BLOGGER TEMPLATES AND TWITTER BACKGROUNDS

Friday, July 2, 2010

အိပ်မက်ဆိုးတွင် လမ်းလျှောက်သူ

မိုးလေးဖွဲဖွဲရွာနေသည်ကိုကြည့်ရင်း စိတ်ညစ်သွားသည်။သည်အတိုင်းဆိုလျှင် အပြင်ထွက်လို့ရဦးမည် မဟုတ်ပေ။၃ရက်ဆက်တိုက် မိုးမတိတ်ပဲ ရွာနေသည်ဖို့ အိမ်တွင်းပုန်းနေရတာလည်း ပျင်းနေပြီ။အပြင်ကိုထွက်ပြီး လေကောင်းလေသန့်ရှူချင်ပြီ။သို့သော် ဒီမိုးနဲ့ ဘယ်လိုမှကို ထွက်မရသေးပေ။မိုးထိတာနှင့် နှာရည်ယိုတတ်သော ကျွန်မအတွက် မိုးရေထဲမထွက်မိတာတော့ မဆန်းပေ။တစ်ရေးတမောအိပ်လိုက် စာလေးရေးလိုက်နှင့် အချိန်တွေကို ကုန်ဆုံးပစ်လိုက်ရသည်ချည်းပင်။

ကျွန်မအိပ်ယာနိုးလာတော့ မိုးတိတ်နေပြီ။ရေချိုးပြီး ဆိုင်ကယ်လေးထုတ်ကာ အပြင်ကို ထွက်ခဲ့လိုက်သည်။သွားစရာနေရာကလည်း ရေရေရာရာမရှိတော့ ကရိမ်နော်ဘက်ကိုပဲ မောင်းလိုက်သည်။မြစ်ရေကလည်း တော်တော်တက်နေပေမဲ့ ရှုခင်းကကောင်းသည်။ကော်ဖီတစ်ခွက်ကိုမှာသောက်ရင်း chemistry note ထုတ်နေလိုက်သည်။လုပ်စရာလည်း ထွေထွေထူးထူးမရှိပေဘက်ည(၇)နာရီတွင် ကလေးတွေကို စာပြပေးရဦးမည်မို့ ကြာကြာနေလို့တော့ မရပေ။

နည်းနည်းကြာအောင်နေပြီး ပြန်ဖို့ စာအုပ်တွေသိမ်းလိုက်ရင်း ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။သူနှင့် ဆင်သော လူတစ်ယောက်ကို ဖြတ်ခနဲ တွေ့လိုက်ရသည်။ရယ်တာတွေ ဆံပင်ကိုထိုးဖွတာတွေ သူနှင့်တူသော မျက်နှာကျပုံချင်းတူသော ထိုသူကို ကျွန်မစိတ်လွတ်လက်လွတ်ငေးကြည့်နေမိသည်။ကိုယ့်စိတ်ကိုယ် ကို ပြန်ထိန်းလိုက်ကာ ပြန်လာခဲ့ပေမဲ့ စိတ်ကတော့ မကြည်တော့ပေ။အိမ်ပြန်ရောက်တော့ ဖေဖေကော မေမေပါ ပြန်ရောက်နေလေပြီ။“ဘယ်သွားလိုက်တာလဲ သမီး”ဟု မေမေ မေးသည်ကို “ဆိုင်ကယ်ပတ်စီးနေတာ”ဟုသာ ပြန်ဖြေလိုက်ပြီး အခန်းထဲဝင်ခဲ့သည်။ကျွန်မအာရုံတွေက လွန်ခဲ့သော နှစ်တွေဆီကို။

“နင် ဘာလို့ ဒီကျောင်းကိုရွေးတာလဲ”ဟူသော သူ့အမေးကို ကျွန်မ မဖြေချင်ပါ။ကျွန်မ၀ါသနာပါရာတွေက သူနှင့်ဆန့်ကျင်ဘက်တွေ ဖြစ်နေတတ်သည်။“နင့်အိမ်ကလည်း ခွင့်ပြုတာ အံ့သြပါတယ်”ဟု ကျွန်မကိုရော ကျွန်မမိဘတွေကိုပါ အပြစ်တင်နေသော သူ့ကို ကျွန်မ ဘာမှမပြောချင်ပေ။စိတ်ထဲမှာကတော့ “တစ်အိမ်လုံးဆရာဝန်တွေဖြစ်နေရင် မကောင်းတော့ဘူး”ဟု ပြောနေပေမဲ့ ထုတ်ပြောလိုက်ပြန်ရင်လည်း မိသားစုတွင် တစ်ဦးတည်းသော ဆရာဝန်ဖြစ်မဲ့ သူ့ကို့ စော်ကားသည်ဟု အကျအနအသေအချာကောက်ပေလိမ့်မည်။“နင် ဟိုရောက်ရင် ပျော်သွားမှာ။တစ်ချိန်လုံး သုန်မှုန်မနေနဲ့။ပြုံးပြုံးလေးနေ”ဟုသာ ပြောနိုင်သည်။

