပ်ပေးနေရတဲ့အချိန်တွေမှာဆိုရင် အကြီးအကျယ်ကို စိတ်ဆင်းရဲမိတယ်။ဘာပဲပြောပြော ဆရာဝန်ဆိုတဲ့အသိစိတ်ကတော့ ကိန်းအောင်းနေတော့ ရှင်လာနိုးနိုးနဲ့ လုပ်ပေးမိနေကြတာပါပဲလေ။တစ်ချို့လူတွေကထင်ကြတယ်။ကျွန်မတို့ အလုပ်က မနက်အစောကြီးထပြီးပြေးနေစရာမလိုဘူးပေါ့။တကယ်တန်း ခွဲခန်းထဲမှာ တစ်ညလုံးမအိပ်ပဲ လူနာတွေ အသက်ကယ်နေတာ ဘယ်သူမှ မသိနိုင်ဘူးလေ။ဘယ်အလုပ်က ပိုပင်ပန်းတယ် ပိုမွန်မြတ်တယ်ဆိုတာ မရှိပါဘူး။အားလုံး သူ့နေရာနဲ့သူပေါ့။ပြောချင်တာတွေ လမ်းလွဲကုန်တော့မှာပဲ :) ။

စာအုပ်စာပေနဲ့ ပတ်သတ်ပြီးတော့လည်း ကျွန်မဖတ်ချင်တာတွေများနေပေမဲ့ တွေးသာတွေးဖြစ်တယ် လူကဖတ်ဖို့ အချိန်ကို မပေးနိုင်သေးတာက များတယ်။Surgery အတွက် လေ့လာချင်တာတွေ ဖတ်ချင်တာတွေရှိနေပေမဲ့ အလုပ်ကပြန်လာတဲ့အချိန်ရောက်တာနဲ့ လူက တကယ်ကို ပင်ပန်းလွန်းလို့ ကောင်းကောင်းကို မဖတ်နိုင်တာများလာတယ်။လုပ်ချင်တာများလာတော့ လူက ပိုပင်ပန်းလာတယ်လေ။Transfer ကိစ္စလေးကလည်းရှိတော့ ရပါ့မလားဆိုပြီး စိတ်ညစ်မိတယ် (ကျွန်မက မဆိုင်တာတွေး စိတ်ပူတတ်သေးတယ်လေ :) )။မတွေးဖြစ်ဖူးတာ ပြောတာပါ။အများကြီးကျန်သေးတယ်:) ။ကျွန်မရဲ့တောင်ရောက်လိုက် မြောက်ရောက်လိုက်နဲ့ စာဖတ်သူတွေကို ဘာမှ မပေးလိုက်နဲ့ ပေါက်တတ်ကရ အတွေးတွေအတွက် တောင်းပန်ရင်း မချောရဲ့တဂ်ပို့စ်လေးကိုအဆုံးသတ်လိုက်ပါတယ်။(ပြန်တော့မတဂ်တော့ပါဘူးလေ :P )။ကျွန်မကို စိတ်ရှည်ရှည်စောင့်စားပြီး နားလည်ပေးတဲ့ မချောကို အထူးကျေးဇူးတင်ပါတယ်ရှင်။

စာရေးသူ - ပန်းရင့်ရောင်

စိတ်ဝင်စားသေးရင်...

Monday, March 15, 2010

ရေးခဲ့ဖူးသော ဒိုင်ယာရီ

ဘာရယ်မဟုတ်ပဲ အခန်းရှင်းနေရင်းနဲ့ ဟိုးအရင်က သူနဲ့ပတ်သတ်ပြီး ရေးသားခဲ့ဖူးသော ကဗျာစာအုပ်လေးကို အမှတ်မထင်ပြန်တွေ့ရလေသည်။မရေးတာကြာသော ဒိုင်ယာရီ စာအုပ်လေးနဲ့အတူ သူပေးဖူးသော ပန်းခြောက်တွေကို အသာနမ်းရှိုက်ကြည့်ရင်း ဟိုးအရင် ဆွတ်ပျံပျံ ဒိုင်ယာရီလေးကို တစ်ရွက်စီလှန်ပြီး အတွေးဂယှက်ထဲသို့ ရောက်ရှိသွားလေတော့သည်။

နေကလည်း အရမ်းပူ ချွေးကလည်း အရမ်းထွက်သော ရာသီဥတုမှာ ကျွန်မနဲ့သူ တွေ့ဆုံခဲ့ကြသည်။သူနှင့် တွေ့ဆုံမှုမှာ Romantic မဆန်ပေ။သာမန်ရိုးရှင်းစွာ တွေ့ဆုံကြရင်း သက်သက်သာ။ပူပြင်းလှသောကြောင့် အအေးသောက်ရန် ကျွန်မသောက်နေကျ အအေးဆိုင်သို့ ထွက်လာခဲ့သည်။အရမ်းပူသောကြောင့် အအေးဆိုင်တွင် လူပြည့်ကာ ထိုင်စရာနေရာမရှိတော့ပေ။တစ်ယောက်တည်း ထိုင်နေသော သူ့ဝိုင်းတွင် ဘာရယ်မဟုတ် ခွင့်တောင်းကာ ၀င်ထိုင်လိုက်သည်။

အမှတ်မထင်တွေ့ဆုံမှုက ရေရှည်ပတ်သတ်မှုမျိုးရှိခဲ့မယ်မှန်းသိရင် ထိုင်ဖြစ်မှာ မဟုတ်ပေ။အအေးသောက်ပြီး ခပ်မြန်မြန်ပြန်သွားသော ကျွန်မသည် သူ့ဝိုင်းတွင် ကျွန်မ၏ စာအုပ်လေးကျန်ခဲ့သည်ကို သတိမထားမိခဲ့ပေ။အဆောင်ပြန်ရောက်လို့ ရေမိုးချိုးပြီးလို့ ကဗျာလေးစာလေး စပ်ရအောင် နေ့လည်က စာတစ်ကြောင်းလောက်သာ အစပျိုးခဲ့သော စာအုပ်လေးကို ရှာမိသည်။ထိုအခါမှ ကျွန်မစာအုပ် အအေးဆိုင်တွင်ကျန်ခဲ့မှန်း သိလိုက်ရသည်။အရေးကြီးသော စာအုပ်မဟုတ်သဖြင့် သွားပြန်မယူဖြစ်ပေမဲ့ စိတ်တော့ စွဲမိသည်။သူပြန်လာပေးရင် ကောင်းမှာပဲ ဟုစိတ်ကူးယဉ်ဆန်ဆန် တွေးမိလိုက်သည်။နာမည်တောင် မထိုးထားတဲ့ စာအုပ်တစ်အုပ်ကို ဘယ်လိုလုပ် ပြန်လာပေးလို့ရမလဲနော်။

