BLOGGER TEMPLATES AND TWITTER BACKGROUNDS

Wednesday, May 26, 2010

စကားလေးတစ်ခွန်း

အလုပ်များပြီး စာရေးဖို့ အချိန်မပေးနိုင်သေးတဲ့အတွက် ပို့စ်အဟောင်းလေးကို တင်ပြီးဆားချက်လိုက်ပါတယ်။


လူတစ်ယောက်ဆီက စကားတစ်ခွန်းကို သူမတမ်းတမ်းတတကြားချင်ခဲ့ဖူးသည်။
သို့သော် မကြားခဲ့ရ။
ကြားရန်မလိုအပ်သောအချိန်တွင် ထိုစကားကို သူမကြားခဲ့ရသည်။
ထိုအချိန်တွင် သူနှင့်သူမကြားတွင် တံတိုင်းတစ်ခုခြားနေလေပြီ။
ဒါပေမဲ့ သူမ သူ့ကို စကားတစ်ခွန်းတော့ လေးလေးနက်နက်ပြောခဲ့ချင်သည်။
အခန်း(၁)
(သူမ၏ရင်တွင် အချစ်စတင်မွေးဖွားခြင်း)
သူမသည် shopping ထွက်တတ်သူမဟုတ်ပေ။သို့သော် သူမယနေ့ သူမမြို့၏တစ်ခုတည်းသော စူပါမတ်ကတ်သို့ စိတ်ကူးပေါက်ပေါက်နှင့် ထွက်လာခဲ့သည်။သူမသည် ၀ယ်စရာရှိတာဝယ်ပြီး အထွက်တွင် လူတစ်ယောက်နှင့် မထင်မှတ်ပဲ တိုက်မိလေသည်။သူမလက်ထဲက အရာတစ်ခုက ပြုတ်ကျသွားသောအခါ သူမထံမှလည်း “သွားပြီ ”ဟူသော အသံထွက်လာလေသည်။ထိုအရာကား သူမကြိုက်လွန်းလို့ ခုတင်ဝယ်ခဲ့သော သဲနာရီ။သူက တောင်းပန်ကာ ပြန်ဝယ်ပေးမည်ဟု ပြောသော်လည်း သူမက ခေါင်းခါကာ ထွက်သွားလေသည်။
အိမ်ပြန်ရောက်သောအခါ သူမသည် သဲနာရီကို နှမြောတသ သတိရကာ သူ့ကိုပါ တွေးမိသွားလေသည်။ထိုအခါ သူမရင်ထဲတွင် နွေးကနဲ ဖြစ်သွားလေသည်။
အခန်း(၂)
အချစ်ဆိုတာ ဘာမှန်းရေရေရာရာ မသိသေးတဲ့အချိန်မှာ သူမ သူ့ကိုသတိရနေမိတယ်။သူ့နာမည် သူဘယ်သူဘယ်ဝါဆိုတာ မသိပဲနဲ့ သတိရနေမိတယ်။
တစ်ပတ်ခန့်အကြာတွင် သူမ စူပါမတ်ကတ်သို့ ထပ်အသွားတွင် တိုက်ဆိုင်စွာ သူနှင့် ထပ်ဆုံလေသည်။
သူကလည်း သူမကို မှတ်မိလေသည်။အပြန်တွင် သူက သူမကို သဲနာရီတစ်ခု ပြန်ပေးလေသည်။
ထိုအချိန်မှ စပြီး သူနှင့် သူမခင်မင်သွားလေသည်။
သူသည် သူမနာမည်ကို ရိပ် ဟုတစ်လုံးတည်းသာ အဖျားစွတ်ခေါ်လေသည်။
သူမထက် သူသည် ၁နှစ်ခန့်ပိုကြီးသော်လည်း ကလေးဆန်လွန်းလှသည်။
သူမက ဓါတုနောက်ဆုံးနှစ် တက်နေသော်လည်း သူကတော့ ကွန်ပြူတာနှင့် ကျောင်းပြီးသွားပြီဖြစ်သည်။
သူသည် သူမကျောင်းသို့ မကြာမကြာလာလည်တတ်သော်လည်း သူနှင့်သူမသည် သူငယ်ချင်းအဆင့်ထက်လုံးဝမကျော်လွန်သေးပေ။
သူမသည် သူနှင့်တွေ့ဆုံတိုင်း ရင်ထဲတွင် တစ်စုံတစ်ခု ဖြတ်စီးသွားသလိုခံစားရသည်။
