BLOGGER TEMPLATES AND TWITTER BACKGROUNDS

Wednesday, June 2, 2010

မပြောပြချင်သော စာမျက်နှာများ

သူငယ်ချင်းကနေ ချစ်သူဘ၀ကူးပြောင်းရခြင်းက သံယောဇဉ်ပိုခိုင်မာတယ်ဆိုပေမဲ့ ကျွန်မအတွက်တော့ မဟုတ်တာသေချာပါတယ်။သူနဲ့ ကျွန်မတို့က ငယ်သူငယ်ချင်းသံယောဇဉ် ပြီးတော့ အချိန်အကြာကြီးရင်းနှီးမှုတွေကနေ အစပျိုးခဲ့တဲ့ချစ်ခြင်းဆိုပေမဲ့ အတုအယောင် ၁၅၀၀ မေတ္တာသတ်သတ်သာ ဖြစ်နေပါတော့တယ်။နီးစပ်မှုကြောင့် စိတ်ကစားတာပါလို့ ပြောရအောင်ကလည်း ကျွန်မဘက်က သူ့ကို စိတ်ကစားလို့ ချစ်တယ်လို့ အဖြေပေးခဲ့တာမှ မဟုတ်တာလေ။ဒါပေမဲ့ သူနဲ့ ပတ်သတ်လာရင် သူငယ်ချင်းဘ၀ထဲက အရှုံးပေးအလျှာ့ပေးနေရင်းနဲ့ပဲ အချစ်အတွက်နဲ့ ကျွန်မနောက်ထပ်ကျဆုံးရတာပါပဲ။

အလွမ်းတွေအကြောင်း နိဒါန်းထပ်မပျိုးပေးပါနဲ့ဦး။ကျွန်မ၇င်ထဲက အရင်အလွမ်းတောင် မပြေသေးလို့ပါ။သူငယ်ချင်းမေတ္တာကနေ သမီးရည်းစားအဖြစ်ပြောင်းလဲမှုရဲ့ နောက်ဆက်တွဲကတော့ အခုအချိန်မှာ လမ်းမှာတွေ့ရင်တောင် နှုတ်ဆက်အပြုံးလေးတောင်မရနိုင်တော့ အခြေအနေပါ။တစ်ခါတရံများ သူ့ဆီက တစိမ်းဆန်ဆန် အပြုံးလေးများရလိုက်မိရင် သံယောဇဉ်အပိုင်းအစလေးများ ကျန်မလားလို့ ကျွန်မ ရှာကြည့်နေမိတတ်သေးတယ်။ဒါပေမဲ့ ကျွန်မရလိုက်တာကတော့ သူ့ဘေးနားမှာ အားကိုးမှီတွယ်စွာ ရှိနေတဲ့ သူနဲ့ ချစ်လှပါသော ဇနီးလောင်းနဲ့ သူနဲ့ အားနာတာကလွဲလို့ ဘာမှမတတ်နိုင်ဘူးဆိုတဲ့ အဓိပ္ပါယ်ပါတဲ့ မျက်ဝန်း..........။အရာအားလုံးနောက်ကျသွားတဲ့အချိန်မှာ ကျွန်မက သူ့ဘေးကနေ သူငယ်ချင်းဖြစ်ခွင့်တောင် ဆုံးရှုံးလိုက်ရပါတယ်။

 လွန်ခဲ့ပြီးသော အချိန်တစ်ခုအကြောင်း
ကျွန်မ မြစ်ကြီးနားမြို့ကို အပြီးအပိုင်ပြောင်းရွှေ့ရတော့မယ်ဆိုတုန်းက ကျွန်မမှာ ဘာစိုးရိန်ပူပန်မှုမှ မရှိပေ။ကျွန်မမှာ သူငယ်ချင်းများများစားစားမရှိတတ်တာကြောင့်လည်း ပါမည်ထင်သည်။သံယောဇဉ်တွယ်လျှင်လည်း အရမ်းတွယ်တတ်ပြီး လွယ်လွယ်နဲ့ မခင်တတ်သော ကျွန်မပတ်ဝန်းကျင်မှာ သူငယ်ချင်းရှားခြင်းက အဆန်းမဟုတ်တော့ပါ။သို့သော် တည်ငြိမ်နေသော ရေပြင်ကို ခဲလုံးပစ်ချလိုက်သလိုပဲ ကျွန်မဘ၀ထဲကို သူငယ်ချင်းဆိုတဲ့ ဝေါဟာရလေးကို သူက စတင်သယ်ဆောင်လာသူပင်။(အခုအချိန်မှာတော့ သယ်ဆောင်လာသူမှလွဲလို့ ကျန်သောသူငယ်ချင်းများက ကျွန်မဘေးနားတွင် သူငယ်ချင်းကောင်းတွေအဖြစ်ရပ်တည်ဆဲပါ)