သူနှင့်ကျွန်မနှင့်က ငယ်သူငယ်ချင်းတွေ မိဘချင်းလည်းရင်းနှီးကြသော သူငယ်ချင်းတွေ။ပြိုင်ဘက်ကောင်းတွေလည်း ဖြစ်ရင်ဖြစ်နိုင်ပေသည်။စာတော်တာချင်းတူပေမဲ့ ရွေးချယ်မှုချင်းက မတူကြပေ။သူက ကျွန်မ အမှတ်တွေကို နှမျောပေမဲ့ ကျွန်မကတော့ မနှမျောပေ။ကျွန်မ ပတ်ဝန်းကျင်တွင် ကျွန်မထူးချွန်နေတာက အကောင်းပဲ မဟုတ်လား။သူ ဆေးကျောင်းသွားတက်နေစဉ်ကာလတစ်လျှောက်မှာ ဖုန်းပြောတာ စာရေးတာလောက်ကလွဲလို့ သူနေထိုင်သောနေရာကို ကျွန်မက တကူးတက မသွားဖြစ်ခဲ့ပေ။ထိုကြောင့် ဆရာဝန်တစ်ယောက်၏ ရွေးချယ်မှုက ဆရာဝန်တစ်ယောက်ဖြစ်လိမ့်မယ်ဆိုတာ ကျွန်မမသိခဲ့ပေ။

သူ တတိယနှစ်ပြီး အိမ်ခဏပြန်လာစဉ် ကျွန်မနှင့်သူ့ကို မိဘတွေကို စေ့စပ်ပေးခဲ့သည်။သူကတော့ သာလိမ္မာမို့ လက်ခံသာ ဖြစ်နိုင်သော်လည်း ကျွန်မက သူ့ကို ဟိုအရင်သံယောဇဉ်တွေကြောင့် လက်ခံခဲ့ခြင်းဖြစ်သည်။သူ့ကို ကျွန်မချစ်နေသည်ဆိုတာကိုတော့ ကျွန်မသိပေမဲ့ ကျွန်မကိုယ်ကျွန်မ သူငယ်ချင်းသံယောဇဉ်ဟု လိမ်ညာချင်နေတုန်းပင်။

အချိန်တွေကုန်တာ မြန်လှသည်။သူပင် ဟောက်ဆင်းနေလေပြီ။သူကျွန်မကို ချစ်မချစ်ကျွန်မမသိသလို ကျွန်မသူ့ကိုချစ်တာလည်း သူမသိပေ။သူ ဟောက်ဆင်းပြီးလျှင် မိဘတွေက လက်ထပ်ပေးဖို့အထိ စီစဉ်ထားပေမဲ့ တစ်ခုသောညနေခင်းတွင်
“ငါ နင့်ကို ပြောစရာရှိတယ်”ဟူသော သူ့စကားကြောင့် စိတ်ထဲမှာ နည်းနည်းတစ်မျိုးဖြစ်သွားသည်။
“အင်း ပြောလေ”
“ငါ့မှာ ချစ်သူရှိတယ်။သူက နင်နဲ့ စေ့စပ်ထားတာတွေ မသိဘူး။”
“ဒီတော့ နင်က ဘယ်လိုဖြစ်စေချင်တာလဲ”
“ငါတို့စေ့စပ်ထားတာကို ဖျက်ချင်တယ်။နင့်ကိုလည်း အားနာပါတယ်။ဒါပေမဲ့လေ ငါ သူ့ကို ချစ်တယ်”
ကျွန်မလောကကြီး အမှောင်ကျသွားသည်ထင်သည်။သို့သော် ကျွန်မ မာနက သူ့ကိုအရှုံးမပေးချင်ပေ။သူတောင် ကျွန်မကို စွန့်လွတ်ရဲလျှင် ကျွန်မကရော ဘာလို့ တွယ်တာနေရမလဲ။
“အိုကေလေ။နင်ကြိုက်သလို လုပ်နိုင်တယ်။” ကျွန်မတွင် ပြောစရာစကား ဒီထက်ပိုမရှိခဲ့တော့ပါ။ရက်အနည်းငယ်ကြာပြီးနောက် သတင်းစာတွင် ကျွန်မတို့၏ စေ့စပ်ကြောင်းလမ်း ဖျက်သိမ်းကြောင်းပါလာသည်။တကယ်တမ်းတော့ ကျွန်မခံနိုင်ရည်မရှိပါ။သို့သော် ဟန်ဆောင်နိုင်သေးသည်။သူ့မိဘတွေက ဒေါသပုန်ထကာ သူ့ကို ဆူဆဲနေပေမဲ့ တားတော့ မတားကြပေ။ကျွန်မတို့ကိုတော့ လာတောင်းပန်သွားသည်။နောက်ဆုံးတော့လည်း ကျွန်မတို့က အိပ်မက်ဆိုးတစ်ခုတွင် လမ်းလျှောက်နေသူတွေသာ။

အခန်းတံခါးခေါက်သံကြားမှ ကျွန်မ အတွေးတွေရပ်သွားသည်။“ထမင်းစားဆင်းခဲ့တော့”ဟု မမအော်သွားသံကြောင့် ပြုံးမိသေးသည်။ကျွန်မတွင် ကျွန်မကို အလွန်ချစ်သော ကျွန်မကလည်း အလွန်ချစ်သော ကိုယ်ပိုင်မိသားစုလေးရှိနေသရွေ့တော့ ကျွန်မဘ၀ကြီးက သာယာနေဦးမည်သာ။

ပန်းရင့်ရောင်

စိတ်ဝင်စားသေးရင်...