သူမသည် သူနှင့်ပတ်သတ်သမျှ အမှတ်တရအားလုံးကို ရင်ခုံစွာ သိမ်းဆည်းထားသည်။
နောက်ဆုံးတွင် သူမထိတ်လန့်စွာ သိလိုက်ရသည်က သူ့ကို ချစ်နေမိပြီ ဆိုတာပဲဖြစ်သည်။
သူ၏မျက်ဝန်းတွေကို သူမ၏မတောက်တခေါက်ပညာနှင့် အမြဲတမ်းဖတ်ရှုနေခဲ့လေသည်။
သူမဘ၀တွင် အကြားချင်းဆုံးစကားဟုဆိုလျှင် သူ့ထံမှ............................။
ဇာတ်သိမ်းပိုင်း
စကားလေးတစ်ခွန်းကို သူ့ထံမှ တောင်းတချိန်တွင် မကြားခဲ့ရပေ။
သို့သော် မဖြစ်နိုင်တော့သော်အချိန်တွင်...............။
သူမ၏ သူငယ်ချင်းတစ်ယောက်က သူမကိုပြောဖူးသည်။
“ငါကို ချစ်နေတဲ့သူကို ငါက လည်းချစ်တယ်ဆိုရင် ဘယ်လိုအခြေအနေပဲရောက်ရောက် မဖြစ်နိုင်တော့ရင်တောင်
အရမ်းချစ်တယ် ဆိုတဲ့စကားတစ်ခွန်းတော့ ပြောဖြစ်အောင် ပြောလိုက်ဦးမယ်” တဲ့။
သူသည် မိုးသည်းထန်စွာရွာသောနေ့တွင် သူမကျောင်းသို့ ရောက်လာကာ
“ရိပ် ကိုယ် စကားနည်းနည်းပြောချင်လို့”ဟု ပြောလေသည်။ထို့နောက် “ရိပ် ကို ချစ်တယ်”ဟုပြောလိုက်ချိန်တွင်
သူမသည် လောကကြီးတွင် အပျော်ဆုံးလူသားဖြစ်သွားလေသည်။
သို့သော် သူ၏ နောက်ဆက်တွဲစကားကြောင့် သူမတွေဝေတွန့်ဆုတ်သွားသည်။
“ကိုယ့်ကို မိဘတွေက မိန်းမပေးစားတော့မယ် ရိပ်။ကိုယ်ရိပ်မခွဲနိုင်ဘူး။မနက်ဖြန်ကျရင် ရိပ် ကိုယ့်ကို အဖြေပေးပါ။
တကယ်လို့ ရိပ်ကိုယ့်ကို ချစ်တယ်ဆိုရင် ကိုယ်တို့ ထွက်ပြေးကြရအောင်” ဟူသော
သူ့စကားတွေကိုသာ သူမတွေးရင် ဘာလုပ်ရမှန်းမသိတော့ပေ။
နောက်ဆုံးတွင်...........
သူမ၏အဖြေကို သူက စိတ်ဝင်စားစွာ စောင့်ဆိုင်းနေလေသည်။
သူမက “ကိုသူ့ကို ချစ်တယ်။အရမ်းချစ်တယ်။ဒါပေမဲ့ မဖြစ်နိုင်တဲ့ အတွက် ရှေ့မတိုးနဲ့စို့။” ဟုပြောခဲ့သည်။
နောက်ဆုံးတော့ ချစ်လျှက်နှင့် ဝေးခဲ့ရသည်။
ဒါပေမဲ့ သူမကျေနပ်ပါသည်။
သူမပြောချင်သော စကားတစ်ခွန်းကို ပြောခွင့်ရလိုက်သောကြောင့် ဖြစ်သည်။
သင်တို့သည် သင်တို့ချစ်သောသူတစ်ယောက်ကို ချစ်တယ်ဟူသော စကားတစ်ခွန်းကို အလေးအနက်ပြောဖူးပါသလား။
ပြောခွင့်ရှိသောအချိန်တွင် ပြောထားကြပါ။
နောင်တစ်ချိန် ထိုစကားတစ်ခွန်းသည် အမှတ်တရဖြစ်နေပါလိမ့်မည်။
ကျွန်မသည်လည်း ကျွန်မချစ်သောသူကို စကားလေးတစ်ခွန်း ပြောချင်ပါသေးသည်။
စာရေးသူ - ပန်းရင့်ရောင်

စိတ်ဝင်စားသေးရင်...