`ဟေ့ကောင် လက်ရေးတော်တော်လှတယ်။ဘယ်သူ့စာအုပ်လဲ´ဟု သူငယ်ချင်းတွေ မေးသည်ကို သူခေါင်းရမ်းပြလိုက်သည်။`မသိဘူး။အအေးသောက်ရင်းနဲ့ ကျန်ခဲ့တာ´ဟုပြောကာ ဖြစ်ကြောင်းကုန်စင်ကို ပြောပြလိုက်သည်။lady killer ဟုနာမည်ထွက်နေသော သူ့ကို ဇာတ်လမ်းတစ်ပုဒ်ရအောင် လာပြီး ဖန်တီးပေးနေသလော။သေချာသည်ကတော့ သူအအေးဆိုင်တွင် စာအုပ်ကလေးယူကာ သွားပြီး ထိုင်စောင့်နေဖို့သာ။

ကျွန်မသည် စာမေးပွဲတွေ ဖြေပြီးလို့ အိမ်ကပြန်ရောက်ပြီးကတည်းက အတော်ကြာမရောက်ဖြစ်သော အအေးဆိုင်လေးကို သူငယ်ချင်းတွေနှင့်သွားထိုင်ဖြစ်သည်။ထိုအခါ အမှတ်မထင် ကျွန်မရှေ့တွင်လာရပ်သော လူရိပ်ကြောင့် မော့အကြည့်တွင် ကျွန်မကို စာအုပ်လှမ်းပေးကာ ကြည့်နေသော သူနှင့် မျက်ဝန်းချင်းဆုံမိလေသည်။ရင်ထဲတွင် ဘယ်လိုမှန်းမသိအောင်ကိုပင် တစ်မျိုးကြီးဖြစ်သွားသည်။ထိုစာအုပ်နှင့်ပတ်သတ်ပြီး သူနှင့်စတင်ရင်းနှီးခဲ့လေသည်။

ပတ်ဝန်းကျင်လေ့လာမှု အားနည်းသော ကျွန်မ ရင်ခွင်ရိုင်းကျွန်မမှာ သူ့စကားသံတွေအောက်ကနေ ရုန်းမထွက်နိုင်ခဲ့ပေ။သူငယ်ချင်းတွေက သတိပေးနေသည့်ကြားကနေပင် ကျွန်မသူ့ကို ချစ်သူအဖြစ်အသိအမှတ်ပြုပေးမိသည်။သူ့၏အရိပ်တွေကြားနေ အမှတ်တရတွေကို ဒိုင်ယာရီတစ်အုပ်သတ်သတ်ထားကာ ရေးတတ်လာခဲ့သည်။ရူးလောက်ချစ်တာ မဟုတ်ပေမဲ့ သူ့ကို ကျွန်မ အမှန်တကယ်ချစ်ခဲ့တယ်ဆိုတာကိုတော့ ဘုရားအဆူအဆူရှေ့တွင် ကြိမ်ပြောရဲပါသည်။

ပန်းသတင်းလေညင်းဆောင် လူသတင်း လူချင်းဆောင် ဆိုသကဲ့သို့ အချိန်ကြာလာတော့ သူ့အကြောင်းတွေကို သိလာရသည်။ကျွန်မနားလည်ပေးနိုင်မှုကြောင့်လား သည်းခံနိုင်မှုကြောင့်လား သူ၏ပိရိသေသပ်မှုကြောင့်လားမသိပေမဲ့ သူနှင့်ကျွန်မကြား ဘာပြသနာကြီးကြီးမှ မဖြစ်ခဲ့ပေ။သူ ကျွန်မနားက ခွဲသွားမယ်ဆိုတာကို ကျွန်မသိနေသော်လည်း ခဏတာ သူ့အချစ်ပိုင်ဆိုင်ခဲ့ရသည်ကို မိုက်မဲစွာပင် တွယ်တာနေမိသည်။မာနတရားတွေတောင် မြေကြီးတွင် ခနေရလေပြီ။

သူ၏ လမ်းခွဲစကားအောက်တွင် ကျွန်မငြိမ်သက်နေမိသည်။အရာအားလုံးက စာအုပ်တစ်အုပ်ကြောင့် စတင်ခဲ့ပြီး မျက်ရည်တွေ နဲ့ အဆုံးသတ်၇လေသည်။ကျွန်မသူ့ကို ချစ်နေသော်လည်း သူထွက်သွားသည်ကို မတားဖြစ်ပေ။သူပြန်လာရင်တောင် လက်ခံတော့မှာ မဟုတ်တဲ့ မာနတရားတွေအတ္တတွေနှင့် အလွမ်းတွေကို အဖော်ပြုကာ ဖြတ်သန်းခဲ့ရတော့ ဆေးကျောင်းတက်စဉ် နေ့ရက်များ..............။

ယခုလက်ရှိဘ၀တွင် ကျွန်မရင်ထဲ သူရှိကောင်းရှိနေမည် သို့သော် အရာအားလုံးကို ကျွန်မကောင်းကောင်းမေ့တတ်နေပြီ။သူနှင့် ပတ်သတ်ဖူးသည့်အမှတ်တရတွေကို ရင်ထဲတွင် သိမ်းထားကောင်း သိမ်းထားဦးမည်။ဘယ်တော့မှ အပြင်သို့ ထုတ်ပြမည် မဟုတ်ပေ။ကျွန်မ မေ့ထားသော ဇာတ်လမ်းတစ်ပုဒ်က အခန်းရှင်းမှပဲ အစပေါ်တော့သည်။ကျွန်မဘ၀တွင် နေ့စဉ်ဒိုင်ယာရီပေါင်းများစွာ ရေးဖူးသည်။အချစ်နှင့်ပတ်သတ်ပြီး ပထမဦးဆုံးနှင့် နောက်ဆုံးရေးဖူးသော ဒိုင်ယာရီလေးကို ပိတ်ကာ တစ်ယောက်တည်းသမားဘ၀တွင် ရှင်သန်နေရတာကိုပဲ တပ်မက်နေမိပါတော့သည်။

စာရေးသူ - ပန်းရင့်ရောင် 

စိတ်ထဲမှာ ဘယ်လိုဖြစ်နေမှန်းမသိ ဘာရေးလို့ ရေးရမှန်းမသိဖြစ်နေလို့ ဘာအနစ်မှ မရှိတဲ့ ခုစာရေးဖြစ်သွားတာပါ။စိတ်တွေ တအားရှုပ်ထွေးနေပြီး အလုပ်တွေ များနေလို့ ပို့စ်မတင်ဖြစ်တာ ကြာနေတဲ့အတွက် ရေးမိရေးရာ ကောက်ရေးထားလိုက်တာပါ။အလုပ်နည်းနည်းအားတာနဲ့ မချော(အစိမ်းရောင်လွင်ပြင်)ရဲ့ တဂ်ကို ရေးပေးပါ့မယ်လို့ တောင်းပန်အပ်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။
စာဖတ်သူများကို အစဉ်လေးစားလျက်(ပန်းရင့်ရောင်)

စိတ်ဝင်စားသေးရင်...