အိမ်သစ်ခြံသစ်နှင့် အပြင်ပတ်ဝန်းကျင်......ထိုအရာတွေက ကျွန်မအတွက် သူစိမ်းဆန်နေဆဲပါ။ကျွန်မမြစ်ကြီးနားကို ရောက်တာ တစ်ပတ်ရှိပြီ ဖြစ်သော်လည်း ကျွန်မ ဘယ်သူနဲ့မှ မသိစကားလည်း မပြောဖူးသေးပေ။မမကတော့ ဘေးပတ်ဝန်းကျင်အကြောင်း နည်းနည်း တီးမိခေါက်မိတော့ ရှိနေလေပြီ။ကျွန်မ အချိန်အများစုကို ခြံထဲမှာ စာအုပ်ဖတ်ခြင်း အပင်ရေလောင်းခြင်း စသည်တို့ဖြင့်သာ ကုန်ဆုံးပစ်လိုက်သည်။ယခုလည်း ကျွန်မခြံထဲမှာ စာအုပ်ဖတ်နေတုန်း ကျွန်မအနားကို ဘောလုံးတစ်လုံးကျလာသည်။ထိုနောက် `ဟေ့ ဟေ့´ဟု ခေါ်သော အသံတစ်ခု။ကျွန်မတို့ဘေးခြံထဲတွင် ဘောလုံးကန်နေသော ကောင်လေးတစ်စု(နောက်မှ ကောင်မလေးတွေကော ပါမှန်းသိရသည်)ကခေါ်နေခြင်းဖြစ်သည်။ကျွန်မက ဘောလုံးကိုကောက်ပေးပြီး အိမ်ထဲဝင်ဖို့ အသွားတွင် `ငါတိုနဲ့ အတူမဆော့ချင်ဘူးလား။ပြောချင်တာက သူငယ်ချင်း မလုပ်ချင်ဘူးလားလို့ မေးတာပါ´ဆိုတဲ့အသံကြောင့် ကျွန်မ သူ့ကို စပြီးသတိထားမိသည်။အစကတော့ မခင်ချင်ဘူးလို့ ပြောလိုက်မယ် စိတ်ကူးထားပေမဲ့ နောက်တော့ သူ့မျက်လုံးထဲက အဖြူထည်သတ်သတ် ကို သဘောကျကာ စတင်ခင်မင်မိသည်။ထိုအဖြူသည်သတ်သတ်က နောက်တစ်ချိန်မှာ ကျွန်မနဲ့ သူ့ကြားက တံတိုင်းကြီးတစ်ခုဖြစ်လာပါတော့သည်။

သူတို့ သူငယ်ချင်းအုပ်စုနဲ့ စတင်ခင်ခဲ့တဲ့အချိန်က ရှစ်တန်းကဖြစ်သည်။သူအပါအ၀င် ယောက်ျားလေး ၄ယောက်နှင့် ကျွန်မအပါအ၀င် မိန်းကလေး၃ယောက်အုပ်စုကတော့ ကျောင်းတွင် နာမည်ကြီးဟုဆိုလောက်သည်။အားလုံးထဲတွင် စာအတော်ဆုံးနှင့် အအေးဆုံးဟု နာမည်ကြီးတော့ ကျွန်မကလွဲလျှင် ကျန်သူများက စွာလန်တေးများဖြစ်ကာ ကျွန်မကို အမြဲကာကွယ်ပေးတတ်ကြသည်။ခေါင်းမာသော်လည်း လူပုံက ပိုးဟတ်ဖြူမို့ အားလုံးက ဂရုစိုက်ကြသော်လည်း ကျွန်မက အမြဲအလျှော့ပေးတတ်သူ ပြိုင်မငြင်းတတ်သူတစ်ယောက်သာ။

အချိန်တစ်ခုကို ကျွန်မတို့ဖြတ်သန်းကြတာ ကြာမှန်းမသိအောင်ကြာခဲ့သလို သံယောဇဉ်ကလည်း တိုးပတ်ရစ်နှောင်တာ တစ်ထပ် တစ်ထပ်နဲ့ တင်းတင်းလာပါတယ်။ပြက္ခဒိန်တွေကို ခုန်ကျော်ပစ်လိုက်တာ နှစ်တွေဘာတွေတောင် ပြောင်းလို့ အဖြူရောင်လေးကို အရောင်ပြောင်းဖို့ အစလေးတောင်ဖြစ်လာတော့တယ်။ဆယ်တန်းကို ကောင်းကောင်းမွန်မွန် အောင်ခဲ့ပေမဲ့ ကျွန်မက institute တစ်ခုခု တက်ရတာထက် ရိုးရိုးမေဂျာတက်ရတာ ပိုစိတ်ဝင်စားတဲ့ ကျွန်မကို ကျွန်မအိမ်က သိပ်ခွင့်မပြုချင်ပေမဲ့ သူငယ်ချင်းတွေအားလုံးတူတူတက်မဲ့ ကိစ္စမို့ သဘောတူလိုက်ရသည်သာ။သို့သော် အရင်တုန်းကလောက်တော့ ကျွန်မအချိန်တွေ အားမနေတော့ပါ။သူငယ်ချင်းတွေနဲ့ ဆုံဖို့ အချိန်ကလွဲလျှင် ကျွန်မမှာ သင်တန်းတွေနဲ့ ပတ်ရှုပ်နေတတ်သည်။တစ်ခါတရံ သူက သင်တန်းဆင်းချိန်လာကြိုတတ်တာက လွဲလို့ ကျွန်မတို့ကြားမှာ တစ်စုံတစ်ခု ထူးခြားမှု မရှိခဲ့သေးပါ။