Thursday, May 13, 2010

ဒီအတိုင်းလေးပဲ ချစ်နေမယ်



ဒီအတိုင်းလေးပဲ ချစ်နေမယ်
မေသူ၊အောင်လ

စိတ်ဝင်စားသေးရင်...

Monday, May 10, 2010

တမ်းတမိသော ကဗျာများ

ဆုံနိုင်ခွင့်
 
ကံကြမ္မာရယ်
အဲလောက်ထိ ကျီစယ်ဖို့မလိုပါဘူး......
သူနဲ့တွေ့ဖို့
ခက်ခဲနေရလား။
သူလာတိုင်း
အလုပ်ရောက်နေတော့
လက်မှိုင်ချပြန်သွားတဲ့
သူ့မျက်နှာ ခပ်နွမ်းနွမ်းကို
မြင်ယောင်မိတယ်။
စောင့်နေပြန်တော့လည်း
“သူ” မလာပြန်တော့
တွေ့ချင်လို့ မျှော်မိတဲ့
ကိုယ့်ကိုယ်ကိုပဲ
အပြစ်တင်မိတယ်။
ကံကြမ္မာရယ်
အဝေးမှာခွဲနေရတဲ့
သူနဲ့ကျွန်မကို
ဆုံနိုင်ခွင့်လေး
ပေးလှည့်ပါကွယ်......။

တစ်ပွင့်ပန်း
 
နောက်တစ်ခါ
မပွင့်နိုင်တော့တဲ့
အချစ်ပန်း....
တစ်ခါပွင့်ပြီး
ဘယ်တော့မှမညှိုးနိုင်တဲ့ပန်း
နောက်ထပ်မဖြစ်
သေဆုံးသွားတဲ့အချစ်
နားလည်မှု ပါချင်မှပါမယ်
သစ္စာတရား ကာရန်ပြီး
တစ်သက်မှာ တစ်ခါသာ
ရင်ထဲမှာ
တစ်ဦးတည်းအတွက်
မူပိုင်ပွင့်သော
တစ်ပွင့်ပန်း......။


မိုးတွေရွာနေဆဲ
 
မရွာလောက်ဘူးထင်လို့
ဘာမှကြိုတင်မကာကွယ်ခဲ့ဘူး…..
မပြောမဆိုနဲ့
ဖွဲဖွဲလေးစကျလာတော့လည်း
ဒီမိုးလောက်နဲ့
ဘာမှမဖြစ်ဘူး ထင်ခဲ့တယ်….
သည်းကြီးမဲကြီးရွာလာတော့မှ
ဘာလုပ်ရမှန်းမသိ
စိုရွဲကုန်တယ်။
သူ့ကိုစချစ်တုန်းက
အဲလောက်ချစ်လိမ့်မယ်
မထင်ခဲ့ဘူး….
ဒါပေမဲ့
ခုတော့ ရွာမဆဲ
တသဲသဲနဲ့
မဆုံးနိုင်တဲ့အချစ်တွေနဲ့
မောင့်ကိုချစ်နေမိပါပြီ။
ကျွန်မရင်မှာ
မောင့်ကိုချစ်တဲ့
အချစ်မိုးတွေရွာနေဆဲပါ…..။

အမှတ်တရက ခါးသည်

ဘယ်နေရာသွားသွား
ခြေချလိုက်တိုင်း
ခရေပွင့်တွေ
ကြွေနေသလို
အမှတ်တရချည်းပဲ.....
ခရေပွင့်နဲ့တူတဲ့
အမှတ်တရတွေကို
အရင်ကတော့
ပြုံးပျော်စွာပဲ
မင်းတို့နဲ့အတူ
နင်းလျှောက်ခဲ့ဖူးတယ်......
ခုတော့..
ခရေပွင့်တွေကိုကောက်ပြီး
ဒိုင်ယာရီထဲညှပ်ထားခဲ့ရတယ်.....
ငါ...အခု....
ခရေတွေကောက်နေတယ်
ခရေပွင့်လေးတွေမှာ
မင်းတို့ခြေရာတွေကျန်မလားလို့
နမ်းကြည့်လိုက်သေးတယ်.....
စူးရှတဲ့ခရေနံ့က
ကြာကြာရှူရင်
မူးတယ်....
အမှတ်တရတွေကလည်း
ကြာလာလေလေ
ခါးလေလေပဲ......
နောက်ဆုံးငါပြောလိုက်ချင်တယ်
မင်းတို့ကြားမလားလို့ပေါ့...
အမှတ်တရတွေက
ခါးတယ်ကွ......။