Wednesday, March 3, 2010

ဝေဟင်ထက်က စွန်ကလေး

ကောင်လေးတစ်ယောက် မောကြီးပမ်းကြီး ပြေးလွှားနေသည်။အမြင့်ကို မော့ကြည့်လိုက် ပြေးလိုက်နှင့် တကယ်ကို အရေးကြီးနေသလို။ကောင်းကင်ကို မော့ကြည့်လိုက်တော့ ကြိုးပြတ်နေသော စွန်လေးတစ်ခု။ထိုစွန်လေးနောက်သို့ ကောင်လေးသည်းကြီးမည်းကြီး ပြေးလိုက်နေသည်။တော်တော် ရောက်တော့မှ စွန်လေးက တရွေ့ရွေ့နဲ့ မြေပြင်ထက်သို့ကျလာသည်။ကောင်လေးက စွန်လေးကိုကောက်ယူကာ စာရွက်လေးကို ဖတ်ယူပြီး မျက်နှာမှာ ပြုံးရွှင်လို့နေသည်။ပြေးခဲ့ရသည်ကိုလည်း မောဟန်မပြပေ။စာရွက်ကလေးတွင် ရေးထားသည်က.............ချစ်တယ် ။

အပိုင်း(၁)

မြစ်ကမ်းနံဘေးတွင် သူမ စွန်နှင့်ရစ်ဘီးကို ကိုင်ပြီး ရပ်နေသည်။စွန်မလွတ်တတ်သော်လည်း စွန်လွတ်ရသည်ကို ကြိုက်သောသူမသည် ယခုမောပန်းသော်လည်း စွန်က ကောင်းကင်တက်မည့်အစား မြေမှာ ပျော်နေလေသည်။သူမသည် စိတ်ညစ်စွာ ရပ်နေမိသည်။ထိုစဉ်..........။
`စွန်လွတ်ချင်လို့လား´ ဟု ငြင်သာစွာ လာမေးသော သူကြောင့် သူမက `ဟုတ်´ဟုသာ ပြောလိုက်သည်။သူက သူမလက်ထဲက စွန်နှင့်ရစ်ဘီးကို ယူက လွတ်ပေးလိုက်သည်မှာ သူမတုန်းက မြေပြင်တွင်စံမြန်းနေသော စွန်လေးမှာ ကောင်းကင်ယံတွင် တ၀ံ့ဝံ့နှင့်။သူမသည် ကလေးတစ်ယောက်လို ပျော်ရွင်စွာကြည့်နေလေသည်။`ဘယ်လို လုပ်လိုက်တာလဲ´ ဟုမေးလာသော သူမကို `ဒီလိုပဲ လုပ်လိုက်တာလေ။´ ဟု သူက ညစ်ကျယ်ကျယ်ပြန်ဖြေသည်။သူမက ပါးချိုင့်လေးတွေ ပေါ်အောင် ပြုံးပြီး `ပြောပြပါ´ဟု တောင်းဆိုလေသည်။`မနက်ဖြန်ကျရင် ပြပေးမယ်´ဟု ပြောကာ စွန်ကိုသာထိန်းနေလိုက်သည်။သူမက `အိုကေလေ။ဂတိနော်´ဟု ပြောသည်။သူ အသာခေါင်းညိတ်ရင်း ရင်ထဲတွင် ကုလားဘုးရားပွဲလှည့်သွားလေသည်။

အပိုင်း(၂)
`နာမည်ဘယ်လိုခေါ်လဲ ကောင်မလေး´ဟု သူ့အပြောကို သူမက သဘောကျစွာရယ်ကာ `ဇွန်မိုး။ကောင်လေးကကော´ဟု ပြန်မေးသည်။`နိုင်သော်´ဟု သူ့အပြောကို သူမက ရယ်နေသေးသည်။ပျော်ပျော်နေတတ်ပုံပေါ်သောသူမပုံရိပ်သည် ယခုည အိပ်မက်တွင် နေရာယူဦးမည်သာ။သူမကတော့ စွန်လွတ်တာသင်ရရင် ပြီးရော သူကိုလာတွေ့ခြင်းသာ ဖြစ်သည်။သူမကို စွန်လွတ်နည်းကို ခက်ခက်ခဲခဲသင်ပေးလိုက်ရသည်။အဘယ်ကြောင့်ဆိုသော် သူမသည် အရာဝတ္ထုတွေ အပေါ် စိတ်မရှည်တတ်ခြင်းပင် ဖြစ်သည်။(နောင်အခါ သူမသည် လူတွေ အပေါ်အလွန် စိတ်ရှည်သူဖြစ်မှန်း သူသိလိုက်ရသည်။)

စွန်လွတ်တာကို သူမနည်းနည်းတတ်သွားသော်လည်း စိတ်မရှည်ခြင်းကောင်း ကောင်းကောင်းမရပေ။သောင်ပြင်တွင် ဒီအတိုင်း မလွတ်ချင်တော့ဘူးဆိုပြီး ထိုင်ချလိုက်သော သူမအမူအရာက တကယ်ကို ချစ်စရာပင်။ထိုအချိန်ကတည်းက သူ့ရင်ထဲသို့ သူမစတင်ဝင်ရောက်လာလေသည်။သူမဘေးတွင် ၀င်ထိုင်ရင်း `ဇွန်မိုးက ဘယ်နားမှာနေတာလဲ´ဟုမေးသောအခါ သူမက `သိချင်တယ်ဆိုပါ့တော့ ဟုတ်လား´ဟုနောက်တောက်တောက်ပြန်ပြောသောအခါ သူ့မျက်နှာ နွေးကနဲပူလို့သွားလေသည်။`ရန်ကြီးအောင်ထဲမှာနေတာ´ဟု သူမပြန်ဖြေလို့သာ တော်တော့သည်။`ကျွန်တော်က ယုဇနထဲမှာ သိပ်တော့ မဝေးပါဘူး´ဟု သူ့အပြောကို သူမက `မဝေးတာမဟုတ်ဘူး နီးနေတာ ´ဟု တိုးတိုးလေးရေရွတ်လေသည်။သူမသည် ခင်စရာကောင်းသော ချစ်စရာကောင်းသော သူတစ်ယောက်ဖြစ်သည်။

