BLOGGER TEMPLATES AND TWITTER BACKGROUNDS

Tuesday, August 31, 2010

လက်တွဲဖော်

ကျွန်မ အချိန်တော်တော်ကြာအောင် မဆွေးနွေးမိတဲ့အကြောင်းက “အချစ်နဲ့အိမ်ထောင်ရေး” ဖြစ်မယ်ထင်တယ်။ ကျွန်မဘ၀တွင် အချစ်ကိုဆုံးရှုံးပြီးချိန်နဲ့ သစ္စာတရား ဖောက်ဖျက်မှုသည် ရှေ့ဆင့်နောက်ဆင့် ဖြစ်ပေါ်လာတယ်။ ဘ၀မှာ မရေရာတာတွေ အများကြီးပါပဲလေ။ ကျွန်မချစ်တဲ့လူတစ်ယောက်ကို “ချစ်တယ်”ဆိုတာလေးတောင် ပြောခွင့်မရပဲနဲ့ ဆုံးရှုံးခဲ့ဖူးတယ်။ သစ္စာတရား...။ ဟိုးအရင်က ကတိပြုခဲ့တဲ့အရာတွေကိုလည်း မိဘတွေသဘောတူထားတဲ့သူက ဖောက်ဖျက်ပစ်လိုက်တယ်။ ကျွန်မသိလိုက်ရတဲ့အချိန်က စေ့စပ်ကြောင်းလမ်းခြင်းကို ဖျက်သိမ်းခြင်းဆိုတဲ့ သတင်းစာထဲက စာပိုဒ်သေးသေးလေး။ နောက်ဆုံးတော့ ကျွန်မဘ၀မှာ ဘာများထပ်ဆုံးရှုံးစရာများ ကျန်ခဲ့သေးလဲ။

အတိတ်
ကျွန်မတို့ သိတဲ့သူငယ်ချင်းဆိုတဲ့ဝေါဟာရကနေ လက်တွဲဖော်ဆိုတဲ့ အလွန်ဝေးကွာတဲ့ ဝေါဟာရကို ပြောင်းသွားလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးလေ။နိုင်ဇော်ရော ကျွန်မရော တွေးမိမှာလည်း မဟုတ်ခဲ့ဘူး။ ကျွန်မတို့သိခဲ့ကြတာ ကျွန်မတို့သံယောဇဉ်က ဖြူစင်တယ်ဆိုတာပဲလေ။ နိုင်ဇော်အတွက် ကျွန်မဟာ တိုင်ပင်ဖော် တိုင်ပင်ဖက်ဖြစ်သလို ကျွန်မအတွက်လည်း အဲလိုပါပဲ။ ဒါပေမဲ့ ကျွန်မ Final part two (နောက်ဆုံးနှစ် အပိုင်း ခ ) ရောက်တော့မှ ကျွန်မနဲ့ နိုင်ဇော်ကို နှစ်ဘက်က မိဘတွေက လက်တွဲဖော်အဖြစ် ရွေးချယ်လိုက်တယ်။ နှစ်ယောက်စလုံး မိဘဆန္ဒကို မလွန်ဆဲပဲ ခေါင်းညိမ့်ခဲ့တယ်။ သတင်းစာထဲမှာ စေ့စပ်ကြောင်းလမ်းခြင်း ဆိုတဲ့စာပိုဒ်ကို ဖြတ်ပြီးတောင် ကျွန်မတို့ နှစ်ယောက်ရယ်မောခဲ့တယ်။ ကျွန်မတို့ဟာ ဖြူစင်ကြတယ်ဆိုပေမဲ့ လက်တွဲဖော်နဲ့ သူငယ်ချင်းက သိပ်မကွာဘူးလို့ပဲ တွေးမိကြတယ်။ တကယ်တမ်းတော့ ကိုယ်ချစ်တဲ့သူနဲ့ သူငယ်ချင်းဆိုတာဟာ မတူညီမှုနှစ်ခုပါပဲ။ အဲ့အချိန်တုန်းကတော့ တစ်ယောက်ကိုတစ်ယောက် သစ္စာမဖောက်ကြေးဆိုပြီး ကလေးဆန်ဆန် ကတိတွေပြုတုန်း..........။