ဘာဝတ္ထုမှ ခေါင်းထဲမထွက်၊ထွက်လာတော့လည်း ရေးရတာ အဆင်မပြေသေးလို့ ဆားချက်တဲ့အနေနဲ့ ကျွန်မ ရေးခဲ့ဖူးတယ် ကဗျာတွေကိုပဲ ပြန်တင်လိုက်တာပါ။အပေါ်က (၃)ပုဒ်ကတော့ သက်တန့်ချိုလုပ်တဲ့ ကဗျာစာအုပ် `ပန်းပျိုးသူတို့ အလင်္ကာ´ ကဗျာစာအုပ်ထဲက ကဗျာတွေဖြစ်ပါတယ်။`မိုး´ဆိုတဲ့ ကျွန်မရဲ့ စာဖတ်ပရိသတ်လေးကို ဒီပို့စ်လေးနဲ့ ခဏနှစ်သိမ့်လိုက်ပါတယ်။ကျေနပ်ပါတယ်နော် :) ။

စာရေးသူ - ပန်းရင့်ရောင်

 




စိတ်ဝင်စားသေးရင်...

Wednesday, May 5, 2010

အယောင်ဆောင် ညနေခင်း

ကိုယ်တိုင်ပိုင်ဆိုင်တာ ဘာတစ်ခုမှ ရေရေရာရာ မရှိတဲ့ဘ၀ထဲကို တိတ်တဆိတ် တိုးဝင်လာတဲ့ ညနေခင်းလေးတစ်ခုအကြောင်းပေါ့။စိတ်ကူးယဉ်ဆန်ရင်ဆန်နေမယ် အိပ်မက်တစ်ခုလိုပဲ တိမ်ထဲမှာ လွင့်မျောရင် လွင့်မျောနေမယ်။တကယ်တော့ ဘ၀ဆိုတာ မျောနေတယ်တိမ်တိုက်တွေလို ပုံတွေပြောင်းသွားကြတာပါပဲလေ။ကျွန်မနားမှာလည်း လွင့်မျောနေတဲ့ တိမ်တိုက်တွေရှိနေတော့လည်း အမှတ်တရတိမ်တိုက်တွေဆီ အလွယ်တကူ ခုန်ကူးနေမိရင်း ဒီဘ၀မှာပဲ ကျင်လည်နေတာကြပါပြီလေ။

ဆည်းဆာအလှအပကို ခံစားဖို့ကို ကျွန်မ ဟိုးအရင်တုန်းက တစ်ခါမှ တွေးခေါ်ဖူးသူမဟုတ်သလို ကိုယ်တိုင်ခံစားဖူးဖို့လည်း မကြိုးစားမိပေ။စာစီစာကုံးခေါင်းစဉ်များထဲတွင် စိတ်ကူးယဉ်ဆန်ကာ သဘာဝအလှအပကို ဦးစားပေးသော ခေါင်းစဉ်များကို ကျွန်မအလွန်မုန်းတီးနေခဲ့ဖူးသည်။လက်တွေ့ကျမှဟူသော အတွေးတွေနဲ့ ခေါင်းမာစွာ ပြတ်သန်းလာခဲ့တဲ့ အချိန်ပေါင်းမြောက်များစွာကို အချစ်ဆိုတဲ့အရာက တွေဝေတတ်အောင် စိတ်ကူးယဉ်တတ်အောင် ပြီးတော့ နားလည်ပေးတတ်အောင် စွမ်းဆောင်နိုင်မယ်မှန်း ကျွန်မတကယ်ကို မသိခဲ့တာပါ။ညနေခင်းဆည်းဆာအလှကို ခံစားတတ်အောင်လည်း သင်ကြားပေးခဲ့သည်။