အပိုင်း(၂)
သူနှင့်ချိန်းမထားသော်လည်း သူက သောင်ပြင်ပေါ်သို့ သွားချင်သည်နှင့်ထွက်လာခဲ့သည်။သို့သော် သူမက ရှိမနေပါ။သူ့ရင်ထဲတွင် တစ်မျိုးကြီး ဖြစ်သွားသည်ကို သူကိုယ်တိုင်သာသိသည်။သူမကို အချိန်အတော်ကြာအောင် စောင့်နေခဲ့သော်လည်း သူမက ပေါ်မလာခဲ့ပေ။သူမဘာလို့ မလာသည်ကို သူမသိသော်လည်း သူတစ်မျိုးကြီးဖြစ်သွားသည်။သူမ ယနေ့ စွန်သွားမလွတ်ဖြစ်ပေ။မေမေကလည်း နေ့တိုင်းစွန်လွတ်သည်ကို သဘောမကျတာလည်း ပါသောကြောင့် မသွားဖြစ်ပေ။သို့သော် သူမနောက်လိုက်ရင် ရှက်သွားတတ်သော သူ့ကို သတိတော့ရသည်။ထိုခံစားချက်ဝင်လာတိုင်း သူမအယောင်အယောင် အမှားမှားကို ဖြစ်လာသည်။မနက်ဖြန်တော့ စွန်သွားလွတ်မည်ဟု ဆုံးဖြတ်လိုက်သည်။

သူမ သောင်ပြင်ပေါ်သို့ ရောက်သောအခါ သူမရှိပေ။သူမ စွန်လွတ်ရင်းစောင့်လိုက်သည်။ထိုအချိန်တွင် `ဘယ်ဆိုးလို့လည်း တော်တော် လွတ်တတ်နေပြီ´ဟုအသံကြောင့် သူမ လှည့်ပြုံးပြလိုက်သည်။သူမ အတန်ကြာအောင် စွန်လွတ်နေပြီးမှ စွန်ကို ပြန်သိမ်းကာ သူနားတွင် သွားထိုင်လိုက်သည်။`မနေ့တုန်းက စွန်လွတ်ဖြစ်လား´ဟု သူ့အမေးကို သူမက ခေါင်းခါပြသည်။ဘာကြောင့်လဲ ဟု သူဆက်မမေးဖြစ်သလို သူမကလည်း မဖြေပေ။`ကျောင်းပြီးသွားပြီလား´ဟု ကောက်ကာ ငြင်ကာမေးသော သူမကြောင့် သူကြောင်သွားသည်။နောက်မှ `မပြီးသေးဘူး။နောက်ဆုံးနှစ် ရူပ´ဟု ဖြေလိုက်သည်။`အစ်မလို့ ခေါ်သင့်တယ်။ကျွန်မက ကျောင်းပြီးသွားပြီ´ဟု ပြောကာ ဖြတ်ကနဲထသွားလေသည်။သူ၏အိပ်မပျော်သော ညတာ ရှည်ဦးမည်လော။

သူမအလွန်ပွင့်လင်းပြီး လူငယ်ဆန်သူလည်းဖြစ်သည်။သူနှင့် သူမ ညနေတိုင်း စွန်လွတ်ကြရင်း ခင်မင်ကြသည်။သူမသည် မြန်မာစာနှင့် ကျောင်းပြီးထားပြီး သူမမိဘအလုပ်တွင် ၀င်ကူနေသည်ဟု ပြောပြထားသည်။သူမကို သူက မိုး ဟုလွတ်ခနဲ ခေါ်မိသွားသောအခါ သူမက ခပ်တိုးတိုးရယ်ပြီး နိုင် ဟု တောင် ပြန်ခေါ်သော ခပ်နောက်နောက် ကောင်မလေးဖြစ်သည်။သူစိတ်ထဲတွင် သူမသည် နတ်သမီးတစ်ပါးသာဖြစ်နေတော့သည်။

အပိုင်း(၃)
သူနှင့်ခင်မင်သော်လည်း သူမသူ့ကိုသာမန်ဆက်ဆံသော်လည်း ပုံမှန်သူငယ်ချင်းတွေ အခွင့်အရေးပိုပေးမိသည်။သူက ဘာလုပ်ချင်နေသည်ကို ထုတ်မပြောသော်လည်း သူမက အလိုလိုသိကာ ဖြည့်ဆည်းပေးတတ်သည်။သူ ကြိုက်တတ်သည်များကို ကြားရုံနှင့်မှတ်သားထားတတ်ပြီး သူ့ကိုလည်း အပြည့်အ၀နားလည်ပေးနိုင်လာသည်။သူမ သူ့ကို ချစ်မိနေပြီလားဟု တွေးလိုက်မိသောအခါ.........သူမတစ်ယောက်တည်းပြုံးမိသွားသည်။

သူမနှင့်တွေ့ရတော့မည် ဆိုသည့်အတွေးကို သူ့ရင်ကို ပိုခုန်စေသည်။ယနေ့ သူမကို သူ propose လုပ်ဖို့ ဆုံးဖြတ်ထားသည်။သူမထက်စောက ထူးထူးခြားခြား စောရောက်နေသောခြင်းက သူ၏ မငြိမ်သတ်မှုကို သက်သေထူနေလေသည်။`ထူးထူးဆန်းဆန်း စောလို့ပါလား´ဟု အပြုံးနှင့် နှုတ်သော သူမကို သူ ငေးကြည့်နေမိသည်။သူမက စွန်လွတ်နေရင်းနှင့်ပင် `နိုင် သာမသင်ပေးရင် ကျွန်မ ခုထိ စွန်လွတ်တတ်ဦးမှာ မဟုတ်ဘူး´ဟု လည်း ပြောသည်။သူမစွန်လွတ်ပြီးသည်ကို စောင့်ရင်း သူ့စိတ်တွေကို တည်ငြိမ်အောင် ထိန်းချုပ်နေရသည်။