တစ်ခါတရံ အချစ်ဆိုတာဟာ ပဉ္စလက်ဆန်စွာ ၀င်ရောက်တတ်တယ်လေ။ ကျွန်မ သူ့နဲ့စတွေ့တဲ့အချိန်က ကျွန်မ ဘွဲ့ရပြီးလို့ မန်းလေးကို အလည်သွားတဲ့အချိန်။ သူက မန်းလေးဆင်း၊ကျွန်မက မကွေးဆင်း။ same batch ဆိုပေမဲ့ ကျောင်းမတူတော့ မသိကြဘူး။ မန်းလေးကို ကျွန်မ ကျောင်းတုန်းက သူငယ်ချင်းတွေနဲ့ အလည်သွားတဲ့အချိန်မှာ သူနဲ့ စတွေ့ခဲ့တယ်။ ကိုယ့်အသိုင်းအ၀ိုင်းထဲကပဲဆိုတော့ ကျွန်မတို့နဲ့ သူနဲ့က ရင်းနှီးတာ မြန်ပါတယ်။ စကားပြောကောင်းတဲ့ သူ့ကို ကျွန်မသဘောကျပါတယ်။ ကျွန်မရင်ထဲမှာ သူနဲ့ ပတ်သတ်ပြီး တစ်မျိုးလေးခံစားရတိုင်း ကျွန်မ နိုင်ဇော်ကို အားနာနေမိတယ်။ ကျွန်မတို့ရဲ့ ဟိုအရင်က ဘာမှ မဟုတ်သလို ရယ်မောခဲ့ဖူးတဲ့ ကတိလေးတစ်ခုက ကျွန်မကို လေးလံစေခဲ့တယ်။ သူနဲ့ပတ်သတ်တဲ့ ခံစားမှုတွေကို ကျွန်မ တိတ်တဆိတ် ထိန်းသိမ်းထားချိန်မှာ သူနဲ့ ဆက်ပြီး ပတ်သတ်နိုင်စေတဲ့ အကြောင်းအရာတစ်ခုက ထပ်ပေါ်လာပြန်တယ်။ ကျွန်မရဲ့ ပထမဦးဆုံး တာဝန်ထမ်းဆောင်ရမဲ့ မြို့က မကွေးမြို့။ သူက မန်းလေး။ဒီတော့ ကျွန်မတို့နှစ်ယောက်က ပိုနီးလာပြီး နိုင်ဇော်နဲ့က ဝေးသွားသလိုပဲ။


ကျွန်မကိုယ်ကျွန်မ အမြဲတမ်း မလုံမလဲဖြစ်နေရတဲ့ ခံစားမှုကို ကျွန်မမုန်းပါတယ်။ သူနဲ့ ကျွန်မကြားမှာ စည်းတစ်ခုခြားနေမှန်း သိနေတော့ သူရော ကျွန်မပါ ရှေ့ဆက်မတိုးမိကြဘူး။ ကျွန်မဟာ ကျွန်မရဲ့အချစ်ထက် ကတိသစ္စာတရားကို ပိုပြီး အလေးထားမိတယ်။ နိုင်ဇော်ရော ကျွန်မအပေါ်ဘယ်လိုရှိမလဲ ကျွန်မ မတွေးမိဘူး။ နိုင်ဇော်လည်း ကျွန်မလိုပဲ တန်ဖိုးထားမယ်လို့ပဲ တွေးခဲ့ဖူးတယ်။ ကျွန်မ တာဝန်ကျတဲ့ နှစ်မှာ နိုင်ဇော်နဲ့ ဖုန်းအဆက်အသွယ်ပဲ ရှိခဲ့တယ်။ နိုင်ဇော်မှာ သူသိပ်ချစ်ရတဲ့ ချစ်သူတစ်ယောက်ရနေမှန်းလည်း ကျွန်မမသိခဲ့ဘူး။ သူကတော့ ကျွန်မဆီ သူငယ်ချင်းတစ်ယောက်လို ဖုန်းဆက်သွယ်တာ မကွေးရောက်ဖြစ်ရင် လာတွေ့တာကလွဲလို့ ဘာမှမထူးခြားခဲ့ဘူး။ သူရဲ့မထူးခြားမှုကို ကျွန်မဘက်ကပဲ ကျေးဇူးတင်နေမိတယ်။ သူနဲ့ ကျွန်မတို့ဟာ သူငယ်ချင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရှိနေပေမဲ့ စိတ်ထဲမှာက သူငယ်ချင်းမမဟုတ်မှန်းသိနေပေမဲ့လည်း ပိုင်ရှင်ရှိတော့မဲ့သူတစ်ယောက်အတွက် ဘာမှမထူးခြားတော့ဘူးလေ။


သစ္စာတရားဆိုတာက တစ်ယောက်တည်းထိန်းတိုင်း မပြတ်နိုင်တာမှ မဟုတ်တာ။ နှစ်ဦးနှစ်ဘက် ချိန်ခွင်လို ထိန်းနေနိုင်မှလေ။ နိုင်ဇော်ဘက်က ပျက်ကွက်မှုကို ကျွန်မသိလိုက်ရတဲ့အချိန်မှာ ကျွန်မရဲ့ အချစ်ကော ကျွန်မရဲ့ ဂုဏ်သိက္ခာတွေရော အကုန် မရှိတော့ဘူး။ သူက ကျွန်မကို ချစ်တယ်လို့ ဖွင့်ပြောတဲ့အချိန် ကျွန်မငြင်းခဲ့မိတဲ့နောက်ပိုင်းမှာ ကျွန်မအတွက် ကံဆိုးမှုတွေ ဆက်တိုက် ရောက်လာခဲ့တယ်။ ကျွန်မဂျူတီချိန် ရောက်လာတဲ့ ရဲနဲ့ မကင်းနိုင်တဲ့လူနာအတွက် စိတ်ပင်ပန်းရတာက တစ်မျိုး ကိုယ်ရေးကိုယ်တာကိစ္စက တစ်မျိုးနဲ့ စိတ်ဖိစီးနေတဲ့ကျွန်မ သတင်းစာထဲမှာပါလာတဲ့ စေ့စပ်ကြောင်းလမ်းခြင်းကို ဖျက်သိမ်းခြင်းဆိုတဲ့ ခေါင်းစဉ်ကြီးနဲ့ ကျွန်မလောကကြီးနဲ့ အဆက်အသွယ် ပြတ်သွားတယ်။ ကျွန်မဆေးရုံပေါ်မှာ တစ်ပတ်လောက် နေရတဲ့အချိန်မှာ ကျွန်မမှာ thrombocytopaenia ဆိုတဲ့ platelets count နည်းတဲ့ရောဂါရှိနေမှန်း ကျွန်မသိခွင့်ရလိုက်တယ်။ အနာတစ်ခုခုဖြစ်ရင် အကြာကြီးမပျောက်ပဲ ဖြစ်နေတတ်တာတွေကို အမှုမဲ့ အမှတ်မဲ့ နေမိတာကို ကျွန်မကိုယ်ကျွန်မ ကျိန်ဆဲနေမိလိုက်တယ်။ အသက်အန္တရာယ်နဲ့ ပုံမှန်ဆိုရင် မနီးပေမဲ့ သွေးထွက်သံယို ဖြစ်လို့ မရတဲ့ အခြေအနေမျိုး။