မောင်နှင့်ကျွန်မရင်းနှီးမှုမှာ ထူးထူးဆန်းဆန်းမဟုတ်ခဲ့ပေ။သူငယ်ချင်းတွေကြောင့်ခင်မင်ခဲ့ရသလို သူငယ်ချင်းတွေကြောင့်ပဲ ချစ်သူတွေ ဖြစ်သွားရသည်။ထိုအချိန်တုန်းက သူငယ်ချင်းတွေကြောင့်ပဲ ကွဲကြမယ်လို့ မထင်ခဲ့ဘူးလေ။နှစ်ဖက်အုပ်စုတောင့်ကြတဲ့ သူငယ်ချင်းတွေကို အခုထိအပြစ်မမြင်ပဲ ကျွန်မခင်နေတတ်ဆဲပါ။ကျွန်မက ဒီအရာတွေကို မောင်ချစ်တယ်လို့ ပြောရင် ချစ်တတ်အောင်ကြိုးစားရင်းနဲ့ပဲ ကျန်ခဲ့ရသူသတ်သတ်ပါပဲ။ဆည်းဆာကိုချစ်တယ်လို့ ပြောတဲ့မောင်ကြောင့် ညနေခင်းဆည်းဆာတွေကို ကျွန်မ လိုက်ခံစားကူပေးခဲ့ရတယ်။ညနေခင်းမှာ မောင်နဲ့အတူ ဆည်းဆာအလှကိုခံစားရင်းနဲ့ပဲ ပျော်ရွှင်နေတတ်ခဲ့သည်။ဒီနေလုံးနဲ့အတူ မောင့်ရဲ့အချစ်တွေ ပျောက်ကွယ်သွားမယ်လို့ ကျွန်မ ဘယ်တုန်းကမှ မထင်ခဲ့မိပေ။

ဒီလိုညနေခင်းမှာပဲ ကဗျာတွေကိုချစ်တယ်ဆိုတဲ့ မောင့်စကားကြောင့် ကျွန်မ ကဗျာတွေကို ချစ်တတ်အောင် ကြိုးစားခဲ့ဖူးသည်။သည်လို ညနေခင်းတွေမှာပဲ ကျွန်မတဖြည်းဖြည်းနူးညံ့လာခဲ့သလို တွေဝေတတ်လာသည်။ပြတ်သားပါတယ်ဆိုတဲ့ကျွန်မဟာ မောင့်ရှေ့မှာ အရာရာကို အလျှော့ပေးနားလည်တတ်တဲ့ မိန်းမတစ်ယောက်အဖြစ် ရပ်တည်ခဲ့သည်။ထက်လွန်းတယ်လို့ လုပ်ငန်းခွင်မှာ ဆေးရုံမှာ နာမည်ကြီးခဲ့သမျှ မောင်နဲ့ ကျတော့ ကျွန်မ အရည်အချင်းတွေ လွင့်စင်မတတ်ပင် ချစ်ခဲ့မိသည်။ထိုအရာတွေကို ကျွန်မ မှားနေသည်ဟု အခုချိန်ထိ နောင်တမရတတ်ခဲ့ပေ။ကျွန်မညနေခင်းတွေဟာ သာယာနေခဲ့သည်။မောင့်သူငယ်ချင်းဆိုတဲ့ သူမ မရောက်လာခင် အချိန်ထိကပေါ့။