`ပြန်ရအောင်။ဒီနေ့ မေမေက စောစောပြန်လာခိုင်းလို့´ဟု စွန်သိမ်းရင်း ပြောသော သူမစကားကြောင့် သူ့ရင်ဟာသွားလေသည်။သူမ နောက်နေ ကပ်လိုက်ရင်း ဆိုင်ကယ်နားမရောက်ခင် `မိုး´ဟု သူစိတ်လှုပ်ရှားစွာ လှမ်းခေါ်လိုက်သည်။သူမက နောက်လှည့်ကြည့်ကာ ပြော ဟူသော သဘောဖြင့် ခေါင်းညိတ်ပြသည်။`မိုးကို ချစ်တယ်´ဟု တိုးတိုးလေးပြောသော သူ့အသံက သူမကြားဖို့ လုံလောက်ပါသည်။သူမရင်တစ်ခုလုံး ၀ုန်းဒိုင်းကျဲကာ အိမ်ပြန်လာခဲ့သည်။စကားတစ်ခွန်းမှ ပြောမသွားသော သူမကို သူက မှင်သက်စွာကြည့်ရင်း နှုတ်ဆိတ်ကျန်ခဲ့လေသည်။

ထိုနေ့နောက်ပိုင်းမှ စကာသူမစွန်လာမလွတ်တော့ပေ။သူကတော့ သူမကို နေ့တိုင်းစောင့်နေရင်းနှင့်ပင် ရက်တွေက ကုန်ဆုံးလာခဲ့သည်။တစ်ပတ်တိတိပြည့်သောနေ့တွင် သူ သောင်ပြင်သို့ရောက်သောအခါ သူမစွန်လွတ်နေသည်ကို တွေ့ရလေသည်။ထို့နောက် `နိုင် လာလေ´ဟု ဘာမှ မဖြစ်သလို လှမ်းခေါ်လေသည်။သူက သူမ စွန်လွတ်တာကိုကြည့်နေစဉ် `နိုင် ....အခု လွတ်ထားတဲ့ စွန်မှာ အဖြေပါတယ်။လိုချင်ရင် ရအောင်သွားယူ´ဟု ပြောကာ စွန်ကြိုးကို ဖြတ်ပစ်လေသည်။သူရုတ်တရက်ကြောင်သွားပြီး နောက်မှ အသိဝင်ကာ စွန်နောက်ကို ပြေးလိုက်သည်။သူမကတော့ သူ့ကို ပြုံးကြည့်နေလေသည်။

အပိုင်း(၄)
သူစွန်နောက်ကို အပြေးလိုက်သည်။ဘယ်နေရာတွင် ပြန်ကျလာမည်မှန်းမသိလို့ သူမော့ကြည့်က အလောတကြီးကို လိုက်နေသည်။နည်းနည်းကြာသောအခါ စွန်ကလေးက တဖြည်းဖြည်းနှင့် အောက်သို့ကျလာသည်။သူ စွန်ကို လှမ်းကောက်ကာ စာကို ဖွင့်ဖတ်လိုက်တော့ ချစ်တယ်တဲ့။သူပြန်အလာကို သူမက စိတ်ရှည်စွာ စောင့်ပေးနေလေသည်။အဝေးကလာသော သူ့ကို သူမက ပြုံးကာ ကြည့်နေလေသည်။

နောင်များမကြာမီတွင် ညနေတိုင်းတွင် စွန်လွတ်နေသော အတွဲတစ်တွဲကို နေ့တိုင်းလိုလိုတွေ့ရသည်။ကောင်းကင်မှာ စွန်လေးနှစ်ကောင် ပျံဝဲနေသလို မြေပြင်တွင်လည်း ပျော်ရွှင်စွာ စွန်လေးကို ထိန်းနေရင်းနှင့်.................ဝေဟင်ထက်က စွန်ကလေးလိုပဲ သူတို့သည်လည်း လွတ်လပ်စွာ ပြုံးရယ်နေကြလေတော့သည်။

စာရေးသူ - ပန်းရင့်ရောင်~~~~~၃.၃.၁၀

စိတ်ဝင်စားသေးရင်...

Monday, March 1, 2010

လွမ်းလို့ကျန်ခဲ့သော စာမျက်နှာများ

mylovecafe က ဖွင့်လို့ရလိုက် မရလိုက် ဖြစ်နေလို့ ခံစားချက်များ စုစည်းရာ က ပို့တွေကို နှမြောလို့ ဘလော့ဒ်မှာ ပြန်တင်လိုက်တာပါ။ဖတ်ပြီးသားဖြစ်နေရင် တောင်းပန်ပါတယ်။
ဘ၀နှစ်ခု ညှိယူလို့မရလောက်အောင် ခက်ခဲနေပါတယ်။
အပိုင်း(၁)
ဘူတာကို ရထားဝင်လာကတည်းကပင် စိမ်းခဲ့ပြီးဖြစ်သောမန်းလေးကို ပြန်လည်လွမ်းဆွတ်လာမိသည်။ထို့အတူ ကြာခဲ့ပြီဖြစ်သော စာမျက်နှာဟောင်းတစ်ခုကိုပါ တွဲဖက်ကာလွမ်းမိသလိုလို……။မလာတာကြာခဲ့သော မန်းလေး အတိတ်မြို့လေးမို့ ခြေဦးလှည့်ဖို့တောင် မရည်ရွယ်ခဲ့သောမန္တလေးကို ကျွန်မတစ်ယောက် MSc တက်ဖို့ပြန်လာခဲ့လေသည်။

ကျွန်မနေဖို့ သူငယ်ချင်းတစ်ယောက်က ငှါးပေးသောတိုက်ခန်းသို့ လာခဲ့ရင်း လွန်ခဲ့သော ၅နှစ်လောက်က ကျန်ရှိခဲ့သော အမှတ်တရတွေကို ပြန်လည်တွေးဆနေမိသည်။ ၃နှစ်လုံး တွယ်တာလာသောသံယောဇဉ်တွေ အချစ်တွေက ရည်မှန်းချက်မတူသော ဘ၀တွေကြောင့် အလွယ်တကူလို့ပြောရလောက်အောင်ပင် ခဏတာအတွင်း ပျက်သုန်းကုန်လေသည်။


လမ်း၈၀ ဆေးကျောင်းနားတွင် ငှါးထားပေးသည်မို့ ဆေးရုံနှင့်ကော ကျောင်းနှင့်ပါမဝေးပေ။ထို့အတူ တစ်ချိန်က မောင်ဟု အို ယခုလည်းမောင်ပါပဲ နူးညံ့စွာခေါ်ခဲ့သော မောင့်တိုက်ခန်းလေးနှင့်လည်း သိပ်မဝေးပေ။မောင်သာ ကျွန်မကို တွေ့သွားရင်ဟု တွေးမိလိုက်တိုင်း ဘာရယ်မဟုတ်ပြုံးမိသွားသည်။မောင်မြင်လျှင် ကျွန်မကို ဘာပြောမလဲကြိုသိနေသော်လည်း ဒီနိုင်ငံမှာ ရှိမနေနိုင်တော့သော မောင့်ကိုတော့ ခဏလောက်ဖြစ်ဖြစ်တွေ့ချင်နေမိသည်။