ပစ္စုပ္ပန်
ကျွန်မမှာ လက်ရှိအခြေအနေတွေ အားလုံးကို ရှောင်ရှားချင်တဲ့စိတ်နဲ့ တောင်ပေါ်မြို့လေးတစ်မြို့ကို အပြောင်းအရွှေ့လျှောက်လိုက်တယ်။ ကျွန်မ ဒီမြို့လေးမှာ နေရတာကို ပျော်ပါတယ်။ ကျွန်မအကြောင်း သိပ်မသိကြသလို ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာကို စိတ်ဝင်စားတဲ့သူ မရှိဘူး။ ဘာလို့ စေ့စပ်တာ ဖျက်သိမ်းတာလဲဆိုတဲ့ မေးခွန်းမေးမဲ့သူလည်း မရှိဘူး။ ကျွန်မကို ဆရာဝန်တစ်ယောက်ကလွဲလို့ ဘာမှ မသိတဲ့သူတွေကြားထဲနေရတာ ပျော်ပါတယ်။ တစ်ခါတရံ သူ့ကိုသတိရပါတယ်။ ဒါပေမဲ့ ကျွန်မ အိမ်နဲ့ကလွဲလို့ ဘယ်သူ့ကိုမှ ဆက်မသွယ်ခဲ့ဘူး။ ကျွန်မပတ်ဝန်းကျင်နဲ့ ဝေးချင်တယ်။ ကျွန်မ ခံစားခဲ့ရတာတွေကို အနယ်ထိုင်အောင် ကျွန်မစောင့်ချင်သေးတယ်။ ကျွန်မ လူတွေကို ရင်ဆိုင်ဖို့ အားမွေးရဦးမယ်။ လောလောဆယ်တော့ ဒီမြို့လေးက ကျွန်မကို လိုအပ်တယ်။ ကျွန်မကို လိုအပ်နေတဲ့နေရာမှာပဲ ကျွန်မရှင်သန်ချင်သေးတယ်။ ဘယ်နေရာမှာမဆို ကျွန်မကို ဆရာဝန်တစ်ယောက်အဖြစ် လိုအပ်နေမယ်မှန်း သိပေမဲ့ ကျွန်မချစ်တဲ့ မြို့လေးမှာပဲ ကျွန်မဘ၀ကို ကျွန်မ ကျေနပ်နိုင်ပါတယ်။
တကယ်တော့ လက်တွဲဖော်ဆိုတာ........အချစ်တစ်ခုထဲ သံယောဇဉ်တစ်ခုပဲ ကြည့်လို့မရပါဘူး။ ဘယ်လောက် သစ္စာခိုင်မြဲလဲပေါ်လည်း မူတည်ပါတယ်။ ကျွန်မရော သစ္စာခိုင်မြဲသလို သူလည်း သစ္စာခိုင်မြဲခဲ့မယ်ဆိုရင် ကျွန်မချစ်သောသူ့ကို ကျွန်မလက်တွဲဖော်အဖြစ် ရွေးချယ်မိပါလိမ့်မယ်။

အဆုံး

သူမ ပူတာအိုမြို့မှာ တာဝန်ကျနေမှန်း သူသိပါသည်။သူလည်း မြစ်ကြီးနားမှာ တာဝန်ကျနေပါသည်။ သူမရှိရာကို သူသွားချင်ပေမဲ့ သူမကတွေ့ချင်လိမ့်မည်မဟုတ်ဟု ထင်လို့ မသွားဖြစ်တော့ပါ။ သူမကို သူစောင့်မျှော်နေသေးသည် ဆိုတာကို သူမသိလျှင် သူမဘယ်လိုဆုံးဖြတ်မလဲ ဆိုတာကို သိချင်ပါသည်။


စာရေးသူ - ပန်းရင့်ရောင်

စိတ်ဝင်စားသေးရင်...