ကျွန်မညနေခင်းတွေကို လုယူသူဟာ မောင့်သူငယ်ချင်းတစ်ယောက်ဖြစ်လိမ့်မည်ဟု ကျွန်မမထင်ထားခဲ့ပေ။ကျွန်မနှင့် မောင် စသိတုန်းက သူမက အဝေးတစ်နေရာရောက်နေလို့ မရှိခဲ့တာ ဆိုတဲ့အကြောင်းပြချက်လောက်နဲ့တင် ကျွန်မနားလည်ပေးနိုင်ခဲ့သည်။ကျွန်မအတွက်ပေးထားသော ညနေခင်းတွေကို မောင်ရောက်မလာခဲ့သည်ကိုလည်း ကျွန်မ လစ်လျူရှုပစ်ခဲ့သည်။သူမအတွက် အချိန်ပေးနေမှန်းသိသိနှင့်ပင် ကျွန်မ အလျှော့ပေးတတ်ခဲ့သည်။ငယ်ချစ်ဦး(အချစ်ဦး)နှင့် ကျွန်မကြားတွင် ဗျာများနေတတ်သော မောင့်ကို ကျွန်မကသနားလို့တောင်နေသေးသည်။ဒါတွေကြောင့်ပဲ ကျွန်မက မောင့်ကို စလမ်းခွဲမိတယ် ထင်သည်။ကျွန်မကို မချစ်မနှစ်သက်သော လူကို ကျွန်မ အနားကို ဆွဲမထားချင်ပေ။ကျွန်မ လမ်းခွဲမှုကို မောင်က အားနာသလို တောင်းပန်ချင်သလို အကြည့်တွေကလွဲပြီး ကျွန်မကို မသွားပါနဲ့လို့ ဆွဲမထားခဲ့ပေ။ဒီလိုနဲ့ပဲ..................။

`ကဗျာဆရာမကြီး´ဟူသော အသံကြောင့် ကျွန်မ တိမ်တွေကြားက ခုန်ဆင်းလိုက်သည်။မောင့်သူငယ်ချင်းတွေ(မောင်နှင့်သူမကလွဲလို့)နှင့် ကျွန်မသူငယ်ချင်းတွေ အားလုံးက ကျွန်မနှင့် အခုထိ ဆက်သွယ်နေကြတုန်းပင်။အခုလည်း သူတို့ကျွန်မဆီလာလည်ခြင်းဖြစ်သည်။တစ်ခါတလေ မောင်တို့အကြောင်းတစ်ခွန်းစ နှစ်ခွန်းစတော့ ပါတတ်သော်လည်း ကျွန်မကို အားနာလို့ထင်သည်။သိပ်တော့ မပြောကြပေ။သူတို့ကြောင့်သာ ကျွန်မညနေခင်းတွေက ခြောက်သွေ့မနေခြင်းဖြစ်သည်။ကျွန်မနှင့်အတူ မြစ်ဘေးနားသွားပြီး ဆည်းဆာကြည့်ကူတာတို့ မိုးရေထဲမှာ လျှောက်သွားကူတာတို့ မောင့်ကိုသတိရတိုင်း စိတ်ကူးပေါက်ရာ လုပ်ရင် လိုက်ထိန်းပြီး လုပ်ကူပေးတာတို့တွေကြောင့် အဲလောက်အထီးကျန်မနေတော့ပါ။

အခုတော့ အလုပ်ခွင်မှာ စရိုက်တစ်မျိုး အပြင်မှာ စရိုက်တစ်မျိုးနှင့် ကျွန်မနေထိုင်လျက်။အရာအားလုံးကို ကျွန်မမေ့ဖို့မကြိုးစားပဲနဲ့ မောင်ချန်ခဲ့သော အမှတ်တရတွေကြား ကျွန်မ တစ်လှမ်းချင်းလှမ်းလျှောက်နေဆဲပါ။အချစ်ဆိုတာ ဖန်တီးယူလို့ရမရမသိပေမဲ့ အတုအယောင်တွေပေးပြီး လှည့်စားတတ်မှန်း သိသိကြီးနှင့်ပင် ကျွန်မ အချစ်ကို ဖက်တွယ်နေဆဲပါ.........။

စာရေးသူ - ပန်းရင့်ရောင်
 

စိတ်ဝင်စားသေးရင်...