ဆေးရုံလည်းဝင်ရ ကျောင်းလည်းတက်ရနှင့်မို့ မောင့်အကြောင်းပင် သိပ်မစဉ်းစာမိခဲ့ပေ။သို့သော် မမြင်နိုင်သောကံကြမ္မာက မောင်နှင့်ဆုံတွေ့ဖို့ကို ဖန်တီးပေးလိုက်လေသည်။မောင်နှင့်ပတ်သတ်ခဲ့သော အမှတ်တရများရှိသော နေရာများကို ပြန်သွားကြည့်ဖို့ စဉ်းစားထားသော်လည်း အလုပ်တစ်ဖက် ကျောင်းတစ်ဖက်နှင့်မို့ မသွားဖြစ်သေးပေ။သို့သော် Surgery နှင့်ပတ်သတ်သော စာအုပ်တစ်ယောက်ရှာစရာရှိသောကြောင့် နဂါးစာပေကို အချိန်အားသည်နှင့် သွားမိလိုက်သည်။ထိုအခါ ကျွန်မချစ်ရပါသောမောင် ကျွန်မကို လွမ်းနေအောင် ချန်ထားရက်သောမောင် အမှတ်တမဲ့ တွေ့လိုက်ရပါသည်။မမှားနိုင်ပေမဲ့ သေချာအောင်ကြည့်နေမိသည်။ထိုစဉ်မောင်က လှည့်အထွက် ကျွန်မကိုမြင်သွားသည်။ပထမဦးဆုံး မောင့်မျက်ဝန်းတွင် အံသြခြင်း နောက်သူရှိနေခဲ့ဖူးသောနေရာကို ပြန်လာကြည့်သည်ဟု ထင်သွားသော အရိပ်မယောင်များ နောက် အထင်သေးခြင်းတွေကို မြင်လိုက်ရသည်။မောင်နှင့်ဝေးခဲ့ဖို့ ဖန်လာတာလည်း လူတွေရဲ့ မျက်လုံးကို ဂရုစိုက်မိသော ကျွန်မ၏အကျင့်ကြောင့်ပင်။

မောင်က ကျွန်မရှိရာသို့တည့်တည့်မတ်မတ်လျှောက်လာပြီး
“မန်းလေးရောက်နေတာ ကြာပြီလား”
“ဆိုပါတော့။၂ပတ်လောက်ရှိပြီ”
“အဆင်ပြေလား”
“ပြေပါတယ်။မောင်ကော”
မောင်က ကျွန်မ“မောင်”ဟု သုံးလိုက်သည်ကို အနည်းငယ်အိုတိုးအန်းတန်းဖြစ်သွားပုံရသည်။
“ဒီလိုပါပဲ” ဟုမောင်က ပြန်ဖြေသံက အနိုင်ရသူတို့၏လေသံ။ကျွန်မမောင်ကို အရှုံးပေးခဲ့တာမဟုတ်ဘူးဆိုတာ မောင်သိသင့်ပါသည်။
“နိုင်ငံခြားမထွက်ဖြစ်ဖူးလား”
“ထွက်ဖြစ်ပါတယ်။မေမေနေမကောင်းလို့ ခဏလာတာ”
“အော်”
အေးလေ။ကျွန်မကိုတောင် ပစ်ပြီးရွေးခဲ့တာပဲ။ထွက်ဖြစ်မှာပါ။
“သွားတော့မယ်နော် မောင်”
“အင်း ဘယ်မှာတည်းတာလဲ”
“ဆေးကျောင်းနားမှာပါ” ဟုပြောပြီးလှည့်ထွက်လာခဲ့သည်။စာအုပ်လည်း မ၀ယ်ဖြစ်ခဲ့ပေ။

ပန်းရင့်ရောင်—–၄.၁၀.၀၉

အပိုင်း(၂)
ဆူညံစွာ ကလင် ကလင်နှင့် မြည်နေသော နိုးစက်သံကြောင့် ကျွန်မနိုးလာခဲ့သည်။အိပ်ရေးမ၀ပေမဲ့ မတတ်နိုင်ပေ။ကျောင်းတက်ရမည်။ဆေးရုံသွားရမည်။လုပ်စရာတွေပေါများစွာနှင့် ကျွန်မနံနက်ခင်းက သာယာနေလှသည်မဟုတ်။ကိုယ်လက်သန့်စင်ပြီးသောအခါ နံနက်စာစားပြီး ဆေးရုံသွားရန်ပြင်လိုက်သည်။ထို့နောက် တိုက်ခန်းသော့ပိတ်ကာ အောက်သို့ဆင်းလာပြီး ဆေးရုံဖက်သို့ ဦးတည်သွားစဉ် အမှတ်မထင် လူတစ်ယောက်ကို ထပ်တွေ့ရလေသည်။မောင်က “မေ က ဒီမှာ တည်းတာလား” ဟု နှုတ်ဆက်တော့ ကျွန်မက မင်သက်စွာပင် “အင်း” ဟု တစ်လုံးတည်းသာ ဖြေဖြစ်သည်။မေ ဟု ယခုမှပင် ခေါ်အားရှိတော့သည်ထင်သည်။
“အချိန်ရလားမေ တစ်ခုခုသွားစားကြရအောင်”
“မရဘူး မောင် ဆေးရုံသွားရတော့မယ်”
“ဆေးရုံ ဘာသွားလုပ်မှာလဲ လူနာသွားမေးမလို့လား” ဆရာဝန်က ဆေးရုံကို လူနာမေးဖို့ သွားရမှာလား ဟု ပြန်ပြောချင်ပေမဲ့ ကျွန်မမန်းလေးကို မောင်က အလည်လာတယ်ထင်လို့ မေးခြင်း ဖြစ်သောကြောင့် သည်းခံလိုက်သည်။
“ဂျူတီ ရှိလို့ပါ”
“အော် ဒါဆို မေအားတဲ့ အချိန် တစ်ခုခုပြောကြည့်လေ…ပြောစရာရှိလို့ တစ်နေရာရာသွားမှ ဖြစ်မှာ
“အင်း ည ၇ နာရီမှ အားတာ ဘယ်လိုလုပ်မလဲ”
“ရပါတယ် ဘယ်ကစောင့်ရမလဲ”
“မင်းသီဟကပဲ စောင့်ပါ နီးနီးနားနားပဲကောင်းတယ်”