မိုးတွေ သည်းသည်းမဲမဲ ရွာတဲ့နေ့တုန်းကပေါ့။ကျွန်မတို့နှစ်ယောက် သူငယ်ချင်းဆိုတဲ့စည်းကို စဖောက်မိခဲ့ကြတာ။သူငယ်ချင်းအားလုံးကလည်း သဘောတူကြည်ဖြူကြပေမဲ့ ကျွန်မတို့ နှစ်ယောက် အ၇မ်းကြီးတွဲသွားတွဲလာ မလုပ်ကြတာတော့ အမှန်ပါပဲ။အဲတာတွေကလည်း သူနဲ့ ကျွန်မကြားက သူစိမ်းဆန်မှု အစလည်း ဖြစ်နိုင်ပါတယ်။သူငယ်ချင်းကနေ ရည်းစားဘ၀ ကူးပြောင်းခဲ့တာ ကြောင့်မို့ အခေါ်အဝေါ်တွေက ထွေထွေထူးထူးမဟုတ်ပဲ သာမန်သူငယ်ချင်းတွေလိုပါပဲ။သူပြောရင် ပြိုင်မငြင်းတတ်တာ၊ရပါတယ် နားလည်ပါတယ်ကို ဖောဖောသီသီသုံးပြီး အလျှော့ပေးတတ်တာတွေက သူ ကျွန်မကို ရက်စက်ဖို့အတွက် တွန်းအားတွေပဲလား.။

သူခြေလှမ်းတွေ စပျက်တုန်းကလည်း သိရဲ့သားနဲ့ကို မသိသလို ဟန်ဆောင်နေထိုင်ရင်းနဲ့ အပြုံးတောင်မပျက်ခဲ့ပါ။သူငယ်ချင်းတွေက ဘယ်လောက်သတိပေးနေနေ ကျွန်မ သူ့ကို ချည်နှောင်ထားဖို့ စိတ်ကူးကို မရှိခဲ့တာ။နောက်ဆုံးတော့ သူရဲ့ လမ်းခွဲစကားကိုတောင် တွန်းလှန်ပြောခြင်းမရှိခဲ့တာတွေကပဲ ပိုးဟတ်ဖြူဆိုတဲ့နာမည်နဲ့လိုက်အောင်ကို ပျော့ညံ့နေမိတာလား။သေချာတာကတော့ ကျွန်မသူ့ကိုအရမ်းချစ်တယ်ဆိုတာ တစ်ခုပါပဲ။အနေနီးစပ်မှု သူငယ်ချင်းတွေမြောက်ပေးမှု သူငယ်ချင်းသံယောဇဉ်ကို အထင်အမြင်မှားမှုတွေကြောင့် ချစ်တယ်လို့ ပြောမိခဲ့တာပါ ဆိုတဲ့သူ့ကို တစ်ခွန်းတော့ ပြန်ပြောလိုက်ချင်ပေမဲ့ ရင်ထဲမှာပဲ သိမ်းထားလိုက်ပါတယ်။`နင့်ကို ငါချစ်တာ ဘာမှ မပါဘူး´

သူရဲ့ စေ့စပ်ကြောင်းလမ်းပြီးစီးကြောင်းဆိုတဲ့ သတင်းစာမှာပါလာတဲ့ ဖြတ်ပိုင်းလေးကိုတောင် ကျွန်မအခုထိစာအုပ်ကြားထဲမှာ ညှပ်ထားတုန်း။သူငယ်ချင်းတွေက သူ့ကို သူငယ်ချင်းစာရင်းကနေ အပြီးအပိုင်ထုတ်ပစ်လိုက်ကြပေမဲ့ ကျွန်မရင်ထဲကနေတော့ သူက သူငယ်ချင်းအဖြစ်ကရော ချစ်ခဲ့ရသူအဖြစ်ကရော ထုတ်ပစ်လို့မရသေးပါ။အလွမ်းဆိုတာကို ပီပီပြင်ပြင် ခံစားလို့ မကုန်ခင်မှာ နောက်အလွမ်းတွေက ထပ်ထပ်နေတော့ revolution လို့ သုံးရမလား cyclic process လို့ သုံးရမလားတောင် မသိတော့ပါဘူး။လောလောဆယ်တော့ ရင့်ကျက်တည်ငြိမ်မှုဆိုတာလေးကြားထဲမှာပဲ ကိုယ့်ဘာသာသီးခြားရပ်တည်နိုင်မို့ ကြိုးစားရင်း ခံနိုင်ရည်ရှိဟန်ဆောင်ရင်းနဲ့ပဲ ကျွန်မ မပြောပြချင်တဲ့ စာမျက်နှာတွေက ကျွန်မနားမှာ ကျန်ရှိနေဆဲပါ။

စာရေးသူ - ပန်းရင့်ရောင်


စိတ်ဝင်စားသေးရင်...