Saturday, May 1, 2010

လွတ်ကျခဲ့သော အိပ်မက်အပိုင်းအစများ

တိတ်ဆိတ်မှုနဲ့အသားကျနေကျ ကျွန်မပတ်ဝန်းကျင်ကို ဒီနေ့နံနက်က လှုပ်ခတ်ပစ်လိုက်မယ်မှန်းသိခဲ့ရင် အနည်းဆုံးတော့ ကျွန်မကြိုတင်ပြင်ဆင်နိုင်လိမ့်မယ်ထင်သည်။တကယ်တော့ သူနဲ့ပတ်သတ်လို့ ဘယ်တုန်းခါမှ ကြိုတင်ပြင်ဆင်ထားလေ့မရှိတာတော့ ကျွန်မအကျင့်အမှန်သာ ဖြစ်ပါလိမ့်မည်။ရာသီဥတုကလည်းကြည်ကြည်လင်လင် အိပ်ရေးဝစွာနိုးထခဲ့သော နံနက်ခင်းတစ်ခုက စာတစ်စောင်အတိအကျပြောရလျှင် မင်္ဂလာဖိတ်စာတစ်ခုက ကျွန်မအာရုံကိုနောက်စေခဲ့သည်။
လွတ်ကျခဲ့သော အိပ်မက်အပိုင်းအစများ
`ဘာ ငါနဲ့ လမ်းခွဲမယ် ဟုတ်လား နင်သေချာပြန်ပြောစမ်းပါဦး´သူရဲ့ ဒေါသသံအဆုံး `ဟုတ်တယ် လမ်းခွဲကြရအောင်´ဟု ကျွန်မရဲ့ခြောက်ကပ်ကပ်အသံက နည်းနည်းတုန်နေသည့်ကြားမှကိုပီသစွာ ထွက်လာသေးသည်။`ဘာကြောင့်လဲ နင့်ကို ငါ ဘာအမှားလုပ်မိလို့လဲ ဖြူ´သူ့အသံက အလောတကြီး ပြုတ်ကျလာပြန်သည်။`ဘာကြောင့်မှ မဟုတ်ဘူးနေ။နင်က ငါနဲ့ လက်ထပ်ချင်တာကြောင့်ပါ´ကျွန်မ စကားကို ခဏဖြတ်ပြီး သူ့ကို ကြည့်လိုက်တော့ သူက အသံမထွက်အောင် ဆဲနေသည်။`ငါတို့အရွယ်က လက်ထပ်သင့်တယ် အရွယ်မှန်း ငါသိပါတယ်။ဒါပေမဲ့ ငါ့မိသားစုဖက်ကတွေးရင် မတရားရာကျတယ်။ငါ့မိဘကို ဘာမှမပြန်မပေးနိုင် ကုန်ကုန်ပြောရရင်ဟာ ငါမိဘကျေးဇူးနည်းနည်းတောင် ပြန်မဆပ်နိုင်သေးဘူး။ပြီးတော့ ငါ့မှာ လုပ်ချင်တာတွေရော လုပ်စရာတွေရော ရှိသေးတယ်။နင့်ကို ထပ်စောင့်ခိုင်းရမှာ အားနာလာပြီ။ဒါကြောင့် ငါ လမ်းခွဲဖို့ကို ရွေးလိုက်တာ´ကျွန်မရဲ့အတ္တ တစ်ကိုယ်ကောင်းဆန်မှုတွေက ကျွန်မတို့နှစ်ယောက်အတွက် အနှောက်အယှက်မှန်းသိပေမဲ့ ကျွန်မမလျှော့နိုင်သေးဘူးလေ။
`နင့်ရဲ့ နားလည်မှုတရားတွေ ဘယ်ရောက်သွားတာလဲ ဖြူ။ငါ့တို့တွဲခဲ့ကြတဲ့ နှစ်တွေက နည်းတာမဟုတ်ဘူး။ပြီးတော့ ငါတို့ရဲ့သူငယ်ချင်း သံယောဇဉ်။ဒါတွေကို နင် တန်ဖိုးမထားတော့ဘူးလား။´သူ့ဘက်က အရာအားလုံးကို လွယ်လွယ်ကူကူနဲ့ မပြီးနိုင်မှန်း (အမှန်တော့ ကျွန်မဘက်ကလည်း လွယ်လွယ်နဲ့ ပြီးသွားတာမှ မဟုတ်တာ)ကျွန်မသိပေမဲ့ လောကမှာ ညှိလို့မရတာတွေလည်း အများကြီးလေ။`တန်ဖိုးထားပေမဲ့ အခြေအနေက မတူတော့ဘူးလေ။နေရဲ့မိဘတွေက အိမ်ထောင်ချပေးချင်နေကြပြီ။´သူ့ဘက်ကကြည့်ရင်လည်း သူ့မိဘတွေအပေါ်လွန်ဆန်ဝံ့သူမှ မဟုတ်၊ကျွန်မ သို့မဟုတ် တစ်ခြားတစ်ယောက်သော အမျိုးသမီးတစ်ယောက်ယောက်နှင့် အိမ်ထောင်ချပေးမည်မှာ မလွဲပေ။