မောင်နှင့် ညနေတွေ့မယ်ဆိုပေမဲ့ မောင့်ကို ပြောစရာ ဘာမှ ထွေထွေထူးထူး မရှိပေ။မောင်ပြောတာ နားထောင်ပေးလိုက်ရုံပင်။ဆေးရုံရော ကျောင်းမှာပါ မောင့်ကို တတ်နိုင်သလောက်မေ့ထားလိုက်သည်။မောင် နှင့်တွေ့ဖို့ အချိန်နီးလာလေလေ ရင်ခုန်လာလေလေလိုပင်။အချစ်ဆိုတာ အချိန်မရွေး နွေးထွေးနေပါလားနော်…….။
မောင် ဆီရောက်သွားတော့ ဆေးလိပ်ထိုင်သောက်နေသော မောင့်ကို တွေ့ရလေသည်။မောင်ကတော့ ဘာမှမပြောင်းလဲသေးပေ။ကျွန်မ အနံ့တောင် မခံနိုင်ပါဟု ပြောသောဆေးလိပ်ကို သောက်ဆဲပင်။
“ဘာပြောမလို့လဲပြောလေ”
“တစ်ခုခုမှာဦးလေ”
“ရတယ် ပြော နောက်ကျရင် မသင့်တော်ဘူး”
“ဒါဆိုလဲ ပြောတာပေါ့ မန်းလေးကို ဒေါက်တာ မေ၀င့်နိုင်က ဘာလို့ ပြန်လာတာလဲ” နည်းနည်းတော့ကြောင်သွားသည်။တမင်တကာ ဒေါက်တာပါထည့်ခေါ်မှန်းသိသာလှသည်။
“ဦး ဇင်မင်းမောင်ကို သတိရလို့ လာတယ်များမထင်နဲ့ ကျွန်မ MSc လာတက်တာ ရှင်းလား” ကျွန်မအသံ ဒေါသနည်းနည်းစွတ်ချင်စွတ်သွားမည်။သို့သော် မတတ်နိုင်ပေ။အလကားနေရင်း ပြသနာဖြစ်အောင် မေးနေသော မောင့်ကို အမြင်ကပ်လှပါသည်။မောင်မှာ သူမထင်ထားသော အဖြေကြောင့် အနည်းငယ် အံ့သြသွားပြီး
“အော် ဟုတ်လား မောင်ကတော့ ဒေါက်တာကြီးကိုလွမ်းလို့ ပြန်လာတာ” ဟု ပြန်ပြောလိုက်တော့ ကျွန်မအလွန်အံ့သြသွားသည်။ကျွန်မကိုတောင် စွန့်ပြီး ထွက်သွားခဲ့သောမောင်က ကျွန်မကိုလွမ်းလို့ ပြန်လာတယ်တဲ့။ဆက်လက်ပြီးမောင်က
“မောင် ဟိုရောက်တော့ မေကိုအရမ်းလွမ်းတယ်။သတိရတိုင်း အလုပ်တွေကြီးပဲ ပိလုပ်တယ်။စာတွေပဲ ဖိကျက်တယ်။အဲလိုနဲ့ ဖြတ်သန်းခဲ့တယ်ခုတစ်ခါက မေမေလည်း နေမကောင်းတာနဲ့ ပြန်ခေါ်တော့ မန်းလေးကိုပြန်လာခဲ့တာ။မေ့ဆီ ဖုန်းဆက်သေးတယ်။မေ မန်းလေးသွားတယ်လို့ပြောလို့ ဒီမှာလာစောင့်နေတာ။” စကားအရှည်ကြီးပြောပြီးတော့ မောသွားဟန်ဖြင့် လက်ဖက်ရည် ကောက်သောက်လေသည်။ကျွန်မအတန်ကြာ ငြိမ်သက်နေတော့ မောင်က “မေကော မောင်မရှိတဲ့ နှစ်တွေ ဘယ်လို ဖြတ်သန်းခဲ့လဲ။မာနတွေ ခဏဖယ်ပြီး အမှန်အတိုင်းပြောပါ။မောင်တောင်ပြောသေးတယ်။” ဟု ပြန်မေးလေသည်။
မောင်ထွက်သွားတုန်းက…………………………………………………………..။

လွမ်းလို့ ကျန်ခဲ့သော စာမျက်နှာများ မျှော်……….

ပန်းရင့်ရောင်~~~~~၂၁.၁၀.၀၉

အပိုင်း(၃)

လွမ်းလို့ ကျန်ခဲ့သော စာမျက်နှာများ

“မောင် နောက်ကို ကျွန်မမလိုက်နိုင်သေးမှန်းသိသိကြီးနဲ့ ဘာလို့ကျွန်မဘ၀ထဲကနေထွက်သွားချင်ရတာလဲ” တစ်ယောက်ထဲထုတ်နေမိတဲ့ မေးခွန်းပေါင်းများစွာတွေနဲ့ မောင်ထွက်သွားတာကို မယုံကြည်ခဲ့မိပေ။ရည်မှန်းချက်ချင်းလည်းမတူ ဦးတည်ချက်ချင်းလည်းမတူပေမဲ့ ညှိယူရင် ရရဲ့သားနဲ့ ကျွန်မနားက မောင်ထွက်ခွာသွားခဲ့သည်။မောင်ထွက်သွားတော့မည့်နေ့မှစ၍ ရေးမှတ်ထားသော ကျွန်မ၏အလွမ်းဒိုင်ယာရီမှာလဲ မျက်ရည်တွေနှင့်စိုစွတ်ခဲ့သည်။ကျွန်မဆရာဝန်ဖြစ်အောင် posting ကျအောင်တောင် မစောင့်နိုင်လောက်အောင်ပဲ မောင်ကျွန်မကို ရက်ရက်စက်စက် မန်းလေးမှာချန်ထားခဲ့ဖူးသည်။မောင်နဲ့ရောက်ဖူးသွားဖူးတဲ့နေရာတိုင်းကို မရောက်မိအောင်သတိထားနေပေမဲ့ ရှောင်လွဲလို့ မရခဲ့တဲ့နေရာတွေအများကြီး။မန်းလေးတစ်မြို့လုံးသွားစရာနေရာမရှိအောင် မောင်ကတော့ ကျွန်မကိုအမှတ်တရတောထဲမှာ ချန်ထားခဲ့သည်။ စာသင်ချိန်တွေ ဆေးရုံဆင်းနေရသောအချိန်တွေမှာ မောင့်ကိုသတိမရအောင် ထိန်းထားနိုင်ပေမဲ့ တစ်ယောက်တည်းရှိနေတဲ့အချိန်တွေမှာ မောင့်အကြောင်းမတွေးမိအောင် မထိန်းနိုင်ခဲ့ပေ။နေ့ရက်တွေတိုင်းမှာ အလွမ်းတွေလွင့်နေပေမဲ့ အပြင်မှာ မပေါ်လွင်အောင်ထိန်းချုပ်ခဲ့သည်။မောင်က ကျွန်မကို “မေဟာလေ အရမ်းသွေးအေးတဲ့ မိန်းမမျိုး” ဟုမှတ်ချက်ချဖူးတာကိုလည်း ခဏခဏသတိရမိသေးသည်။ရက်တွေကြာလည်နှင့်အမျှ အနည်ထိုင်သွားပေမဲ့ အလွမ်းစာမျက်နှာတွေက ဖွင့်နေဆဲပါ။ ကျွန်မပြောနေသည်ကို တိတ်ဆိတ်စွာ နားထောင်နေသောမောင့်ကို ကြည့်လိုက်မိသည်။မောင်က “ဒီတစ်ခေါက်တော့ မလွမ်းရအောင် မောင့်နောက်လိုက်ခဲ့တော့မယ်မလား” ဟု မေးသောအခါ ကျွန်မတိတ်ဆိတ်စွာပြုံးလိုက်သည်။မောင်က ထိုအပြုံးကို လိုက်လျောသောအပြုံးဟု သတ်မှတ်ကောင်းသတ်မှတ်ပေလိမ့်မည်။

ကျွန်မတို့တွေ့ဆုံပြီးသောနောက်တွင် မောင်နှင့်ကျွန်မ နောက်ထပ်ခဏခဏဆုံဖြစ်သည်။ကျွန်မစားနေကျဆိုင်တွင် မောင်က လာစားတာတို့ ကျွန်မဆေးရုံကအပြန်တွင် လာစောင့်တာတို့ပြုလုပ်ကာ တမင်မဆုံဆုံအောင် မောင်ပြုလုပ်တတ်လေသည်။ဒါပေမဲ့ ကျွန်မတို့နှစ်ယောက်ကြားတွင် စိမ်းကားမှု ရှိနေသည်ကို မောင်ကောကျွန်မပါသတိမထားမိပေ။ယခင်တုန်းက ညအိပ်ရာဝင်တိုင်း ရေးတတ်သည့်အလွမ်းဒိုင်ယာရီကိုလည်း ပိတ်ထားသည်မှာ နည်းနည်းပင်ကြာလာသည်။နောက်ထပ် ထပ်ပြီး အလွမ်းဒိုင်ယာရီဖွင့်စရာမလိုတော့ဟု ကျွန်မထင်ထားမိခဲ့သည်။သို့သော်……….။

“မောင် နောက်လကျရင် ပြန်သွားရတော့မယ်။မေ လိုက်မှာမဟုတ်လား” မောင့်အသံက တိုးညင်းပေမဲ့ ကျွန်မနားထဲတွင် ဆူပွတ်သွားသည်။ဟိုအရင်တုန်းက မောင့်နောက်လိုက်ရလျှင် ပြည့်စုံပြီဟုထင်ထားခဲ့သော်လည်း ယခုတော့…….။

“မောင် ကျွန်မပြောတာသေချာနားထောင်ပါ။ကျွန်မမောင့်နောက်မလိုက်နိုင်တော့ဘူး။အခုလည်းမလိုက်နိုင်သလို နောင်လည်း မလိုက်နိုင်တော့ဘူး။ကျွန်မမှာ ကျွန်မကို အားကိုးတကြီး မျှော်မှန်းထားတဲ့မိသားစုရှိသေးတယ်။ကျွန်မသာ မောင့်နောက်လိုက်သွားရင် မေမေတို့ ဘယ်လိုကျန်ခဲ့မလဲ။တစ်ဦးတည်းသောသမီး ဆရာဝန်တစ်ယောက်က အလုပ်ကနေထွက်ပြီး ချစ်သူနောက်ကောက်ကောက်ပါအောင်လိုက်သွားပါတယ်ဆိုတာ အမှန်ဆိုရင် မဖြစ်သင့်ဘူး။ပြီးတော့ ကျွန်မရည်မှန်းချက်တွေရှိသေးတယ်။ဆာဂျင်တစ်ယောက်ဖြစ်ဖို့ ပြီးတော့ ကျွန်မလုပ်ချင်တဲ့ ပရဟိတလုပ်ငန်းတွေ အရာရာတွေကိုမစွန့်လွတ်နိုင်သေးဘူး။မောင်တောင် ကျွန်မရှိတဲ့နေရာမှာ မနေနိုင်သေးတာ ကျွန်မက မောင်ရှိတဲ့နေရာမှာ ဘယ်လိုလုပ်နေနိုင်မှာလဲမောင်” ကျွန်မဆီက ဒီလိုစကားတွေကြားရလိမ့်မည်ဟု မထင်မှတ်ထားသော မောင့်မှာ ဘာပြောရမှန်းမသိအောင်ဖြစ်နေသည်။ဆက်လက်ပြီး

“မောင် က အရင်တစ်ခေါက်တုန်းက ကျွန်မကိုထားသွားခဲ့တယ်နော်။အခုတော့ မတူတော့ဘူး မောင့်ကို ကျွန်မချန်ထားခဲ့တာ။ပြီးတော့ ကျွန်မဟာအရင်တုန်းကလို ခေါင်းမာပြီး သွေးအေးနေဆဲပဲမောင်” ဟုပြောခဲ့ပြီးနောက်ပိုင်း မောင့်ကိုအရိပ်အယောင်မှ မတွေ့ရတော့ပေ။ နောက်ဆုံးတော့ ဖုန်တက်ခါနီးဒိုင်ယာရီလေးကိုဖွင့်ကာ မောင်နှင့်ပြန်ခွဲရသည့်နေ့ရက်တွေကို ပြန်မှတ်ရလေသည်။တကယ်တော့ အလွမ်းဆိုတာ စာမျက်နှာဖွင့်ပြီးသွားရင် ရပ်တန့်ဖို့ခက်သွားပါပြီ။တစ်ရွက်ပြီးတစ်ရွက်လှန်သွားရင်းနဲ့ ကျန်ခဲ့သောစာမျက်နှာတွေကလည်း အလွမ်းရနံ့ သင်းနေလေရဲ့။ အလွမ်းတွေနှင့်ပြည့်နှက်သော စာမျက်နှာတွေကို ကျွန်မဆက်လက်ဖွင့်နေဆဲပါဆိုတာ မောင် သိမှသိပါလေစ။

ပန်းရင့်ရောင်~~~~~~၂၃.၁၁.၀၉

လူတိုင်း လွမ်းလို့ ကျန်ခဲ့သော စာမျက်နှာများ မှ လွတ်မြောက်ပါစေဟု ဆန္ဒပြုလျက်

စိတ်ဝင်စားသေးရင်...