`နောက်ဆုံးတစ်ခါပဲမေးမယ်။နင် တကယ်ပြတ်နိုင်လား ဖြူ´ကျွန်မ ခေါင်းအညိတ်မှာပဲ ကျွန်မတို့ နှစ်ယောက်ကြားမှ နံရံပါးပါးလေး ခြားသွားကြလေပြီ။တကယ်တမ်း ကျွန်မ မပြတ်သားနိုင်တာ ကျွန်မကိုယ်တိုင်သာသိသည်။ကျွန်မတစ်ယောက်တည်း ကောင်းကင်တွေပြိုပြီး ငိုခဲ့ရတာလည်း အကြိမ်ကြိမ်။ကြိုတင်ပြင်ဆင်ပြီး ခံနိုင်ရည်ရှိမယ် ထင်ခဲ့ပေမဲ့ ကျွန်မဟာ တကယ်တော့ ဘယ်တုန်းကမှ ကြိုတင်ပြင်ဆင်မှု မရှိခဲ့သူတစ်ယောက်သာ။
`နင့်ကို လာစေချင်တယ်´ဟူသော စာတစ်ကြောင်းနှင့် ဖိတ်စာတစ်ခုက ကျွန်မ အတွက် အာရုံနောက်စရာပင်။ဖိတ်စာကို ဖွင့်ဖတ်လိုက်တော့ သူယူမဲ့ အမျိုးသမီးက ဆရာဝန်တစ်ယောက် အတိအကျပြောရလျှင် ကျွန်မနှင့်ဆေးရုံတစ်ခုတည်း တာဝန်ကျသော သူတစ်ယောက်ဖြစ်သည်။ကျွန်မ အသက်မဲ့စွာရယ်လိုက်ရင်း `ဘာလို့ မသွားနိုင်ရမှာလဲ´ဟု ကြိုတင်အားတင်းလိုက်မိသည်။ဆေးရုံရောက်သောအခါ သူနှင့်သူ၏ဇနီးလောင်းတို့ကို တိုက်ဆိုင်စွာ တွေ့ရသေးသည်။
တကယ်တမ်း သူတို့မင်္ဂလာဆောင်သောနေ့တွင် ကျွန်မ မသွားနိုင်ခဲ့ပါ။တိုက်ဆိုင်စွာပင် ကျွန်မ ခွဲစိပ်ခန်းထဲတွင် ကေ့စ်ရှိ၍ အလုပ်များနေသည်။မင်္ဂလာလက်ဖွဲ့ကိုပဲ လူကြုံပါးခဲ့လိုက်သည်။တကယ်တော့ လွင့်ကျသွားခဲ့ကြတဲ့ အိပ်မက်တွေကို ကျွန်မတို့ စွန့်ခွာခဲ့မှုကြောင့် ဝေးခဲ့ကြတာပါ။အချစ်ဆိုတာ ကျွန်မအတွက် ဘ၀တစ်ခုမဟုတ်ခဲ့ပါ။ကျွန်မ ဘ၀အတွက် ကျွန်မသိပ်ချစ်သော မိသားစုအတွက် ကျွန်မ ဖြစ်ချင်သော အရာတွေအတွက် ကျွန်မ အချစ်ကို သိမ်းဆည်းထားလိုက်သည်ကို ဘယ်တော့မှ နောင်တရနေတော့မည်မဟုတ်ပါ။ကျွန်မကို အလွမ်းတွေနဲ့ ကျောချင်းကပ်နေသူဟု ပြောလျှင်လည်း စိတ်မဆိုးမိပေ။မှန်သည်လေ။အနည်းဆုံးတော့ ကျွန်မနောက်ပြန်လှည့်ကြည့်မှ အလွမ်းကို မြင်နေရမည်သာ။

စာရေးသူ - ပန်းရင့်ရောင်
(ဘာရေးချင်မှန်းတောင် ကိုယ့်ဘာသာ မသိလိုက်ဘူး။ခရီးက ပြန်ရောက်တာနဲ့ စာရေးချင်စိတ်ပေါက်လာလို့ လက်တမ်းချရေးကြည့်လိုက်တာ။ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်)

စိတ်ဝင်စားသေးရင်...